Latest News

Monday, December 4, 2017

ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်၍ သက်ဆိုင်သည့် နိုင်ငံများအားလုံး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန် တရုတ်တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်၍ သက်ဆိုင်သည့် နိုင်ငံများအားလုံး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန် တရုတ်တိုက်တွန်း

ပေကျင်း ဒီဇင်ဘာ ၎

ကိုရီးယားကျွန်းဆွယ် အရေးနှင့် ပတ်သက်၍ သက်ဆိုင်သည့် နိုင်ငံများအားလုံး အနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာကြရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ဒီဇင်ဘာ ၄ ရက်တွင် တိုက်တွန်းသည်။ ဝမ်ယီသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော မွန်ဂိုလီးယား နိုင်ငံခြားရေးဝန်ကြီး ဒမ်ဒင် ဆော့ဘာတာနှင့် ဆွေးနွေးပြီး နောက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ ထို့ပြင် မြောက် ကိုရီးယား၏ မကြာသေးမီက လုပ်ဆောင်သည့် ဒုံးကျည်စမ်းသပ်မှုအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် သုံးသပ်နေခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက ဝမ်ယီ၏ သုံးသပ်ချက်ကို မေးမြန်းသည်။

နှစ်လကြာတိတ်ဆိတ်နေခဲ့သည့် ကိုရီးယားကျွန်းဆွယ် အရေးသည် ယခုအခါ တင်းမာမှုများ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ယင်းကိစ္စတွင် ပါဝင်သော နိုင်ငံများ အားလုံးအနေဖြင့် တရုတ်နိုင်ငံ၏ တောင်း ဆိုမှုကို လျစ်လျူရှုခြင်းကြောင့်ဖြစ်ကြောင်း ဝမ်ယီကပြောသည်။

တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် အရေးကို ဖြေရှင်းနိုင်ရန် အဆိုပြုချက်များကို တင်ပြခဲ့ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် ယင်းကိစ္စတွင် ပါဝင်ပတ်သက်နေသော နိုင်ငံများအားလုံး လိုက်နာသင့် သည့် ဘုံစည်းမျဉ်းစည်းကမ်းဖြစ်ပြီး ထိုဆုံးဖြတ်ချက်များသည်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောထားကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း ဝမ်ယီက ဆက်ပြောသည်။

ဆက်လက်ပြီး တရုတ် နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ အားလုံးကို အပြည့်အဝ အကောင်အထည်ဖော် လိုက်နာခဲ့ကြောင်း၊ မြောက်ကိုရီးယား နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်ကို ကန့်ကွက်ကြောင်း၊ အလားတူ ကိုရီးယား ကျွန်း ဆွယ်တွင် တင်းမာမှုများ မြင့်တက်စေမည့် အပြုအမူများ အားလုံးကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဝမ်ယီကပြောထားသည်ဟု သိရသည်။

မြဝတီ

No comments:

Post a Comment