Latest News

Saturday, December 30, 2017

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည်

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်(MAEX) တို့ အကျိုးတူပူးပေါင်းတည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီးတွင် သစ်သီး လက်ကားဈေးရုံ၊ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားဈေးရုံ၊ တောင်သူလက်လီရောင်း (Ground Market ) ဈေးရုံကြီးသုံးရုံတို့ တည်ဆောက် ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ၂၆ ရက်က အကြိုဖွင့်လှစ်မှု ပြုလုပ်ခဲ့သည်။

ထို့အပြင် အဆိုပါဈေးကြီးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ၂၄ နာရီဖွင့်လှစ်သည့် ဈေးကြီးအဖြစ် ဆိုင်ခန်းများကို တရားဝင်ဖွင့်လှစ်ကာ စားသုံးကုန်ပစ္စည်းများ ရောင်းချတော့မည်ဖြစ်သဖြင့် ဈေးစီမံကိန်းနှင့် တည်ဆောက် ပြီးစီးမှုအပိုင်းများ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်သွားမည့် အခြေ အနေများ၊ လာရောက်ရောင်းဝယ်မည့် သူများအတွက် ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှုများ ပြုလုပ်ထားသည့် အပေါ် MAEXကုမ္ပဏီမှ CEO ဦးအောင်ကြီးနှင့် မြန်မာ့ သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ဒီဈေးကြီးရဲ့ စီမံကိန်းနဲ့ စတင်အကောင်အထည်ဖော်
ဆောင်ရွက်မှုကိုသိပါရစေ။

ဖြေ။ ။ ဈေးစတင်ဖြစ်ပေါ်လာပုံကတော့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ
လမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တညင်းကုန်း ကုန်စိမ်းဈေး မြေနေရာအပါအဝင် မြေ ၈၅ ဧက ပေါ်မှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အဆင့် မြင့်လက်ကားဈေးကြီး တည်ဆောက်ဖို့တင်ဒါခေါ်ယူခဲ့ပါတယ်။

အဲ့ဒီလို တင်ဒါခေါ်ယူတဲ့အခါမှာ ‘ဒဂုံအင်တာနေရှင်နယ်ဆိုပြီး ကျွန်တော်တို့ ကုမ္ပဏီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် မတ်လမှာ အဆင့်မြင့် လက်ကားဈေးကြီး တည်ဆောက်ဖို့အတွက်ဆိုပြီး ကျွန်တော်တို့ ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ချပေးခဲ့ပါတယ်။အဲ့ဒီလိုချပေးတဲ့အခါမှာ တင်ဒါစည်းမျဉ်း စည်းကမ်းအရ တင်ဒါအောင်တဲ့ ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပေး ရမယ်လို့ ပါတဲ့အတွက် ဒဂုံအင်တာနေရှင်နယ်လီမိတက်ဟာ ပထမဆုံး ၄၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ပြီးတော့ မြန်မာ အက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်(MAEX) အများ ပိုင်ကုမ္ပဏီကိုစတင်ဖွဲ့စည်းခဲ့တာပါ။ စတင်ဖွဲ့စည်းစဉ်က ရှယ်ယာံHOLDERS၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

အခုအချိန်မှာတော့ ရှယ်ယာ HOLDERS ပေါင်း ၂၂၇၄ ဦးနဲ့ အစုရှယ်ယာငွေကျပ် ( ၂၂ ဘီလီယံ)ကျော်နဲ့ ဒီဈေး ကြီးကို ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ဒီဈေးကို အဓိကအားဖြင့် ကျွန်တော်တို့က သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အပါအဝင် စားသောက်ကုန်တွေကို လက်ကားရောင်းဝယ် ဖြန့်ဖြူးဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ထားတဲ့ ဈေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဈေးတွေထဲမှာ အကြီးဆုံးဈေးကြီးဖြစ်ပါတယ်။

မေး။ ။ ဒီဈေးကြီးမှာ အဓိကအားဖြင့် ဘယ်လိုကုန် ပစ္စည်း တွေကို အရောင်း၊ အဝယ် ပြုလုပ်သွားမှာလဲ။ ဈေး တည်ဆောက်ထားမှုနဲ့ ပြီးစီးမှုအပေါ် ရှင်းပြပေးပါဦး။

ဖြေ။ ။ဒီဈေးမှာဆိုရင် ဈေးရုံကြီးပေါင်းရှစ်ရုံ ပါရှိမှာဖြစ်ပါတယ်။

အဲဒီဈေးရုံတွေကတော့ ဈေးရုံအမှတ်တစ် သစ်သီး လက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံအမှတ်နှစ်က ဟင်းသီး ဟင်းရွက်ပန်းမန်၊ စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီး ဟင်းရွက် ပန်းမန် တောင်သူလက်လီရောင်းဈေးရုံဖြစ်ပါတယ်။
ရုံအမှတ်လေးကတော့ ရာသီပေါ်သီးနှံ လက်ကားရောင်း ဝယ်ရေးဈေးရုံအပြင် နောက်ပိုင်းမှာ တင်ဒါစနစ်ကို ကျင့်သုံး ဖို့အတွက် တင်ဒါခန်းမတို့ အဲ့ဒီထဲမှာပါဝင်မှာဖြစ်ပါတယ်။ ရုံ အမှတ်ငါးကတော့ နှစ်ထပ်စားသောက်ဆိုင်တွေနဲ့ ပါဝင်ဖွဲ့စည်း ထားတဲ့ နှစ်ထပ်ဈေးရုံ ဖြစ်ပါတယ်။ ရုံအမှတ်ခြောက်မှာ ကတော့ အသင့်စားသုံးနိုင်တဲ့ သားငါးနဲ့ ငါးပိ၊ ငါးခြောက် ကုန်ခြောက်မျိုးစုံ ရောင်းဝယ်တဲ့ နှစ်ထပ်ဈေးရုံဖြစ်ပါတယ်။ ရုံအမှတ်ခုနစ်နဲ့ ရှစ်ကတော့ အအေးခန်းပါဝင်တဲ့ အလတ်စား ပွဲရုံပါ။ အကြီးစားပွဲရုံ လူနေဆိုင်ခန်း အဆောက်အအုံ နှစ်ခန်းတွဲ သုံးထပ်၊ လေးထပ်တို့အပါအဝင် ပွဲရုံအဆောက်အအုံ ၂ဝဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် Hyper Market တစ်ခုပါမယ်။ ဈေးကို လာရောက်တဲ့သူတွေ တည်းခိုနိုင်ဖို့ အဆင့်မြင့် ရှစ်ထပ်မိုတယ်တွေအပြင် စက်သုံးဆီရောင်း ဝယ်ရေးဆိုင်တစ်ဆိုင်ပါဝင်မယ်။ ဒီဈေးကြီးဟာဆိုရင် နိုင်ငံ တကာကို Export လုပ်ဖို့အထိ ရည်ရွယ်ထားတဲ့အတွက် ကြောင့် အသင့်ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကို ထားဖို့ အအေး ခန်းစက်ရုံ သုံးရုံလည်းပါဝင်သွားမှာဖြစ်ပါတယ်။

အခုလက်ရှိ PHASE-1 အနေနဲ့ကတော့ ဈေးရုံကြီး သုံးရုံ ပြီးစီးသွားပါပြီ။ ဒီဇင်ဘာ ၂၆ ရက်က အကြိုဆိုင်ခန်း ဖွင့်လှစ်မှု လုပ်ခဲ့ပါတယ်။ အဲဒီဈေးရုံတွေကတော့ ဈေးရုံ အမှတ်တစ် သစ်သီးလက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံ အမှတ်နှစ်က ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ စားဖိုဆောင်သုံးသစ်သီး ဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီးဟင်းရွက်၊ ပန်းမန် တောင်သူ လက်လီရောင်းဈေးရုံ ဖြစ်ပါတယ်။ အဲဒီမှာကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တွေအပြင် ပန်းမန်တွေကို ထုတ်လုပ်သူတွေနဲ့ လက်လီရောင်းတဲ့ သူတွေ တစ်ခါတည်း လာရောက်ရောင်းချနိုင်တဲ့ ဈေးရုံဖြစ်ပါ တယ်။ အဲဒီဈေးရုံ သုံးရုံထဲမှာဆိုရင် အမှတ်တစ်နဲ့နှစ် ဈေးရုံ တစ်ရုံစီမှာ ဆိုင်ခန်းအကျယ် (၅x၁၁) ပေ၊ (၅x၁၃)ပေ ဆိုင်ခန်းပေါင်း ၁၁၂ဝ နဲ့ ဈေးရုံအမှတ်သုံးဖြစ်တဲ့ တောင်သူ လက်လီရောင်းဈေးရုံမှာတော့ (၅x၅) ပေ၊ (၅x၈) ပေ ဆိုင်ခန်း ၃၃၆ဝ ရှိပါတယ်။ အားလုံးပေါင်း ဆိုင်ခန်း ၅၆ဝဝ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

မေး။ ။လက်ရှိပြီးစီးဖွင့်လှစ်တော့မယ့်အပေါ် ဈေးရောင်းချလို သူတွေအတွက် ဆိုင်ခန်းငှားရမ်းမှု အခြေအနေနဲ့ ဈေးစီမံကိန်း တည်ဆောက်မှုအပြီးသတ် ကာလကိုသိပါရစေ။

ဖြေ။ ။အခုပြီးစီးသွားတဲ့ ဈေးဆိုင်ခန်း ၅၆ဝဝ အနက်က ယခင် တညင်းကုန်း ကုန်စိမ်းဈေးဟောင်းမှာရှိတဲ့ ဈေးရောင်းချသူတွေအတွက် ဆိုင်ခန်းပေါင်း ၂ဝဝဝ ကို စာချုပ် ပါစည်းကမ်းအရ ယာယီဖယ်ထားပြီး ကျန်ရှိတဲ့ ဆိုင်ခန်းတွေ ကို အပြင်ကနေပြီး လာရောက်ရောင်းချမယ့် သူတွေအတွက် ဆိုင်ခန်းငှားရမ်းခွင့် ခွင့်ပြုခဲ့ပါတယ်။ ဆိုင်ခန်းလာရောက်လျှောက် ထားသူအတွက် ဆိုင်ခန်းပေါင်း ၂၅ဝဝ ကျော်ကို ငှားရမ်းခဲ့ပြီး ဆိုင်ခန်းငှားရမ်းခဲ့တဲ့သူတွေကို ဒီဇင်ဘာ ၂၆ ရက်က ဈေး စတင်ရောင်းချခွင့်ပြုခဲ့ပါတယ်။ ဆိုင်ခန်းငှားရမ်းခကိုတွက် ချက်ပြီး အမှန်တကယ်ဈေးဆိုင်ခန်း စတင်ဖွင့်လှစ်မှုကိုတော့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ရက်မှာ ဆိုင်ခန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် အခုလည်း တော်တော်များများက ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဈေးစီမံကိန်း ကြီး အားလုံးအပြီးသတ် ပြီးစီးမှုကိုတော့ ၂ဝ၁၉ ခုနှစ် နှစ်ကုန် ပိုင်းလောက် မျှော်မှန်းထားပါတယ်။ အခုလည်း ဆက်လက် ပြီးတော့ PHASE(1.1 )အကောင်အထည်ဖော် တည်ဆောက် မှုအဖြစ် ရာသီပေါ်သီးနှံ အဆောက်အအုံနဲ့ နှစ်ထပ်စားသောက် ကုန်ဈေးရုံ၊ အအေးခန်းပါဝင်တဲ့ အလတ်စားပွဲရုံ၊ သားငါးနဲ့ ကုန်ခြောက်မျိုးစုံ နှစ်ထပ်ဈေးရုံတွေကိုလည်း ဆက်လက်ပြီး တည်ဆောက် လျက်ရှိပါတယ်။ အမှတ်လေး ဈေးရုံဖြစ်တဲ့ ရာသီ ပေါ် သီးနှံဈေးရုံဆိုရင်လည်း နောက်တစ်လအတွင်းမှာ အပြီးသတ် တည်ဆောက်ပြီးစီးတော့မှာ ဖြစ်ပါတယ်။

မေး။ ။ဒီဈေးကြီးကို ဘယ်လိုဒေသတွေကနေ ကုန်စည် စီးဆင်းမှုတွေ အဓိကပြုလုပ်မှာဖြစ်ပါသလဲ။ လာရောက် ရောင်းဝယ်သူတွေအတွက်ကိုလည်း အဆင်ပြေအောင် ဘယ်လို စီစဉ်ဆောင်ရွက်ပေးထားပါသလဲ သိပါရစေ။

ဖြေ။ ။ ဒီဈေးကိုဝင်တဲ့ ကုန်ပစ္စည်းတွေကတော့ ရှမ်းပြည်နယ်
ဘက်ကလာတဲ့ စားသုံးကုန်တွေ၊ ဗမာကုန်လို့ ခေါ်တဲ့ နေပြည်တော်၊ ကျောက်ဆည်၊ လယ်ဝေးဘက်က စားသောက် ကုန်တွေ၊ ပြည်၊ သဲကုန်း၊ မှော်ဘီ၊ တိုက်ကြီးနဲ့ ဧရာဝတီ တိုင်းဒေသကြီးဘက်က စားသောက်ကုန်တွေ အဓိက ဝင်ရောက် ရောင်းချတာ ဖြစ်ပါတယ်။ ဒီဈေးကြီးမှာဆိုရင် အဆင့်မြင့် အမှိုက်သိမ်းစနစ်၊ ဈေးဧရိယာ တစ်ခုလုံးအတွက် ၂၄ နာရီ လုံခြုံရေးစနစ်တွေအပြင် ဈေးလာရောက် ရောင်း၊ ဝယ်သူ တွေအတွက် ကုန်စည်တွေ အတင်အချ အလွယ်တကူ ပြုလုပ်နိုင်ဖို့နဲ့ ယာဉ်ရပ်နားနိုင်ဖို့အတွက် ဈေးတည်ဆောက်ပုံ အရ ဈေးရုံတွေ ပတ်ပတ်လည်မှာ ယာဉ်ရပ်နားတဲ့ နေရာတွေ တည်ဆောက်ထားပါတယ်။ ယာဉ်အစီးရေ ၂ဝဝဝ ကျော် ရပ်နားနိုင်တဲ့ ကားပါကင်ရှိပါတယ်။ ဒါ့အပြင် ဈေးပတ်ပတ် လည်ကိုလည်း ကွန်ကရစ်လမ်းတွေ တည်ဆောက်ပေးထားပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားပါတယ်။ တောင်သူ လက်လီရောင်းသူတွေ အတွက်ဆိုရင်လည်း ဈေးရုံထဲအထိ ဝင်ရောက်ပြီး ကုန်ပစ္စည်းတွေ ချနိုင်တဲ့အထိ ပြုလုပ်ပေးထား ပါတယ်။ ဒါ့ကြောင့် ရောင်းဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်း သယ်ယူရတဲ့ အလုပ်သမားခကို သက်သာစေမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ လာရောက်ရောင်းချတဲ့ စားသောက် ကုန်တွေကို စားသုံးရန်သင့်မသင့် စစ်ဆေးပေးသွားမှာ ဖြစ်တဲ့ အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်ပစ္စည်းတွေ ကို ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူ တွေအတွက်ကိုလည်း လိုအပ်တဲ့ နည်းပညာ အကူအညီပံ့ပိုး ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဈေးက ကုန်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်များကို ရရှိစေမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် စိုက်ပျိုးထုတ်လုပ်ပြီး လာရောက်ရောင်းချတဲ့သူတွေအတွက်လည်း ဒီဈေးကြီးမှာ ပွဲရုံတွေရှိတဲ့အပြင် ကိုယ်တိုင်လာရောက် ရောင်းချနိုင်မှာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ တန်ဖိုးမြင့်တဲ့ ဈေးတွေရရှိသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဒီဈေးကြီးမှာ လာရောက် ရောင်းချတဲ့ ကုန်ပစ္စည်းတွေအတွက်ကိုလည်း အအေးခန်း စနစ်ကိုလည်း ရည်ရွယ်ထားပါတယ်။ အဓိကကတော့ Export လုပ်ငန်းလုပ်တဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ တဖြည်းဖြည်းနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသောက်ကုန်ပစ္စည်းတွေ အတွက် Export လုပ်နိုင်တဲ့ အလားအလာတွေ ပိုပြီးတော့ ကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်း-ဇော်ကြီး (ပဏီတ)မြန်​မာ့အလင်း

No comments:

Post a Comment