Latest News

Friday, December 15, 2017

ကျိုက်ထီးရိုး စေတီတော် ကေဘယ်လ်ကား စတင်ပြေးဆွဲ

ကျိုက်ထီးရိုး စေတီတော် ကေဘယ်လ်ကား စတင်ပြေးဆွဲ

ကျိုက်ထို ဒီဇင်ဘာ ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်ဖူးမြော်သည့် ဘုရားဖူး လာပြည်သူများ အဆင်ပြေ စေရေးအတွက် ပထမဆုံး ဆောင်ရွက်သော ကေဘယ်လ် ကားပြေးဆွဲမှုကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ဖွင့်ပွဲ အထိမ်းအမှတ် အနေဖြင့် ဘုရားဖူး လာပြည်သူများအား အခမဲ့ တစ်ရက်တာ လိုက်ပါစီးနင်းခွင့် ပြုခဲ့ကြောင်းသိရသည်။ ''ဖွင့်ပွဲပြီးသွားတာနဲ့ အများပြည်သူတွေကို အခကြေးငွေ မယူဘဲ တစ်ရက်လုံး မောင်းနှင်ပေးတာပါ။

 နောက်ပိုင်းရက်တွေမှာ ဆိုရင်တော့ နံနက် ၆ နာရီကနေ ည ၆ နာရီအထိဖွင့် လှစ်ပြေးဆွဲပေးသွားမယ်။ ကေဘယ်လ်ကား စီးနင်းနေတဲ့ အချိန်မှာလည်း အများပြည်သူ လုံခြုံစွာ စီးနင်းလိုက်ပါနိုင်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။ စီးမယ့်သူတွေမှာ အထုပ်အပိုးတွေ ပါရင်တော့ နည်းနည်းခက်ခဲမှာပေါ့။ အဆင်ပြေနိုင်တာက တည်းခိုမယ့် နေရာကိုရောက်ပြီးမှ အပျော်တမ်း အနေနဲ့ရှုခင်းတွေ ကြည့်မယ်။ ဘုရားတွေ ဖူးမယ်ဆိုရင်တော့ ပိုအဆင်ပြေနိုင်မှာပါ'' ဟု Sky Asia ကုမ္ပဏီမှ Safety & Security Officer ကိုနောင်ရဲအောင်က ပြောသည်။ ကောင်းကင်ကေဘယ်လ်ကား စီးနင်းမည့် ဘုရားဖူးလာပြည်သူများ အနေဖြင့် ကျိုက်ထီးရိုးတောင်ခြေမှ ရသေ့တောင်အထိ တောင်တက်ကားဖြင့် တက်ရောက်ပြီး ရသေ့တောင်မှ တစ်ဆင့် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်အထိ ကေဘယ်လ်ကားဖြင့် တက်ရောက်နိုင်မည်ဖြစ်သည်။ ''ကေဘယ်လ်ကားကို တစ်ခါမှ မစီးဖူးဘူး။ ဒီနေ့မှာ အခမဲ့စီးရတော့ လာစီးကြည့်တာ ကြောက်လည်းကြောက်တယ်။

ရင်လည်းခုန်တယ်။ ပျော်လည်းပျော်တယ်။ နောက်တစ်ခေါက် ကျိုက်ထီးရိုး ရောက်ဖြစ်ရင်တော့ လာစီးဦးမှာပါ''ဟု ဘုရားဖူးလာ ပြည်သူတစ်ဦးက ပြောသည်။ ကေဘယ်လ်ကား တစ်တွဲလျှင် လူရှစ်ဦးအထိ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ၈ မိနစ်မှ ၁၅ မိနစ်အတွင်း ကြာမြင့်မည်ဖြစ်ပြီး တစ်နေ့လျှင် လူဦးရေ ၂ဝဝဝဝ အထိ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီးနင်းခအနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် ဒေါ်လာ ၁ဝ နှင့်မြန်မာနိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ သတ်မှတ်ထားကြောင်း၊ ကေဘယ်လ်ကား လိုက်ပါစီးနင်းနေစဉ် ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ခြေများအတွက် စီးနင်း လိုက်ပါသူများ၏ အသက်အာမခံကို IKBZ နှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကေဘယ်လ်ကား စီမံကိန်းအား Sky Asia ကုမ္ပဏီက ၂ဝ၁၅ ခုနှစ်မှ စတင်၍ ကျိုက်ထီးရိုးတောင် ဘေးမဲ့တောမြေ ၁၃ဒသမ ၅ ဧကပေါ်၌ အမေရိကန် ဒေါ်လာသန်း ၂ဝ ကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment