Latest News

Tuesday, December 5, 2017

ဟင်္သာတမြို့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိုင်ခန်းများကိစ္စနှင့်ပတ်သက်၍ ဆိုင်ခန်းရှင်များ၏ တင်ပြချက်နှင့် ကွဲလွဲစွာ ဌာနမှ မှတ်တမ်းတင်ခဲ့ခြင်းအပေါ် ဆိုင်ခန်းရှင်များ ကန့်ကွက်

ဟင်္သာတမြို့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိုင်ခန်းများကိစ္စနှင့်ပတ်သက်၍ ဆိုင်ခန်းရှင်များ၏ တင်ပြချက်နှင့် ကွဲလွဲစွာ ဌာနမှ မှတ်တမ်းတင်ခဲ့ခြင်းအပေါ် ဆိုင်ခန်းရှင်များ ကန့်ကွက်

ဟင်္သာတ ဒီဇင်ဘာ ၅

ဟင်္သာတမြို့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိုင်ခန်းများကိစ္စနှင့်ပတ်သက်၍ ဆိုင်ခန်းရှင် များ၏ တင်ပြချက်နှင့်ကွဲလွဲစွာ ဌာနမှ မှတ်တမ်းတင်ခဲ့ခြင်းအပေါ် ဆိုင်ခန်းရှင်များက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကန့်ကွက်စာတင်ခဲ့ကြောင်း သိရသည်။

မြေငှားခကို ဆိုင်ခန်းငှားခအဖြစ် အသွင်ပြောင်းကာ ဆိုင်ခန်းများအား ငွေကြေးတိုးမြှင့် ကောက်ခံ မည့်အပေါ် ကျေနပ်မှုမရှိသဖြင့် ဆိုင်ခန်းရှင်များက အစိုးရအဖွဲ့ထံ တင်ပြမှုရှိခဲ့ပြီးနောက် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှအကြီးအကဲများ လာရောက်တွေ့ဆုံခဲ့သည့်အစည်းအဝေးတွင် တင်ပြချက် များကို မှတ်တမ်းတင်ရာ၌ ကွဲလွဲမှုများရှိနေခြင်းဖြစ်သည်။

“အစည်းအဝေးမှတ်တမ်းကို တစ်ပတ်လောက်ကြာပြီးမှ ရတယ်။ ဆိုင်ခန်းရှင်တွေ ဆွေးနွေးတဲ့ အချက်နဲ့ကွဲလွဲနေတာတွေ့ရလို့ မနေ့က စာတင်တော့လက်မခံဘူး။ အထက်အဆင့်ဆင့် ကို တင်ပြပြီးဖြစ်လို့ ပြင်ဖို့မလွယ်ဘူးလို့ပြောတယ်။ လူကြီးတွေဆီ ဆက်လက်တင်ပြတဲ့  အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဆိုင်ခန်းရှင်တွေရဲ့ တင်ပြချက်နဲ့ကွဲလွဲရေးသားထားတာကြောင့် အခြေအနေမှန်ကို စာနဲ့တင်ပြ တာကို လက်မခံရင် ဒေသအာဏာပိုင်တွေဆီ အသိပေးသွားမယ်ဆိုတော့မှ စာကို လက်ခံတယ်”ဟု ဆိုင်ခန်းရှင် တစ်ဦးဖြစ်သူ ဦးတင်ရီ ပြောကြားသည်။

အစည်းအဝေးမှတ်တမ်းအပိုဒ်(၄)၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အနာဂတ်အစီအစဉ် များတွင် ဆိုင်ခန်းများအား ဖျက်သိမ်း၍ အဆင့်မြင့်အဆောက်အဦးများ ဆောက်လုပ်မှုများရှိပါက လက်ရှိဆိုင်ခန်းပိုင်ရှင်များက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကိုလည်း ခွင့်ပြုစေလိုကြောင်း ၀ိုင်းဝန်း ဆွေးနွေးကြပါသည်ဟု ဖော်ပြထားခြင်းမှာ ဆိုင်ခန်းရှင်များ၏ တင်ပြချက်နှင့် ကွဲလွဲနေကြောင်း သိရ သည်။

အဆိုပါအစည်းအဝေး၌ ဆိုင်ခန်းရှင်များ၏ တင်ပြမှုမှာ ထိုသို့မဟုတ်ဘဲ အနာဂတ်စီမံကိန်း အစီအစဉ်များတွင် နိုင်ငံတော်အဆောက်အဦးဆောက်လုပ်ရန် နိုင်ငံတော် ဘတ်ဂျက်မှ ကျခံ ဆောင်ရွက်မည့်အစီအစဉ်များရှိလာပါက ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ဆိုင်ခန်းမြေ ငှားရမ်းမှု ရပ်ဆိုင်း ခြင်းကို လက်ခံကြရမည်ဖြစ်သော်လည်း ဌာနအနေဖြင့် ၀င်ငွေကို အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်ရာ အနာဂတ်စီမံကိန်းဆောင်ရွက်ပါက ရှေးဟောင်းရုံးအဆောက်အဦးနှင့် ဆိုင်ခန်းများကို ဖယ်ရှား ခြင်းမပြုဘဲ ကျန်မြေနှင့် ရုံးအဆောက်အဦး ငှားရမ်းမှုကိုသာလုပ်သင့်ပါကြောင်း၊ ထိုသို့ငှားရမ်းမှုတွင် လည်း ဆိုင်ခန်းပိုင်ရှင်များကို ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း ဟု တင်ပြခဲ့ခြင်းသာဖြစ်ကြောင်း သိရ သည်။

“ပထမတစ်ကြိမ်မှာလည်း မြေငှားခကို ဆိုင်ခန်းငှားခအဖြစ် အသွင်ပြောင်းပြီး အစိုးရအဖွဲ့ဆီ တင်ပြလို့ ရှင်းတာ မပြီးသေးဘူး။ အဲဒီ့နောက် လာရောက်ညှိနှိုင်းမှုမှာလည်း အဖြစ်မှန်ကို တင်ပြပေမယ့် အစည်းအဝေးမှတ်တမ်းမှာ လိုရာဆွဲပြီး ရေးသွားတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုင်ခန်းပိုင်ဆိုင်မှုတွေကို ပျက်ပြယ် အောင် ပြင်ဆင်နေတယ်လို့ပဲ မြင်တယ်”ဟု ဆိုင်ခန်းရှင် ဦးတင်ရီ ဆက်လက်ပြောကြားသည်။

ဟင်္သာတရေကြောင်းပို့ဆောင်ရေးမြေပေါ်ရှိ ဆိုင်ခန်း ၃၈ ခန်းအား တစ်ခန်းလျှင် တစ်လ တစ်သောင်းခွဲ နှုန်းကောက်ခံနေရာမှ ခြောက်သောင်းနှုန်းအထိ လေးဆတိုးမြှင့်ကောက်ခံမည် ဟု ညွှန်ကြားစာ ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment