Latest News

Tuesday, December 19, 2017

ကျောက်ပုစွန် ဈေးကောင်း၍ လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ

ကျောက်ပုစွန် ဈေးကောင်း၍ လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင့်ကျေးရွာအုပ်စုရှိ ဒေသခံ ရေလုပ်သားများသည် ကျောက်ပုစွန် ဖမ်းဆီးခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ရှိအချိန်တွင် ကျောက်ပုစွန်ဈေးကောင်း၍ လုပ်ငန်းလုပ်ကိုင် သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ''ကျွန်တော်တို့ ကျောက်ပုစွန်ဖမ်းခြင်း လုပ်ငန်းလုပ်ကိုင်လာတာ ၁ဝ နှစ်လောက်ရှိပါပြီ။ ကျောက်ပုစွန်ဖမ်းဆီးခြင်းကို တန်ဆောင်မုန်းလမှ စတင်ကာ မိုးရာသီရောက်တဲ့အထိ လုပ်ကိုင်ပါ တယ်။ ကျောက်ပုစွန်ကို ရေငုပ်သားတွေနဲ့ ဖမ်းဆီးရှာဖွေတာရယ် ပိုက်ချပြီး ဖမ်းဆီးတာရယ် နှစ်မျိုးရှိပါတယ်။

ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်တာကြောင့် ပင်လယ်ရေနောက် နေတဲ့အတွက် ရေငုပ်လို့မရဘဲ ကျွန်တော်တို့လို ပိုက်ချပြီး ဖမ်းဆီးကြတာများပါတယ်။ ကျောက်ပုစွန် ဖမ်းဆီးတဲ့လှေတစ်စင်းကို လုပ်သားသုံးဦးမှ ငါးဦးအထိ အသုံးပြုပါတယ်။ လှေတစ်စင်း ငါးရက်တစ်ပတ်ကို ငွေကျပ် သုံးသိန်းမှ ၁ဝ သိန်းအထိရပါတယ်''ဟု ရေလုပ်သား ဦးသောင်းနိုင်က ပြောသည်။

ဟိုင်းကြီးကျွန်း အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် ဖမ်းဆီးရရှိမှုအများဆုံး ကျောက်ပုစွန်များမှာ ဒုံး၊ စိမ်း၊ ကာလာ (ဒေသအခေါ်) စသော ကျောက်ပုစွန်ကို အများဆုံးဖမ်းဆီးရမိပြီး တရုတ်နှစ်သစ်ကူး နီးလာသည်နှင့်အမျှ ကျောက်ပုစွန် ဈေး နှုန်းများ ကောင်းလျက်ရှိသည်။ လက်ရှိတွင် ကာလာအမျိုးအစားကျောက်ပုစွန် ၆၃ ကျပ်သားအထက် တစ်ပိ ဿာလျှင် ငွေကျပ် ၁၂ဝဝဝဝ၊ ၆၃ ကျပ်သားအောက် တစ်ပိဿာလျှင်ငွေကျပ် ၈ဝဝဝဝ ဈေးနှုန်းရှိပြီး စိမ်း အမျိုးအစား ကျောက်ပုစွန် ၃ဝ ကျပ်သားအထက် ငွေကျပ် ၇ဝဝဝဝ၊ ၂ဝ ကျပ်သားနှင့်အထက် ငွေကျပ် ၅၅ဝဝဝ၊ ၁ဝ ကျပ်သားအောက် ငွေကျပ် ၃၅ဝဝဝ ရှိကာ ဒုံး ၂ဝ ကျပ်သားအထက် တစ်ပိဿာ ငွေကျပ် ၇ဝဝဝဝ ၊ ငါးကျပ်သား အ ထက် ငွေကျပ် ၅၈ဝဝဝ နှင့် ငါးကျပ်သားအောက် တစ်ပိဿာကိုငွေကျပ် ၃ဝဝဝဝ အထိ ဈေးနှုန်းရှိသည်။

ကျောက်ပုစွန်မှာ ပြည်တွင်း/ပြည်ပ ဈေးကွက်နှစ်မျိုးလုံးတွင် ဈေးကွက်ရရှိနေပြီး တရုတ်နှင့် ဟောင်ကောင်နိုင်ငံတို့မှ အများဆုံး ဝယ်ယူကြကြောင်းနှင့် ပြည်တွင်း၌လည်း ပင်လယ်စာရောင်းချသည့် ဆိုင်များ ပိုမိုများပြားလာခြင်းကြောင့် ကျောက်ပုစွန်မှာ ဝယ်လိုအားမြင့်တက်နေပြီး ဈေးကောင်း ရရှိနေကြောင်း သိရသည်။(MWD)

No comments:

Post a Comment