Latest News

Saturday, December 9, 2017

ထူးမခြားနား ပတ်ပျိုး ၊တခါလာလဲ မဲပြာပုဆိုး ၊ ဖားကန့် မှ ခိုးသားငါးရာ နှင့် ဒေသအာဏာပိုင်တို့၏ မျက်လှည့်ပြပွဲ ...

 ပွဲကတော့ အသဲနာနာနဲ့ ကြည့်ကောင်းမဲ့ပွဲဆိုရင် မမှားပါဘူး ။ အလိမ် အညာ ခံရတော့မယ့် လူကြီးများရဲ့ ရတနာနယ်မြေ တိုင်းခန်းလှည့်လည်ရေး လမ်းကြောင်းကတော့ အန္တရာယ်ကင်းမှာ အသေအချာပါပဲ ။
လားရာလမ်း လမ်းကြောင်း ဖြောင့်ဖြူးကောင်းမွန်ဘို့ လက်တို့ ခြေတို့ အကြောင်းကြားထားပြီးသားမို့ ကိုရွှေလူကြီးများကတော့ ကောင်းမွန်သာယာတဲ့မြို့လို့တော့ ကောက်ချက်ချကြမှာ အသေအချာပါပဲ ။ ဒီလို ကောက်ချက်မျိုးရဘို့ ပြည့်တန်ဆာခန်းက မိန်းကလေးတွေ အိမ်တွင်းပုန်း အနားယူပေးခဲ့ရတယ် ။လူကြီးခရီးစဉ် ခေါင်စဉ်လှလှအောက်မှာ ပြည့်တန်ဆာခေါင်းက ငွေကို ရေလို သုံးပေးခဲ့ရတယ် ။ ဒီလိုပုံအောနိုင်ဘို့ လိင်အလုပ်သမလေးတွေ ဘယ်လောက် ဖင်ပူသွားပြီလဲ ၊ဘိန်းကုန်သည်တွေ ဘယ်လောက်အရောင်းမြှင့်တင်လိုက်ရသလဲ ဆိုတာ လူကြီးမင်းတို့ကတော့ သိနိုင်လိမ့်မယ် မထင်ပါ ။

အိမ်ရှေ့ တံခါးဝထိ ရောက်လာတော့မယ် မူးယစ်ဆေးဝါး ကုန်သည်တွေကို ခဏအနားပေး ၊ ဝေသာလီ ဘီလူးကျသလို တူးဆွနေတဲ့ စက်ယန္တယားတွေကို ဟိုနားတစ်ချို့ ၊ဒီနားတစ်ဝက် ပုန်းလျှိုး ကွယ်ဝှက် လုပ်ခိုင်း ရ နဲ့ လူကြီးတွေ ခဏ ခဏ လာမှာကို စီးပွားရေးသမားနဲ့ အကြီးအကဲ တစ်ချို့ကတော့ မီးခဲနဲ့တို့သလို နာကြင်လှပါတယ် ။
ရွာအဝင်လှဘို့ တန်ဆာဆင်ကြရတဲ့ လူကြီးများအဖို့ အမောဆို့လို့နေကြပါပြီ ။ဟိုကရ ဒီကရ မျိုမချရက်ပဲ စုထားတဲ့ ဘဏ်ကငွေစာရင်းလေးလဲ လူကြီးတခါလာတိုင်း ဘီလူးဆိုင်းတီးခံရ ၊ ဖုံးကြ ဖိကြရတဲ့ စရိတ်က ကြီးလွန်းလှတော့ မာဖီးယား လုပ်ငန်းရှင်တွေ ခမျာလဲ လုပ်ငန်းလဲ ရပ်ထားရ ၊ ဧည့်စရိတ်ကိုလည်း မိုင်ကုန်ထည့်ကြရဆိုတော့ လူကြီးလာရင် စိတ်ညစ်တာပေါ့ ။ဒါက အဖြစ်မှန်ကို အသိမခံလိုတဲ့ မသမာသူများရဲ့ ဝန်ထုတ်ဝန်ဘိုး ဆိုပါတော့ ။

ပြည်သူတွေ ဘက်က ကြည့်ပြန်တော့လည်း အစိုးရသစ် အစိုးရသစ်နဲ့ နာမည်ခေါ်လို့ ကောင်းသလောက် စနစ်ဟောင်း လမ်းပေါ်မှာ ခေါင်းပေါင်းစ တလူလူ နဲ့ လျှောက်နေကြပြန်တော့လည်း မချိတင်ကဲ ဝမ်းနည်းနေကြရုံမှ တပါး ဘာများတတ်နိုင်အုံးမှာလဲ ။အစိုးရသစ်ရဲ့ လူကြီးလမ်းကြောင်းခရီးဟာ စွန့်ပစ်မြေစာပုံက တစ်သောင်းတန် ရေမဆေးကျောက် ဝယ်ခေါင်းရသလောက် ရင်ခုန်စရာ မကောင်းမှန်း သိလာကြပြီ ။

ပြည်သူတွေ ခမျာ အစိုးရသစ်ကို ဝမ်းနဲ့ လွယ်မွေးထားရတဲ့ သားလေးလို ကိုယ်ဝန်ခြောက်လ ECG ရိုက်ကြည့်တော့ ကိုယ်လက် အင်္ဂါစုံလို့ ပျော်ရွှင် ပီတိ ဖြစ်ခဲ့ရပေမဲ့ မွေးလာလို့ နှစ်နှစ်သားအရွယ်ရောက်မှ မှတ်ဉာဏ်ချို့တဲ့တာကို သိလိုက်ရလို့ ခုတော့ ရင်ကွဲပက်လက် ခံစားနေကြရပြီ ။မွေးသမိခင် တော်သလောက် သားသ္မီး သန္ဓေဖောက်တာနဲ့ ကြုံခဲ့ရတဲ့ ပြည်သူခမျာ ရွေးချယ်စရာ နတ္ထိ ၊ပြေးစရာလမ်းမရှိ မလင်းတဝက် မှောင်အတိ နိုင်ငံကြီးထဲမှာ ဝဋ္ဋ်ရှိသလောက် ခံရုံမှ တပါး ဘာများတတ်နိုင်အုံးမှာလဲ ။

အလိမ် အညာ အကောက်အကွေ့တွေနဲ့ ငွေရမက်ကြီးသူတွေ မျော်မွေ့တဲ့အရပ်မှာ ပြည်သူတွေ ခမျာ နံပါတ်ဖိုး နဲ့ လူညွှန့်တုံးမလား ၊မြေစာပိလို့ သေမလား ၊ အမည်မသိ သေနတ်သမား လက်ချက်နဲ့ သေမလား ၊လုပ်ကွက်စောင့် ရဲတွေရဲ့ ခြောက်လှန့်ပစ်ခတ်မှု ကျည်ဆံက နဖူးတည့်တည့်မှန်ပြီး သေမလား ၊ သေချင်းဆိုးနဲ့ သေမဲ့ လားပေါင်းများစွာကို မဝရေစာ ထမင်းစားရင်း စောင့်နေကြရတဲ့ အဖြစ်ပါ ။

တရားဥပဒေစိုးမိုးရေးဆိုတာ ဂျိုနဲ့လား ၊ငွေပေးလို့ သေဆေး တွေတောင်( ဘိန်းဖြူ ) ရောင်းခွင့်ပြုနေသူ အာဏာပိုင်တွေကို ဘယ်ပြည်သူက ကြည်ဖြူစွာ ရင်ဘတ်ထဲထိ ထည့်ပြီး လေးစားနိုင်မှာလဲ ။ ဘာပဲပြော ရှေ့မျက်နှာ နောက်ထား လာဒ်စားခြင်းသည် ပထမ ၊ ငွေရရေးသည် ဒုတိယ ၊ချမ်းသာရေးသည် တတိယ အပေါ်ကိုဖား အောက်ကိုဖိ ညာညှိ ယဉ်ကျေးမှုကြီးက ဖားကန့်ဆိုတဲ့ ရတနာနယ်မြေမှာ အမြစ်မပြတ်သေးပဲ အဖူးအညွှန့်တွေတောင် ထွက်လာနေဆဲပါ ။အစာဝတော့ ဌာနပြန် နောက်လူပိုက်ဆံရှာဘို့ အလှည့်ပေး ဒါသည်ပင် သူတို့တွေရဲ့ အခွင့်အရေးလို့ မှတ်ယူထားကြတာ မဟုတ်လား ။

ရိုးရိုးသားသားစီးပွားရေးသမားတွေကို သူခိုးဖြစ် သင်တန်းပေးခဲ့ကြပြီး သူခိုးထဲလက်ထဲက တဝက်ယူကြ ။ခိုးစားကြတော့ အတူတူ ပြည်သူက မုန်းတော့ စီးပွားရေးသမား ပေါ့ ။ စီးပွားရေးသမားတွေ ခမျာ မကိုက်တော့ ခိုး ၊ ခိုးတာတွေ့တော့ အရေးမယူပဲ တဝက်တောင်း ကောင်းစားနေတာက လူတစ်စု ။သူတောင်းစားဖြစ်နေတာက နိုင်ငံတော်နဲ့ ပြည်သူလူထုပေါ့ ။

ဖားကန့်က စီးပွားရေးသမားအားလုံးက အစိုးရဝန်ထမ်းတွေနဲ့ပတ်သက်လာရင် အရေထူ အပါးဝ နေပြီး နိုင်ငံတကာမှာတောင် သင်တန်းပြန်ပေးလို့ ရနေပြီ ။အဘ လာရင် အဘချောတေး အလွှတ်ကျက်ထားတယ် ။အမ လာရင် အမချော့တေးရှိတယ် ။ဒီလိုဖြစ်မယ်ဆိုလည်း ဖြစ်လောက်စရာပါ ။ဆယ်တန်းအောင် ဘွဲ့ရပြီး ပညာတတ်ကြီးတွေလို့ သူတို့ကိုသူတို့ ခံယူထားသူ ဝန်ထမ်းအများစုက ငါးပါးသီလတောင် မစောင့်ထိန်းသေးတော့ မြန်မာပြည်ကြီးတိုးတက်ဖို့က စိတ်ကူးယဉ်ဘို့တောင် ဝန်လေးနေမိပါတယ် ။

စီးပွားရေးသမားတွေကို အပြစ်တင်လို့မရမှန်းတော့ သိကြပါတယ် ။ကိုယ့်လူကို အပြစ်တင်လို့ ထောင်ထဲဝင်ရင် လက်ခုတ်တီးကြမ်းသလောက် ထောင်ဝင်စာ တွေ့ချင်သူက ခပ်ရှားရှားဆိုတော့ ....
ဘာပဲ ပြောပြော ၁၁.၁၂.၂၀၁၇ နေ့ ပြည်နယ်အဆင့် လူကြီးတွေ လာမယ်ဆိုလို့ လုပ်ကွက်ထဲက ယန္တယားတွေ ဈာန်ရ ကုန်တာလား ၊ကုမ္မဏီတိုင်းက ဒေဗစ်ကော်ပါဖီးလို ပညာရှင်တွေ ရှိနေတာလား ၊ သယံဇာနတ နှင့် သတ္တုတွင်းဝန်ကြီးဌာန( လုံးခင်း) ရဲ့ ကြိုတင် သတင်းပေးညွှန်ကြားချက်က ထိရောက်တာလား ၊ဝန်ကြီးကိုယ်တိုင်က မျက်နှာပူလို့များ ကြိုတင်အကြောင်းကြားတာလား လုပ်ကွက်ထဲက စက်ယန္တယားတွေ ထူးထူးခြားခြား ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတာကတော့ ဧကန်အမှန်ပါ ။မှော်ဒေသမို့ အားလုံးက မှော်အတတ်ပညာတွေကို တတ်နေကြတာများလား ။

ရှေးဘုရင်များထုံး နှလုံးမူ အတုယူမဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ ပေါ်လာဘို့ဆိုတာ မြေပြင်ပေါ်က အပ်တစင်းနဲ့ ကောင်းကင်ပေါ်က အပ်တစင်း အချင်းချင်းသာ ထိစပ်ဖို့ လွယ်ကူနိုင်ပေမဲ့ မြန်မာပြည်မှာတော့ ကမ္ဘာပျက်လို့တောင် ပေါ်မည်မထင် ။
မီဒီယာတွေ ထိုက်သင့်သလောက် ပေါ်ထွန်းလာပေမဲ့ သတင်းထောက်တွေ ရေးတဲ့စာကို ဘေးမှာထားပြီး အတွင်းယန္တယားထဲက ကြေးနန်းအမှားတချို့ကိုပဲ ယုံကြည်ကိုးစားနေဆဲမို့ ကချင်ပြည်နယ်နဲ့ မြန်မာပြည်ကြီး တိုးတက်ဖို့ ရေးရေးလေးတောင် မမြင်ပါဘူးဗျို့ ။

ဖားကန့်ရတနာနယ်မြေကို လာမယ်ဆိုရင် ထူးမခြားနား ပတ်ပျိုးအစား ဘီလူးဆိုင်း တီးရပါမယ် ။ မဲပြာ ပုဆိုးအစား သရီးကွာတား ဘောင်းဘီ ဝတ်ပြီး ကချင်ပုဆိုး အကွက်ကြီးကြီး ဝတ်ရမှာပါ ။ တိုင်းခန်းလှည့်လည်လာခြင်းသည် မျက်လှည့်ပြပွဲ လာသူလို မလာသင့်ပါ ။ ခိုးသားငါးရာအား သူတော်ကောင်းများ ဖြစ်လာအောင် ကောင်းမွန်မှန်ကန် မျှတ မြန်ဆန်သော အခွှင့်လမ်းများ ညွှန်ကြား လမ်းပြနိုင်ရပါမည် ။ဒါမှသာလျှင် လူသာသေပေမဲ့ နာမည်မသေသော ပြည်သူများရဲ့ အသားတံဆိပ် ရိုက်နှိပ်ခြင်း ခံရသော အစိုးရတရပ် ဖြစ်လာပါမယ် ။

ထူးမခြားနားပတ်ပျိုးနဲ့ မဲပြာပုဆိုးဝတ်ပြီး မျက်လှည့်ပြပွဲကို ခိုးသားငါးရာနဲ့ တပျော်ကြီး ကြည့်နေအုံးမယ်ဆိုရင်တော့ ပြည်သူတွေ က ဒေါင်းငှက်ပါတီ NLD ကို တတ်တာပြပြီး နှုတ်ဆက်လိုက်ပြီ လို့သာ ယုံကြည်လိုက်ပါ ....
အိတ်ဖောင်းလို့ စိတ်ပြောင်းသူများမဖြစ်ကြပဲ ၊ပြည်သူအပေါ်မှာ စိတ်ကောင်းထားပြီး ဘုရားစကားနားထောင်သူများ ဖြစ်ဘို့ ဆုတောင်းလိုက်ပါတယ် ။
လောလောဆယ်ဆယ်တော့ ကာမိုင်းနဲ့ လဝါး ၊ဒွန်ဗန်ကြားမှာ ၉.၁၂.၂၀၁၇ နေ့ ၉:၀၀ ကျော်လောက်က တိုက်ပွဲဖြစ်တယ်လို့ ပြောပြီး ကာမိုင်း ဒွန်ဘန် လဝါး နမ္မတီး လမ်းကို ပိတ်ထားလိာက်ကြပါပြီ ။

ဘေးကင်းရန်ကွာ အန္တရာယ် အဝဝ ကင်းကြပါစေ ....
ဓါတ်ပုံ..လုံးခင်အုပ်စု ဆန်ခါးရွားအနီး ငိုးပင်း ကုဋ္ဋေ ဖဝါ မှော်တွေက ခင်ဇော်အောင် နှင့် ညီကိုများ အကျိုးတူ လုပ်ကွက်နဲ့ ဝင်းဂိတ် ၊ဝမ်ဘရားသားစ် ကုမ္မဏီများရဲ့ ယန္တယားသုံးစွဲမှုကို နှိုင်းယှဉ် မှုပါ ။
ပုံ(၁) ဟာ ကချင်ပြည်နယ် သယံဇာတ ဝန်ကြီး လာမည့်သတင်းမရခင်က ပုံမှန် အသုံးပြုနေတဲ့ ယန္တယားမြင်ကွင်းပါ ။၅.၁၂.၂၀၁၇ နေ့က ရိုက်ထားတဲ့ ဓါတ်ပုံပါ ။
ပုံ(၂) ဟာ ကချင်ပြည်နယ် သယံဇာတ ဝန်ကြီး လာမည့်သတင်းထွက်ပေါ်လာပြီး ဖော်ပြပါ လုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ ယန္တယား အရေအတွက်နဲ့ မြင်ကွင်းပါ ။ ၈. ၁၂.၂၀၁၇ နေ့ ညနေက ရိုက်ထားတဲ့ မြင်ကွင်းပါ ။
ဇော်မိုးထက် ( ဖားကန့် )


No comments:

Post a Comment