Latest News

Saturday, December 30, 2017

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့်အတူ အလိုအလျောက်စနစ်သုံး ဂိတ်များ အသုံးပြုမည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့်အတူ အလိုအလျောက်စနစ်သုံး ဂိတ်များ အသုံးပြုမည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများ စတင်ဆောင်ရွက် နေခြင်းနှင့်အတူ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်   ရထားလမ်းနှင့် ကားလမ်းဆုံရာ  တရားဝင်ဖြတ်ကူးဂိတ်များတွင်  အလိုအလျောက်စနစ်သုံး Automatic Level Crossing Gate များ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဂျပန်နိုင်ငံအစိုးရ၏ ကူညီထောက်ပံ့မှုနှင့်အတူ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့်  မြန်မာ့မီးရထားတို့   ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု တွင်  မြို့ပတ်ရထားများ၏ သွားလာမှုနှုန်း  ပိုမိုမြန်ဆန်လာမည့်အပြင် ရထား အစင်းရေတိုးမြှင့်ပြေးဆွဲလာနိုင်မည်ဖြစ်ပြီး ရထားလမ်းနှင့် ကားလမ်းဆုံရာ  တရားဝင်ဖြတ်ကူးခွင့်ပြုထားသည့်  ဂိတ်တံခါးများ၏ လုံခြုံစိတ်ချရမှုများ သည်လည်း အရေးပါလာမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ယင်းကြောင့်  အဆိုပါ တရားဝင် ဖြတ်ကူးခွင့်ပြုထားသော ရထားလမ်းဆုံ ဂိတ်တံခါးများအနက် ဂိတ်တံခါး ၂၅ ခုတွင် လူအင်အားသုံးကာ အဖွင့်အပိတ် လုပ်နေသည့်စနစ်မှ  အလိုအလျောက်စနစ်သုံး ဂျပန်နည်းပညာ ဂိတ်တံခါးများ အသုံးပြုမှုသည်လည်း   ရန်ကုန်မြို့ပတ်ရထားလမ်း   အဆင့်မြှင့်တင်မှုတွင်       ပါဝင်သော   လုပ်ငန်းဖြစ်ကြောင်း   မြန်မာ့မီးရထားမှ   တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးမှာ အချက်ပြစနစ်အဆင့်မြှင့်တင်ခြင်းတွေပါမယ်၊ ခေတ်မီတွဲဆိုင်းတွေ ဝယ်ယူတာ တွေပါမယ်၊ မြို့ပတ်ရထားစီမံကိန်း အဆင့်မြှင့်တင်မှုမှာ မြို့ပတ်ရထားခရီးစဉ် တစ်လျှောက် အသွားအလာများတဲ့နေရာတွေမှာ အော်တိုစနစ် ဂိတ်တံခါးတွေ ဖြစ်လာမှာပါ၊ ဒါတွေဟာ ၂ဝ၂၁ အထိ လျာထားတဲ့စီမံကိန်းမှာ ပါသွားမှာဖြစ်ပါ တယ်၊  အော်တိုစနစ် ဂိတ်တံခါးတွေဟာ ကုန်ကျစရိတ်ကလည်း အင်မတန် ကြီးမြင့်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် အဓိက အားဖြင့် ရထားတွဲဆိုင်း၊ မီးပွိုင့်၊ ရထားလမ်းပိုင်း၊ ရထားပြေးဆွဲ မောင်းနှင်မှု များတွင်   ပြောင်းလဲသွားမည်ဟုသိရပြီး  ရထားတွဲဆိုင်းများတွင်လည်း ရှေ့ခေါင်းတွဲမှ နောက်ကတွဲဆိုင်းများကို ဆွဲသည့်ပုံစံမျိုးမရှိတော့ဘဲ တွဲဆိုင်း တိုင်းတွင် အင်ဂျင်ပါပြီး ဂျပန်နိုင်ငံဖြစ် ပါဝါပြည့် တည်ဆောက်မှုဖြစ်လာမည်ဟုJICA မှ သိရသည်။ ယင်းကြောင့် ယခုလက်ရှိအမြန်နှုန်း ၁၅ ကီလိုမီတာမှ ကီလိုမီတာ ၄ဝ ခန့်လောက်သာရှိသည့် ရထားအမြန်နှုန်းမှ အမြန်ဆုံးကီလိုမီတာ ၆ဝ အထိ အရှိန်မြှင့်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့  ရထားပြေးဆွဲနိုင်မှုအရှိန်နှုန်း  မြှင့်တင်လာသည်နှင့်အမျှ ရထားလမ်းနှင့်   ကားလမ်းဆုံရာ   တရားဝင်ဖြတ်သန်းခွင့်ပြုထားသည့် လမ်းဆုံဂိတ်နေရာများ၊ တရားမဝင် စည်းကမ်းမဲ့ဖြတ်သန်းနေသော နေရာများ တွင် အန္တရာယ်ကင်းရှင်းရေး၊ ရထားသွားလာပြေးဆွဲမှုကို အဟန့်အတား မဖြစ်စေရေးတို့အတွက်  အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများ၊ ရထား လမ်းကူးနေရာများတွင်  တရားမဝင်  ဖြတ်ကူးနေမှုများ၊  စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများ၊ ရထားလမ်းအနီး လွတ်ကင်းစွာ သွားလာမှု မရှိမှုများ၊ ရထားမရပ်မီတွင် ပြေးတက်၊ ပြေးဆင်းလုပ်မှုများ စသည်ဖြင့်  မတော်တဆ ဖြစ်ရပ်များ   များလာခြင်းနှင့်ပတ်သက်၍   သတင်းမီဒီယာများမှတစ်ဆင့် အသိပညာပေး ဖြန့်ဝေနိုင်ရန်နှင့် မြန်မာ့မီးရထားမှ ဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာများက သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆုနှင်းလဲ့(​ကြေးမှုံ)

No comments:

Post a Comment