စန်းဇော်ထွေးရေ•••••
မိုးသောက်လှပလင်းပြီ
ဘေးကင်းကြစေ။
စန်းဇော်ထွေးရေ•••••
လက်သီးတစ်ချက်နဲ့တစ်ချက်ကြား
တုတ်တစ်ချက်နဲ့ တစ်ချက်ကြား
သုခဆိုတာ ရှိပါလားတဲ့
နန္ဒစစ်အောင်က ရေးတတ်လိုက်တာ။
စန်းဇော်ထွေးရေ•••••
ပင်လယ်ဆွဲဆန့်သူ မြစ်ဟာ
အသစ်ရဲ့မျှော်စင်တဲ့ ကွ
ဌေးကြည်(စလင်း)က။
စန်းဇော်ထွေးရေ•••••
ချိုထောင်ထောင်မှာ လက်နက်တွေများဖို့
လက်နက်တွေ ပွားဖို့
မောင်လင်းရိပ် မလိုလားသလို
ဒို့လည်း မလိုလားကြဘူး။
စန်းဇော်ထွေးရေ•••••
ပြည်တွင်းစစ်အရှည်ကြာဆုံး အနှစ်(70)တိုင်ပြီ
ဥတုကျော်ဝေဒနာ သွေးတိတ်ခဲလှချည့်
ညည်းခဲ့တဲ့ ငါ့ကဗျာ
မောင်သန်းစိုး(ချောက်)က
သူ့ဇာတိ သံဖြူဇရပ်မြို့ဟာလည်း
စစ်ဆိုတဲ့အသံ မကြားချင်တဲ့ မြို့တဲ့လေ။
စန်းဇော်ထွေးရေ•••••
ကိုဗဟိန်းရဲ့ မခင်ကြီး
မခင်ကြီးရဲ့ ကိုဗဟိန်း
သူတို့ အတူတူနေခဲ့ဖူးတဲ့
ရန်ကုန်မြေနုလမ်း အိမ်ကလေး ရှိသေးလားလ်ု့
သွားကြည့်ချင်မိရဲ့
ကိုဗဟိန်းက လသာလိုက်တာဆိုတော့
ဆရာတာရာက သူတော့ မခင်ကြီးကို လွမ်းပြီထင်တာ
နိုင်ငံရေး ဆွေးနွေးရအောင်တဲ့လေ
သူတို့ တိုင်းပြည်ကို ချစ်ပုံများ။
စန်းဇော်ထွေးရေ•••••
လေထုညစ်ညမ်းမှုဟာ
လူ့အခွင့်ရေး၊ ကျန်းမာရေး၊ သဘာဝ ဝန်းကျင်အမြင်တွေ
ဆုံးရှုံးလှပြီ။
စန်းဇော်ထွေးရေ•••••
မင်းက ငါ့ကို စိတ်ရှည် သည်းခံ
ပြုပါ ကဗျာ့သာသနာတဲ့လေ
ပြီးတော့ တစ်နေ့တာ
အချိန်ဇယား ဆွဲပေးတယ်
ပါကင်ဆန်က ဆိုးတယ်ကွာ
အိပ်ပျော်မယ် မကြံသေးဘူး
အိပ်မက်ဆိုးတွေက မက်ပြီ။
ဟိုးမှာ...တောစိမ်းစိမ်း တောင်စိမ်းစိမ်းတွေ လှမ်းမြင်နေရတဲ့
မြစ်တစ်မြစ် စီးဆင်းနေတဲ့
မင်းရဲ့Recycle ပန်းချီကားကို ငါကြိုက်တယ်ဆိုတော့
အကြိုက်ချင်းတူတယ်ဆိုပြီး ငါ့ကို ပေးတယ်
ကြည့်မိတိုင်း ငါဘဝ အမောတွေ ပြေစေတယ်။
စန်းဇော်ထွေးရေ•••••
ဒို့ မြစ်ဝကျွန်းပေါ် ကနစိုတောကို သိပ်လွမ်းတာပဲ
မြစ်ရေစီးထဲသစ်ရိပ်က မျောပါမသွား
အလုံးစုံပျက်သုဉ်းခြင်းဆိုတာ ဘယ်သူ့ကို ခြိမ်းချောက်လို့လဲကွာ
တရား ဓမ္မကို ပြောပြတာပါ။
ပါစတာနတ်ရဲ့ ဒေါက်တာဇီးဗားဂိုးရုပ်ရှင်ကား
ငါကြည့်ဘူးတယ်၊
ဦးနှောက်ဆေးကြောရေး စခန်းပို့ဖို့
ရထားကျပ်ကျပ် သိပ်သိပ်ထဲမှာတောင် ဖိုးဖိုးဖွားဖွား
အချစ်ပွားနိုင်သေးတာပဲ
လားတစ်ကောင်၊ မြည်းတစ်ကောင်ရဲ့ မေးရိုးကို
ဂီတ သံစဉ်ဖန်တီးထားတာ ငါခံစားရဘူးတယ်
စိတ်ရှည် သည်းခံ
ပြုပါ ကဗျာ့သာသနာ ဆိုတဲ့ မင်းရဲ့မှာစကား
ငါ အမြဲစွဲမြဲ ပါတယ်ကွာ။
မေတ္တာဖြင့်
မောင်အောင်ပွင့်
No comments:
Post a Comment