Latest News

Tuesday, December 26, 2017

မတ်ပဲတစ်တန်ဈေးနှုန်း လေးလခန့် အတွင်း ကျပ်ခြောက်သိန်းအထက်သို့ ပြန်လည်ရောက်ရှိလာ

မတ်ပဲတစ်တန်ဈေးနှုန်း လေးလခန့် အတွင်း ကျပ်ခြောက်သိန်းအထက်သို့  ပြန်လည်ရောက်ရှိလာ

ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲRC တစ်တန်ဈေးနှုန်းသည် ယခုနှစ် သြဂုတ် ၂၆ ရက်တွင် ခြောက်သိန်းကျပ်နှုန်းရှိရာမှ အောက်တိုဘာ ၁၆ ရက်တွင် ငွေကျပ် ၄၂၅ဝဝဝ သို့ ကျဆင်းခဲ့ပြီး လေးလခန့်အကြာ ဒီဇင်ဘာ ၂၃ ရက်တွင် ငွေကျပ် ၆၂၁ဝဝဝ နှုန်းသို့ မြင့်တက်လာသည်ဟု ဘုရင့်နောင်ကုန်စည်ဈေးနှုန်းစာရင်းများအရ သိရသည်။ပဲကုန်သည်တစ်ဦးကမူ ယင်းနေ့တွင် ငွေကျပ် ၆၅ဝဝဝဝ နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ယင်းနေ့တွင် ပဲစင်းငုံနီ RC တစ်တန်ဈေးမှာလည်း ငွေကျပ် ၄၃၁ဝဝဝ နှုန်းသို့ မြင့်တက်လာသည်။ ယင်းနေ့ ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ RC ကုန်သေတ္တာအလုံးရေ ၆၅ လုံး၊ ပဲစင်းငုံ ၁၅ လုံး အရောင်းအဝယ်ဖြစ်သည်ဟု သိရသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် မတ်ပဲ RC ကုန် သေတ္တာ အလုံးရေ ၁၃ဝ၊ ဒီဇင်ဘာ ၂၁ ရက်တွင် ၈ဝ၊ ဒီဇင်ဘာ ၅ ရက်တွင် ၁၂၅ လုံး စသည်ဖြင့် အရောင်း အဝယ်ဖြစ်ခြင်း များလာသည်။ ပဲစင်းငုံမှာမူ အနည်းငယ် စီသာ အရောင်းအဝယ်ဖြစ်သည်ဟု နေ့စဉ်ထုတ်ပြန်သော ပဲဈေးနှုန်းများနှင့် ယှဉ်တွဲဖော်ပြထားခြင်များမှ သိရသည်။

ပြည်တွင်းပဲဈေးကွက်၏ ဆယ်စုနှစ်တစ်စုအချိန် ကာလအတွင်း မတ်ပဲ RCတစ်တန်ဈေးနှုန်းမှာ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ငွေကျပ် ၃၄၅ဝဝဝ နှုန်းဖြင့် အနိမ့်ဆုံးရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ငွေကျပ် ၂၄၅၆ဝဝဝ သို့ အမြင့်ဆုံးရှိခဲ့သည်။ ယခုနှစ် သြဂုတ်လအတွင်း မြန်မာပြည်၏ အဓိက ပဲဝယ်လက်ဖြစ်သော အိန္ဒိယပြည်၏ ယင်းပြည်တွင်းသို့ ပြည်ပမှ ပဲတင်သွင်းနေခြင်းကို ကန့်သတ်ခြင်း စတင် လုပ်ဆောင်လာသည်။

ယင်းလကုန်ပိုင်းမှစ၍ မြန်မာပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးများ ကျဆင်းလာသည်။ ရန်ကုန်ပဲဈေးကွက်တွင် သြဂုတ် ၂၁ ရက်က မတ်ပွဲRC တစ်တန်ဈေးနှုန်း ငွေကျပ် ၈ဝဝဝဝဝ ရှိရာမှ သြဂုတ် ၂၂ ရက်တွင် ပဲအသင်း အစည်းအဝေးပြုလုပ်ပြီး ရန်ကုန်ပဲဈေးကွက်တွင် အရောင်း အဝယ် ခေတ္တရပ်နားခဲ့သည်။ ပြန်လည်အရောင်းအဝယ် ပြုလုပ်သော သြဂုတ် ၂၆ ရက်တွင် မတ်ပဲ RC တစ်တန် ငွေကျပ် ၆ဝဝဝဝဝ ဈေးဖွင့်ခဲ့သော်လည်း သြဂုတ် ၂၉ ရက်တွင်မူ ငွေကျပ် ၅၃၇ဝဝဝ နှုန်းရှိရာမှ အောက်တိုဘာ ၁၁ ရက်တွင် ငွေကျပ် ၅ဝဝဝဝဝ အောက်သို့ စတင်ကျဆင်း လာရာ အောက်တိုဘာ ၁၆ ရက်တွင် ငွေကျပ် ၄၂၅ဝဝဝ နှုန်းသို့ ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးအဖြစ် ကျဆင်းလာ သည်။

ပဲစင်းငုံနီ RC တစ်တန်ဈေးသည် သြဂုတ် ၂၁ ရက်တွင် ငွေကျပ် ၅ဝ၅ဝဝဝ နှုန်းရှိပြီး သြဂုတ် ၃ဝ ရက်တွင် ငွေကျပ် ၄၂၆ဝဝဝ နှုန်းရှိရာမှ အောက်တိုဘာ ၂၅ ရက်တွင် ငွေကျပ် ၃ဝ၆ဝဝဝ နှုန်းသို့ ကျဆင်းရာ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ၁ဝ နှစ်တာကာလ အနိမ့်ဆုံးဈေးအဖြစ် ရှိလာသည်။

ပြည်တွင်းတွင် ကျဆင်းနေသော ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်ပသို့ တင်ပို့ရေး အထောက်အကူပြု နိုင်ရန် ပြည်တွင်းပဲလုပ်ငန်းရှင်များက ငွေကျပ်ဘီလီယံ ၅ဝ စိုက်ထုတ်မတည်ကာ မတ်ပဲတစ်တန် ငွေကျပ်ငါးသိန်း၊ ပဲစင်းငုံ ငွေကျပ် လေးသိန်းနှုန်းဖြင့် ဝယ်ယူရန်လုပ်ဆောင်ခဲ့ သည်။ သို့သော် ရန်ကုန်ပဲဈေးကွက်တွင် ယင်းသို့သော အခြေခံသတ်မှတ်ဈေးထက် လျော့နည်းသောဈေးဖြင့်သာ အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အရောင်းအဝယ် ပြုလုပ်နေကြသည်ဟု သိရသည်။

အိန္ဒိယပြည်၏ ပဲတင်သွင်းမှုကန့်သတ်ချက်သည် ၂ဝ၁၈ ခုနှစ် မတ်လကုန်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး အိန္ဒိယပြည်တွင်းသို့ ပြည်ပမှ ပဲတင်သွင်းခြင်းအပေါ် ဖြေလျှော့ခြင်းရှိလာနိုင်သည်ဟု အိန္ဒိယပဲကုန်သည်များက ယူဆကာ မြန်မာပဲများဝယ်ယူရန် ကြိုတင်စာရင်းပေးခြင်း များ ရှိလာသည်ဟု အိန္ဒိယပဲ သတင်းများတွင် မြင်တွေ့ လာရပြီး မြန်မာပဲဈေးကွက်တွင် တက်ရိပ်စတင်ပြလာ သည်ဟု ပဲရောင်းဝယ်နေသူ ဦးအာချလာက ဆိုသည်။

ဒီဇင်ဘာ ၅ ရက်တွင် မတ်ပဲRC တစ်တန်သည် အခြေခံသတ်မှတ်ဈေး ငွေကျပ်ငါးသိန်းအထက်သို့ ပြန်လည်ရောက်ရှိလာရာမှ ၁၈ ရက်အကြာတွင် ပဲတစ်တန် လျှင် ငွေကျပ် ၁၃၈ဝဝဝ ဈေးမြင့်တက်လာသည်။ ပဲစင်းငုံနီ RCတစ်တန်ဈေးမှာမူ ဒီဇင်ဘာ ၂၂ ရက်တွင် ငွေကျပ် ၄၁ဝဝဝဝ နှုန်းဖြင့် အခြေခံသတ်မှတ်ဈေးနှုန်းအထက်သို့ ပြန်လည်ရောက်ရှိလာသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ငွေကျပ် ၄၃၁ဝဝဝ နှုန်းသို့ ထပ်မံဈေးမြင့်တက်လာသည်။ပဲတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျငွေမှာ ငွေကျပ် သုံးသိန်းခန့်ရှိရာ ပဲဈေးနှုန်းသည် ယင်းနှုန်းအောက်သို့ ကျဆင်းလာလျှင် အရန်ဆန်ဝယ်ယူပေးသကဲ့သို့ ငွေကျပ် ၁၅ ဘီလီယံဖြင့် နိုင်ငံတော်မှ ပဲဝယ်ယူပေးမည်ဟု အသိ ပေးထားရာ ယခုကဲ့သို့ ပဲဈေးနှုန်းများ ပြန်လည်မြင့်တက် လာသဖြင့် ဝယ်ယူပေးရန်မလိုဘဲ ရှိလာသည်။ မိုးစပါး ရိတ်သိမ်းအပြီး မတ်ပဲကိုသာ စိုက်ပျိုးထား၍ ယင်းဈေးနှုန်း သတင်းမှာ သတင်းကောင်းဖြစ်သည်ဟု ကျောင်းကုန်း မြို့နယ် လှည်းဆိပ်ကျေးရွာနေ မတ်ပဲစိုက်သူ ကိုဆန်းက ဆိုသည်။

မောင်စေအောင်

No comments:

Post a Comment