Latest News

Wednesday, December 27, 2017

ယန်းဟီးလီးအလွန်မြန်မာနဲ့ကုလသမဂ္ဂ ပြသနာ



သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ အခွင့်အရေးအစီရင်ခံစာတင်သွင်းသူယန်ဟီးလီးနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မည်မဟုတ်ကြောင်း မြန်မာအစိုးရ ဘက်မှကြေညာလိုက်ပြီး ယန်းဟီးလီးကိုမြန်မာပြည်ဝင်ခွင့် ပိတ်ပင်လိုက်သောသတင်းသည် ဂယက်များစွာထသွားစေသည် ။ ယန်းဟီးလီးနှင့်မြန်မာပြည်သူများညိနေသည်မှာကြာချေပြီ ။ယန်ဟီးလီး၏တာဝန်မှာ မြန်မာနိုင်ငံ၏လူ့ အခွင့်အရေးခြေအနေကိုကုလသမဂ္ဂကသိအောင်အစီရင်ခံစာရေးသားတင်သွင်းသူဖြစ်သည် ။ သူသည်ရခိုင်ဒေသပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်မဟုတ်သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လည်းမဟုတ်ပေ ။ယန်ဟီးလီး၏တာဝန်မှာ အကန့်အသတ်နှင့် တာဝန်ပေးခံထားရသော်လည်း သူပြုမူဆောင်ရွက်နေပုံမှာ ကုလသမဂ္ဂ၏အထူးအမိန့် တော်ရကိုယ်စားလှယ်ကြီးကဲ့သို့ မဆိုင်သည်များကိုစွက်ဖက်လွန်းသည် ။ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးဆိုးရွားနေသောနယ်ပယ်အသီးသီးရှိရာတွင် ရခိုင်ဒေသကွက်ကွက်လေးကိုပဲအထူးစိတ်ဝင်စားပြီး ရိုဟင်ဂျာဆိုသူဘက်က လိုက်၍ အစီရင်ခံစာတွေတင်နေတာတော့ဆိုးလှသည် ။ မြန်မာအစိုးရဘက်က အပြုသဘောဆောင်သောခြေလှမ်းများဖြစ်သည့် ထွက်ပြေးသွားသူဘင်္ဂါလီများကိုပြန်ခေါ်ရန်ကြိုးပမ်းနေခြင်း၊ဘင်္ဂလားဒေ့ရှ်အစိုးရအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း ၊ အကြမ်းဖက်ဝါဒကိုတိုက်ဖျက်နေရခြင်း များကို လုံးဝလစ်လျှူရှုထားပြီး အနောက်ကမ္ဘာအကြိုက် ၊ မူဆလင်တို့ သည်းခြေကြိုက် ရိုဟင်ဂျာဆိုသောကိစ္စကိုသာဇောင်းပေးပြီး သနားစရာဖြစ်လာအောင် ၊ မြန်မာအစိုးရလူဆိုးကြီးဖြစ်လာအောင် ရေးသားတင်ပြနေတာတွေသည် ။ဘယ်အစိုးရမှလက်မခံနိုင်သောကိစ္စများဖြစ်သည် ။ မြန်မာသည် အစိုးရအဆက်ဆက် သံတမန်ဆက်ဆံရေးတွင်ပျော့ညံ့လွန်းအားကြီးသည် ။ ခိုင်မာပြင်းထန်သောရပ်တည်ချက်မရှိ ။ လူတကာပြောသမျှ စွပ်စွဲသမျှကိုခံနေတာများသည် ။ ဤတစ်ကြိမ်ပဲပြင်းပြင်းထန်ထန်တုန့်ပြန်တာကြားဖူးသည် ။ ဤနေရာတွင် အစ္စရေးနိုင်ငံကိုအတုယူသင့်သည် ။

အစ္စရေးသည်နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံအားလုံးနှင့်မိတ်ဝတ်မပျက်ဆက်ဆံသော်လည်း ကုလသမဂ္ဂဆုံးဖြတ်ချက်တိုင်းကိုလိုက်နာသည်မဟုတ် ။ အရှေ့ဂျေရုဆလင်ကိုအာရပ်တို့လက်သို့ပြန်ပေးရေး ဆုံးဖြတ်ချက် ၊ဂါဇာကမ်းမြှောင်အပါအ၀င် အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲအတွင်း ကအစ္စရေးသိမ်းပိုက်ထားသော မူဆလင်တို့ ၏နယ်မြေများကို ပြန်ပေးရန်ကုလသမဂ္ဂဆုံးဖြတ်ချက်များချခဲ့သော်လည်း အစ္စရေးက မလိုက်နာနိုင်ဟုဆိုသည် ။ စစ်ရေးအင်အားကြီးမားသောအစ္စရေးကိုမည်သူမျှ ပြင်းပြင်းထန်ထန်မပြောရဲ ။ မကြာသေးမီကမှ ဂါဇာကမ်းမြောင်မှအစ္စရေးဘက်သို့ တိုက်ခိုက်နေသောဟဇ်ဘိုလာစစ်သွေးကြွများကိုအစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ပါလက်စတိုင်းတို့သေကြကြေကြသည် ။ Human Right Watch အပါအ၀င်မည်သည့်လူ့ အခွင့်အရေးအဖွဲ့ကမှ အစ္စရေးကို ကန့်ကွက်ရှုတ်ချမှုမပြုလုပ်ရဲကြပေ ။ ကုလသမဂ္ဂကလည်းရေငုံနှုတ်ပိတ်နေသည် ။ OIC ကလည်း တုတ်တုတ်မှမလှုပ် ။ အကယ်၍သာမြန်မာလေတပ်က ဘင်္ဂလီအကြမ်းဖက်သောင်းကျန်းသူများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်လျှင် ကမ္ဘာပျက်အောင်အော်လိုက်မည့်ဖြစ်ခြင်း။ ထို့ကြောင့် ယနေ့ခေတ်ကမ္ဘာကြီးသည် သင်ဘာလုပ်သည်ဆိုတာကိုကြည့်သည်မဟုတ် ၊ သင်ဘယ်သူဆိုတာကိုကြည့်ကြသော ခေတ်ကြီးဖြစ်သည် ။ အစ္စရေးလုပ်လျှင်ရသည် ၊အမေရိကန်လုပ်လျှင်ရသည် ၊ရုရှားလုပ်လျှင်ရသည် ၊ ဗြိတိန်လုပ်လျှင်ရသည် ။ ပြင်သစ်လုပ်လျှင်ရသည် ။ တရုတ်လုပ်လျှင်ရသည် ။ ကျန်နိုင်ငံများ၊အထူးသဖြင့်စီးပွားရေး၊စစ်ရေးအားနည်းသောနိုင်ငံများက ပြည်တွင်းရေးကိစ္စများတွင်ပင် နိုင်ငံတကာအရေးဖြစ်သယောင် ၊ ကြီးမားသောလူ့ အခွင့်အရေးကိစ္စကြီးဖြစ်သယောင်ပြုမူပြောဆိုကြသည် ။

ယခုအခါ မြန်မာနိုင်ငံအရေးသည် ကုလသမဂ္ဂတွင်အတော်အရေးကြီးသောအနေအထားသို့ရောက်နေသည် ။ ရိုဟင်ဂျာဟုသူတို့ခေါ်သော ဘင်္ဂလီများကို လူမျိုးတုံးသတ်ဖြတ်ခြင်းမှကာကွယ်ရန် Right To Protect (R2P) ဆိုသော ခွင်ထဲသို့ရောက်အောင်အတင်းဆွဲသွင်းနေကြသည် ။နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်ကာလက မြန်မာနိုင်ငံထဲသို့  အကူအညီပေးမည့်နိုင်ငံတကာသင်္ဘောများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရကအ၀င်မခံသဖြင့် မြစ်ဝကျွန်းပေါ်ဒေသမှလူပေါင်းများစွာအတိဒုက္ခရောက်ကြရသည် ။ အကုအညီအထောက်အပံ့မဲ့ကြသည် ။ထိုစဉ်က မြန်မာ့နိုင်ငံရေးသမားများသည် လူ့ အဖွဲ့အစည်းကိုကျူးလွန်သော ပြစ်မှူ Crime Against Humanity ဟူသောခေါင်းစဉ်ဖြင့်Right To Protect အရ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂတပ်များဝင်ရောက်တပ်စွဲရေးကိုတောင်းဆိုခဲ့ဖူးသည် ။ သို့ သော်ထိုအချိန်က မြန်မာပြည်သူတသိန်းကျော်နာဂစ်မုန်တိုင်းဒဏ်ဖြင့် သေကြေပျက်စီးခဲ့သော်လည်းနိုင်ငံတကာက R2P ဖြင့် ၀င်ေ၇ာက်စွက်ဖက်ဖို့ ခပ်အေးအေးပဲရှိနခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် သူတို့အကျိုးစီးပွားမပါသောကြောင့်ဖြစ်သည် ။ OIC ကဲ့သို့သော အစ္စလာမ်မစ်နိုင်ငံများ၏ဖိအားမရှိသောကြောင့်ဖြစ်သည် ။ ယခုအခါ OIC သည်လည်းကောင်း၊EU သည်လည်းကောင်း ၊ ကုလသမဂ္ဂသည်လည်းကောင်း တရိုထဲရို တဟင်ထဲဟင် ကာတဂျာတည်းဂျာလျက်ရှိကြသည် ။မြန်မာတို့သည် လူဆိုးများ ရက်စက်ကြမ်းကြုတ်သူများ၊ လူမျိုးစုလိုက်သုတ်သင်သူများ၊ လူမျိုးတုန်းသတ်ဖြတ်သူများစသည်ဖြင့် တက်ညီလက်ညီအမည်ပေးကင်ပွန်းတပ်လျက်ရှိလေသည် ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ပေးအပ်ထားသောအနောက်တိုင်းမှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အသီးသီး၊ ဆုအသီးသီးကို ကလေးများရန်ဖြစ်သောအခါ ငါနဲ့မခေါ်ငါ့အိုးပုတ်ပြန်ပေးဆိုသောလုပ်နည်းကိုင်နည်းအတိုင်း သူတို့ဖြစ်စေချင်သလိုမဖြစ်သောအခါ ဆုများကိုဟောတခုဟောတခုပြန်လည်ရုပ်သိမ်းနေပေသည်။ ယူတတ်လျှင်နိုင်ငံရေးသံဝေဂ ၊ ကြည့်တတ်လျှင်အနောက်တိုင်း၏ လိုတမျိုးမလိုတမျိုးဝါဒကိုတွေ့ ရမည်ဖြစ်ပေသည် ။
ိုထိုအချိန်တွင်မြန်မာသည်နိုင်ငံတကာဆက်ဆံရေးတွင် လိမ္မာပါးနပ်ဖို့လိုမည်ဖြစ်သည် ။မတရားသောစွပ်စွဲချက်များ ၊ မတရားသော ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂ၏အဖွဲ့ခွဲအသီးသီးကချမှတ်လာလျှင် ထိုအဆင့်နှင့်လျော်ညီသော ကန့်ကွက်မှူအမျိုးမျိုးကိုအချိန်မဆိုင်းပဲလုပ်ရမည် ။ ထိုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းခြင်း ၊ ထိုအဖွဲ့ မှယာယီနှုတ်ထွက်ခြင်း ၊ အပြီးထွက်ခြင်း ၊ မိမိကိုယ်စားလှယ်ကိုပြန်ခေါ်ခြင်း၊ မြန်မာနိုင်ငံမှနိုင်ငံခြားကိုယ်စားလှယ်ကို နှင်ထုတ်ခြင်းတို့ ဖြင့်ပြန်လည်တုန့် ပြန်သင့်သည် ။သို့ သော်ဘုန်းကြီးတပါးလုပ်သလို ယန်ဟီလီးကို ရိုင်းရိုင်းစိုင်းစိုင်းမဖွယ်မရာဆဲဆိုမှူပြုခြင်းကလည်း နိုင်ငံတကာအမြင်တွင်မသင့်လျော်ပါ။ မြန်မာတို့ရိုင်းစိုင်းသည်ဟုစွပ်စွဲခံရနိုင်သည် ။ တဖက်ကလည်း ကုလသမဂ္ဂ၏အပြုသဘောဆောင်သော ကမ်းလှမ်းမှုအားလုံးကို လက်ကမ်းကြိုဆိုကာ ပူးပေါင်းဆောင်ရွက်သင့်သည် ။ ဘာပဲလုပ်လုပ် ခံနေမယ်ဆိုသောရွှေပြည်အေးဝါဒ ၊ ဘာပဲလုပ်လုပ်ဆန့်ကျင်မယ်ဆိုသောရန်လိုသည့်ဝါဒမှာ အလုပ်မဖြစ်ပါ ။ မိမိနိုင်ငံအကျိုးအတွက် လျှော့လိုက်တင်းလိုက်လုပ်ရမည် ။ သံတမန်ရေးကစားနိုင်ရမည် ။ အစ္စရေးနိုင်ငံလုပ်သလို တိုက်စရာရှိလျှင်ဗုံးကျဲစရာရှိလျှင်တိုက်သည်ဗုံးကျဲသည် ၊ ကုလသမဂ္ဂနှင့်ပူးပေါင်းစရာရှိလျှင်ပူးပေါင်းသည် ၊လိုက်နာနိုင်တာဆိုလျှင်လိုက်နာသည် ။မလိုက်နာနိုင်တာဆိုလျှင် တကမ္ဘာလုံးက၀ိုင်းပြောဦးတော့မလိုက်နာပဲနေသည် ။ မြန်မာနိုင်ငံသည် လွပ်လပ်ရေးရစဉ်ကတည်းကကျင့်သုံးလာသော လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒ ဆိုသည်မှာ ခံဖို့ချည်းပဲမဟုတ် ။ မဟုတ်သည့်လမ်းကြောင်းသို့ နိုင်ငံကိုပုံသွင်းလာခြင်းခံရပါကရဲရဲဝံ့ဝံ့ပြောဝံ့ဆိုဝံ့ကန့်ကွက်ဝံ့ခြင်းသည်လည်း လွတ်လပ်၍တက်ကြွသောဟူသောစကားတွင်ပါဝင်နေပါကြောင်း ယန်းဟီးလီးမှပေးသောအတွေးတစကိုဆုပ်ကိုင်မိပါသတည်း။

သရ၀ဏ်(ပြည်)

No comments:

Post a Comment