Latest News

Wednesday, December 27, 2017

ရန်ကုန်မြို့ အနာဂတ် . . . .

ရန်ကုန်မြို့ အနာဂတ် . . . .

ရန်ကုန် မြို့ ဖွံ့ဖြိုးတိုးတက်ရန် ဂျပန်နိုင်ငံက ယန်း
၈ဝဝ ဘီလီယံ ကူညီမည်ဆိုသည့် သတင်းက ပျံ့နှံ့နေသည်။ ပြည်တွင်းထုတ် သတင်းမီဒီယာ များတွင်လည်း အလု အယက်ဖော်ပြနေကြသည်။ ကမ္ဘာပေါ်တွင် နည်းပညာအပိုင်း၊ ငွေကြေးအပိုင်း များတွင်သာမက လုပ်ငန်းဆောင်ရွက်ရာ၌ သေချာတိ ကျသော ဂျပန်နိုင်ငံက အကူအညီ ပေးမည်ဆိုသည့် သတင်းက ရန်ကုန်မြို့နေ ပြည်သူ များအတွက် မင်္ဂလာသတင်းပင် ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကိုယ်တိုင် ပြောကြားသော စကားအရ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေး နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍများတွင် ဂျပန်က အကူအညီပေးမည်ဟု ဆိုထားပြီဖြစ်ရာ အားတက် ဖွယ်ကောင်းသည်က အမှန်ပင်။ လမ်းစနစ်၊ လျှပ်စစ် ဓာတ်အားအပြည့်အဝ သုံးစွဲနိုင်ရေးစနစ်၊ ရေမြောင်းစနစ်၊ မီးပွိုင့်စနစ်၊ အခြေခံအဆောက် အအုံများ စသည့်ကဏ္ဍများတွင် ရန်ကုန်မြို့က အားနည်းချက်များရှိနေသည်။

စက်မှုဇုန်များနှင့် ဝိုင်းရံလျက်ရှိ

လူဦးရေ တစ်နေ့တခြား တိုးပွားလာသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံအတွက် စီးပွားရေး မြို့တော်ဖြစ်ရာ စီးပွားရေးလုပ်ငန်းများ ပီပီပြင်ပြင် ထွက်ပေါ်လာဖို့ လိုအပ်နေသည်။ ရန်ကုန်မြို့ပြ သည် စက်မှုဇုန်များနှင့် ဝိုင်းရံလျက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ပေါင်း ၂၉ ခုရှိ နေရာ စက်မှုဇုန် အတော်များများက လည်ပတ် လျက်ရှိသည်။ ၁၉၉၅ ခုနှစ်က စတင်ထူထောင်ခဲ့ သည့် လှိုင်သာယာစက်မှုဇုန်က စုစုပေါင်း ၅၆၇ ဧကရှိရာ ရန်ကုန်မြို့၌ အကြီးဆုံးစက်မှုဇုန် တစ်ခုလည်း ဖြစ်နေသည်။ လက်ရှိအချိန်တွင် စက်ရုံပေါင်း ၆၅ဝ ကျော် လည်ပတ်နေသည် ဖြစ်ရာ မြန်မာနိုင်ငံအတွက် အကျိုးပြုသည့် စက်မှုဇုန်တစ်ခု လည်း ဖြစ်သည်။

ရန်ကုန်မြို့တွင် လည်ပတ်နေပြီဖြစ်သော စက်မှုဇုန် ၂၉ ဇုန်တွင် အချို့စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်မှု နှေးကွေးနေဆဲ ဖြစ် သည်။ အချို့စက်ရုံ၊ အလုပ်ရုံများက ရပ်ထားဆဲ။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧက ၁ဝဝဝ ခန့်စီရှိသော စက်မှုဇုန်များ ထူထောင်ဦး မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောထားသည်။ ယင်း စက်မှုဇုန်များအတွက် မြေနေရာများ ရှာဖွေထား ပြီးဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဦးစား ပေးဆောင်ရွက်ရန်လည်း အစီအစဉ်ရှိနေသည်ဟု ဆို၏။ ထိုစက်မှုဇုန်များတွင် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကလည်း ပါဝင်ရန် တာစူနေ ကြောင်း သိရသည်။

စီးပွားရေးအချက်အချာကျ

လောလောဆယ်တွင် သီလဝါအထူးစီးပွား ရေးဇုန်တွင် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းများက အဓိကပါဝင် အကောင်အထည်ဖော်လျက်ရှိနေ သည်ဖြစ်ရာ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်နေ ခြင်းပင် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ပူးတွဲပြီး ရန်ကုန်မြို့ကို စိမ်းလန်း စိုပြည်သည့် မြို့၊ စီးပွားရေးအချက်အချာကျသည့် မြို့၊ နေထိုင်ချင့်စဖွယ်ကောင်းသော မြို့နှင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသော မြို့တစ်မြို့ ဖြစ်လာရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ အချက်လေးချက်နှင့် ပြည့်စုံသော နိုင်ငံတကာ အဆင့်မီ မြို့ကြီးတစ်မြို့ ဖြစ်စေရန် အချက်တစ်ချက်ဖြစ်သည့် စီးပွားရေးအချက်အချာ ကျသည့် မြို့ဖြစ်လာစေရေးအတွက် စက်မှုဇုန် အသစ်များ ထူထောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန်၊ ရင်းနှီး မြှုပ်နှံမှုများ လာရောက်စေရန် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များကို ဂျပန်အစိုးရကလည်း တိုက်တွန်း ပေးမည်ဖြစ်ရာ ရန်ကုန်မြို့၏ စီးပွားရေးမြို့တော် ပုံရိပ်ကို ပိုမိုပီပြင်လာစေမည်ဖြစ်သည်။

လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်

ရန်ကုန်မြို့ကို နေချင်စဖွယ်ဖြစ် လာစေရန် သန့်ရှင်းသပ်ရပ်မှု၊ လမ်းများ ကောင်းမွန်မှု၊ နေအိမ် တိုက်တာ အဆောက်အအုံများ ဒီဇိုင်းလှပခိုင်ခံ့ကာ ခေတ်မီရန်ကုန်မြို့ပြ၏ ဂုဏ်ဒြပ်နှင့်ညီသော အနေ အထားဖြစ်ပေါ်လာစေမှုများ ဖြစ်ပေါ်စေရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICAတို့က ပူးပေါင်းကာ စီမံကိန်းရေးဆွဲထားပြီး အကောင် အထည်ဖော် ကြိုးစားနေပြီဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ၃၃ မြို့နယ်တွင် လမ်းများ ကောင်းမွန် စေရန် လမ်းညွှန်ချက်နှင့် လူကူးမျဉ်းကျားများ အသစ်ရေးဆွဲပြီး အပိုင်းလိုက် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဘတ်စ်ကား မှတ်တိုင်များ၊ မှတ်တိုင်ဧရိယာ မျဉ်းဝါများ ရေးဆွဲမှု ကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။ ရန်ကုန်မြို့ စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပတွင်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် အဆင့်မြှင့်တင်ရန် ထပ်တိုးဘဏ္ဍာငွေကျပ် ၄၇ ဘီလီယံ သုံးစွဲနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ရန်ကုန်မြို့ဧရိယာတွင် အများပြည်သူတို့ အပန်းဖြေနိုင်သည့် ပန်းခြံပေါင်း ၆၁ ခုရှိရာ ပန်းခြံ များ အားလုံးကို ပြည်သူများ အခမဲ့ဝင်ရောက် အပန်းဖြေနိုင်ကြပြီ ဖြစ်သည်။ ပန်းခြံအားလုံး အဆင့်မြှင့်တင် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ယခုအခါ ပန်းခြံအတော်များများ သန့်ရှင်း သာယာလှပနေပြီဖြစ်သည့်အတွက် ရန်ကုန်မြို့ကို နေချင့်စဖွယ်မြို့အဖြစ် ရောက်ရှိလာစေရန် ပြည်သူ များကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်လျက်ရှိ နေပြီ ဖြစ်သည်။

ရန်ကုန်မြို့သည် မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းနိုင်သည့် မြို့တစ်မြို့အဖြစ် ရောက်ရှိလာရန် ကြိုးစားနေရာ အရှိန်အဟုန် ရရှိနေပြီဖြစ်သည်။ ရှေးဟောင်းအဆောက်အအုံများကို အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ကာ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့လယ်တွင် ရှေးဟောင်း အဆောက်အအုံများကို မပျက်စီးစေရန် ထိန်းသိမ်းထားနိုင်မှုမှာ ထင်ထင်ရှားရှား မြင်တွေ့နေရပြီ ဖြစ်သည်။ ရှေးဟောင်း အဆောက်အအုံ၊ ရှေးဟောင်းအမွေအနှစ် များကို မြို့ပြ၏ဂုဏ်ဒြပ်တစ်ခုအဖြစ် အရှည်တည်တံ့အောင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ပူးပေါင်း ဆောင်ရွက်သွားမည်

တစ်ဖန် ရန်ကုန်မြို့တွင် အရန်မြို့သစ်စီမံကိန်းများကိုလည်း အကောင်အထည် ဖော်ရန် စီမံကိန်းရှိနေရာ လောလောဆယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ကို ရွေးချယ်ထားသည်။ ရန်ကုန်မြို့သည် လာမည့် ၂ဝ၃ဝ ပြည့်နှစ် ၌ လူဦးရေ ၁ဝ သန်းခန့် ရှိလာနိုင်မည်ဖြစ်ရာ ယခုကတည်းက ကြိုတင်ပြင်ဆင်ကာ အစီအစဉ်များ ရေးဆွဲနေခြင်းဖြစ်သည်။ ကမ္ဘာ့သတ်မှတ်ချက်အရ လူဦးရေ ၁ဝ သန်း ရှိလျှင် Mega City အဖြစ် ရောက်ရှိလာမည်ဖြစ်ရာ အရန်မြို့သစ်စီမံကိန်း အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကာ စီမံကိန်းရေးဆွဲနေ ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် အိုးအိမ် ဌာနများအပြင် အခြားဦးစီးဌာနများ ပါဝင်ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အရန်မြို့များအဖြစ် ထောက်ကြန့် အရန်မြို့၊ ရွှေလင်ဗန်း အရန်မြို့၊ အရှေ့ဒဂုံ၊ ပန်းလှိုင်၊ သန်လျင်မြို့နယ်အတွင်း တစ်မြို့၊ သီလဝါဘက်တွင် တစ်မြို့အဖြစ် ရွေးချယ် လျာထားကြောင်း သိရသည်။ အရန်မြို့သစ်များတွင် စက်မှုဇုန်၊ ဈေး၊ ပန်းခြံ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် အိမ်ရာစီမံကိန်းများ လည်း ပါဝင်မည်ဖြစ်ရာ ရန်ကုန်မြို့၏ အနာဂတ်သည် အဆမတန်ကြီး ထွားဖွံ့ဖြိုးလာမည့် အနေအထားသို့ ရောက်ရှိလာ တော့မည်ဖြစ်သည်။

တိုးတက်ပြောင်းလဲမှုများ

စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်၊ မြို့သစ်စီမံကိန်းများ၊ အခြေခံ အဆောက် အအုံများ မြှင့်တင်မှုအစီအစဉ်များကို ဂျပန် နိုင်ငံကလည်း အကူအညီပေး မည်ဖြစ်ရာ ရန်ကုန်မြို့၏ အနာဂတ်သည် တိုးတက်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံတကာအဆင့်မီ Mega city အဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း။ ။ ဝေယံဦး၊ ဓာတ်ပုံ-ကေဇင်(မြန်​မာ့အလင်း)

No comments:

Post a Comment