မြန်မာ ယူ-၂၁ အသင်း ထိုင်း ယူ-၂၁ အသင်းကို အနိုင်ကစား
ရန်ကုန် ဒီဇင်ဘာ ၁၄
၂ဝ၁၇ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၂၁ အသင်းက ထိုင်း ယူ-၂၁ အသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၁ အသင်းသည် ပထမပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းကို သရေသာကစားနိုင်ခဲ့သော်လည်း ယခုပွဲတွင် ကစားပုံ ပိုကောင်းလာကာ နာမည်ကြီး ထိုင်း ယူ-၂၁ အသင်းကို အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် ဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်ရှိလာခဲ့ပြီး လက်ကျန်ပွဲများဖြစ်သည့် အိမ်ရှင်ဗီယက်နမ် ယူ-၂၁ အသင်း၊ လက်ရှိချန်ပီယံ ဂျပန်ကလပ် ယိုကိုဟားမားအသင်းတို့နှင့် ပွဲများ မှာ အရေးပါလာခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် ပွဲထွက် လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ထိုင်း အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ထိုင်း ယူ-၂၁ အသင်း သည် ဘောလုံးပိုင်ဆိုင်မှုပိုသာခဲ့သော်လည်း မြန်မာအသင်း ဘက်သို့ ထိရောက်သည့်ဂိုးသွင်းခွင့်များ မဖန်တီးနိုင်ခဲ့ပေ။
၃၅ မိနစ်တွင် မြန်မာ ယူ-၂၁ အသင်း အနိုင်ဂိုးရခဲ့ပြီး ဟိန်းထက်အောင်က တိုက်စစ်မှူး အီစိုး ဖန်တီးပေးသည့် ဘောလုံးကို ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ထိုင်း ယူ-၂၁ အသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးသမား အနီကတ်ဖြင့် ထုတ်ပယ်ခံရ၍ တစ်ယောက်လျော့ကာ ဂိုးပြန်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ယခုပွဲအပြီးတွင် မြန်မာအသင်းက နှစ်ပွဲကစား လေးမှတ်၊ ထိုင်းအသင်းက နှစ်ပွဲကစားသုံးမှတ်ရထားသည်။ မြန်မာ အသင်းသည် တတိယပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဗီယက်နမ် ယူ-၂၁ အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-MFF
Subscribe to:
Post Comments (Atom)
No comments:
Post a Comment