Latest News

Thursday, December 21, 2017

လာမည့်နှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့်အတူ ခရီးသွား ဆွဲဆောင်မှု အစီအစဉ်များ ပါဝင်မည်

လာမည့်နှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့်အတူ ခရီးသွား ဆွဲဆောင်မှု အစီအစဉ်များ ပါဝင်မည်

မန္တလေး    ဒီဇင်ဘာ    ၂၁

၂ဝ၁၈ ခုနှစ် ဧပြီလတွင် ကျင်းပမည့် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် တွင်  လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့်အတူ  မြန်မာ့ရိုးရာ  ဓလေ့များကို  ဖော်ထုတ်၍ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မည့်  အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ယုဇနခန်းမ၌ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ၁၃၇၉ ခုနှစ် မန္တလေး မြို့တော်မဟာသင်္ကြန် နိုင်ငံခြားခရီးသွားမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်  က ပြောသည်။

''လာမယ့်သင်္ကြန်မှာ    မြန်မာ့ဓလေ့စရိုက်နဲ့   မန္တလေးယဉ်ကျေးမှုကို ဖော်ထုတ်ပြီး ခရီးသွားတွေကို ဆွဲဆောင်ဖို့ အစီအစဉ်တွေ ထည့်သွင်းထားတာပါ၊ ခရီးသွားကုမ္ပဏီတွေက ဒီအစီအစဉ်တွေကို နိုင်ငံတကာကို ကြိုတင်အသိပေး ထားပြီး သင်္ကြန်မှာ ပိုမိုဝင်ရောက်လာအောင် ဆောင်ရွက်သွားကြမှာပါ''ဟု ¤င်းက ပြောသည်။

မန္တလေးမြို့၏ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယခင်နှစ်က စတင်ကျင်းပ ခဲ့၍ အောင်မြင်မှုများရရှိခဲ့ပြီး ယခုနှစ်တွင်ပါဝင်မည့် မြန်မာ့ရိုးရာဓလေ့စရိုက် များ ဖော်ထုတ်မည့် အစီအစဉ်တွင် မြန်မာ့ရိုးရာအစားအစာများ ရောင်းချမည့်  ဈေးတန်း၊  မဟာဂန္ဓာရုံကျောင်းတိုက်တွင်  သံဃာတော်များ  ဆွမ်းစားချိန် သွားရောက်လေ့လာခြင်းနှင့် တရားထိုင်လိုသူများအတွက် နေရာများ စီစဉ်ပေး  မည့်အပြင် သနပ်ခါးသွေးခြင်း၊ ခေါင်းလျှော်ခြင်း၊ နွားဘေးမဲ့လွှတ်ခြင်းများ အား လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် မည်သူမဆို ရေဖလားဖြင့် ရေပက်ကစားနိုင်သည့်နေရာများနှင့် စတုဒိသာကျွေးမွေးမည့် မဏ္ဍပ်များလည်း ပါဝင်ပြီး ညပိုင်းတွင် ဖျော်ဖြေရေး အနေဖြင့်  ယခင်ရိုက်ကူးခဲ့သည့်  မန္တလေးအငွေ့အသက်များ  ပါဝင်သော ရုပ်ရှင်ကားဟောင်းများကို ပြသမည့်အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment