Latest News

Sunday, December 3, 2017

ပြာယာ ခတ်လာသော ဘင်္ဂလားဒေ့ရှ်


ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များ အရေး နဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ လူ့
အခွင့်အရေး ကောင်စီ United Nations Human Rights Council (UNHRC) အစည်းအဝေး ကျင်းပပေးဖို့ ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ယင်းသည် ၎င်းတို့ထင်သလို ဖြစ်မလာတော့မှန်း သိလာပြီ ဖြစ်တဲ့ အတွက် သံတမန်ရေးအရ ထပ်မံ
ဖိအားပေးပြီး အကျပ်ကိုင်နိုင်ဖို့ ပဲ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက် ရရှိပြီး မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ အခုလို ပြုလုပ်လာခြင်းက အကြောင်းရင်း သုံးရပ်ရှိတယ်လို့ ရှု့မြင်မိပါတယ်။

ပထမ အချက်က နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာတို့ဖက်က တောင်းဆိုချက် ဖြစ်တဲ့ ပြန်လာသူများ သက်သေ အထောက်အထား ပြနိုင်ရမယ်ဆိုတဲ့ အချက်အပေါ် တုန်လှုပ်လာခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာက ၎င်းတို့ထင်ထားသလို မဟုတ်ပဲ ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများစာရင်းကို နှစ်စဉ် ပြုစုထားပြီး ဖြစ်နေတာ သိသွားတဲ့ အတွက် ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ မြန်မာဖက်က တောင်းဆိုမှုသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအနေနဲ့ တောင်းဆိုသင့်တဲ့ ကိစ္စဖြစ်နေ၍ မငြင်းသာပဲ လက်ခံလိုက်ရခြင်း ဖြစ်ပြီး၊ နောက်တကြောင်းက နိုင်ငံတကာ အလယ်မှာ အားပျော့လာနေတဲ့ မြန်မာအဖို့ ဂျီးမများနိုင်တော့ပဲ လူမသိ သူမသိ အလျော့ပေးလာလိမ့်မယ်လို့ တွက်ထားပြီး အခုလို စာရင်းနဲ့ တိုက်စစ်မယ် ဆိုတာကို လုံးဝမျှော်လင့်မထားတာကြောင့် ဖြစ်ပါတယ်။

ဒုတိယ အချက်က တရုတ်ပြည်မှာ မကြာခင်က ပြီးစီးသွားတဲ့ ကမ္ဘာတ၀ှမ်း နိုင်ငံရေးပါတီများ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီ ခေါင်းဆောင်အဖြစ်မဟုတ်ပဲ အထူးဧည့်သည်တော် အဖြစ်
ဖိတ်ကြားပြီး မိန့်ခွန်းပါ ပြောခိုင်းခြင်းဖြင့် တရုတ်ပြည်မှ ထောက်ခံချက် အပြည့်အ၀ ပေးလိုက်တာ
ကြောင့် ဖြစ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ဆုံးရှုံးတော့မလို ဖြစ်ရတဲ့ အနေအထားကနေ ရခိုင်အရေး
ကြောင့် မြန်မာကို ချည်းကပ်နိုင်ဖို့ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံခဲ့တာ တွေ့ရပါတယ်။ ဒီအတွက်လည်း မြန်မာပြည်သည် ၎င်းတို့ထင်ထားသလို အပါယ်ခံ မဟုတ် ဆိုတာ တွေ့မြင်လိုက်ရပြီ ဖြစ်ပါတယ်။

တတိယ အချက်က ရခိုင်အရေးကြောင့် ဒေသတွင်း မြန်မာပြည်ရဲ့ အနေအထားက ပိုပြီး အရေးပါလာခဲ့တာ တွေ့လာရတဲ့ အတွက် ဖြစ်ပါတယ်။ တိုတောင်းလှတဲ့ ကာလအတွင်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င် မြန်မာခေါင်းဆောင်များ ကို တရုတ်ပြည်က ဖိတ်ခေါ်ခဲ့ပြီး တရုတ်ပြည်ရဲ့ Belt and Road စီမံကိန်း
ကြီးအတွက် လည်း မြန်မာဖက်က လိုလိုလားလား ထောက်ခံခဲ့ကြပါတယ်။

ဒီစီမံကိန်းကြီးကို တန်ပြန်ဖို့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နဲ့ သြစတေးသျှ တို့ က အရင် ရှိခဲ့ပြီးသား Quad လို့ အတိုကောက်ခေါ်တဲ့ Quadrilateral Security Dialogue ကို ပြန်လည်အသက်သွင်းလာတဲ့ အတွက်
မြန်မာသည် ၎င်းတို့အဖို့ တရုတ်ကို တန်ပြန်နိုင်ရေး ပို၍ပင် လက်လွှတ်မခံနိုင်အောင် အရေးပါလာခဲ့ရ
တယ်လို့ မနေ့က ဟောင်ကောင်မှာ ထုတ်ဝေတဲ့ South China Morning Post သတင်းစာမှာ ရေးသားထားပါတယ်။ ဒီအတွက် အိန္ဒိယ အစိုးရက မြန်မာနဲ့ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
သဘောတူ စာချုပ် သုံးခုကို မကြာခင်ကပဲ ချုပ်ဆိုခဲ့ပြီး အကူအညီတွေ ပေးလာဖို့ ရှိနေပါတယ်။

မြန်မာသည် ယခုကဲ့သို့ ဘူမိနိုင်ငံရေးမှာ ၀ှက်ဖဲတွေ ကိုင်လာနိုင်ပြီး သံတမန်ရေးမှာ မလူးသာ မလွန်သာ အနေအထားမှ ရွေ့ လျားလာခဲ့ရပြီ ဖြစ်ပါတယ်။

ဒီအချက် သုံးချက်က ဘင်္ဂလားဒေ့ရှ် အတွက် စဉ်းစားရင် ဘယ်လိုမှ ရင်မအေး စရာတွေ ဖြစ်လာနေရတဲ့
အတွက် အခုလို ဆော်ဒီအာရေဗီယား အကူအညီနဲ့ လူ့အခွင့်အရေး သမားတွေကို ပြန်လည် လူစုနေကာ သံတမန် ရေး ထိုးစစ် ထပ်ဆင်နွဲဖို့ တာစူနေတာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ အစည်းအဝေး ခေါ်ရန် တောင်းဆိုမှုကို လောလောဆယ်မှာ UNHRC အဖွဲ့ဝင် ၄၇ နိုင်ငံ မှာ ၃၃ နိုင်ငံက သဘောတူထားပြီး ကျန် အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၄၀ ရဲ့ ထောက်ခံမှုကို ရရှိထားပြီးပြီလို့ သိရပါတယ်။
လှစိုးဝေ



(ဘီဂျင်းတွင် ကျင်းပသည့် ကမ္ဘာနိုင်ငံရေး ပါတီများ ညီလာခံတွင် အထူးဧည့်သည်တော် အဖြစ် မိန့်ခွန်းပြောကြားရန် စင်မြင်ပေါ်သို့ တက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်)

No comments:

Post a Comment