Latest News

Saturday, November 18, 2017

ကလေးစာပေပွဲတော်(သထုံ)ကို ကွန်ပျူတာတက္ကသိုလ်မှာကျင်းပ

ကလေးစာပေပွဲတော်(သထုံ)ကို ကွန်ပျူတာတက္ကသိုလ်မှာကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံမြို့နယ် စာကြည့်တိုက်များကွန်ယက်တို့ ပူးပေါင်းပြုလုပ်သည့်ကလေးစာပေပွဲတော်၊ ကလေးစာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စာပေပွဲတော်ကို မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် လူရည်ချွန်မောင်မယ် ကျောင်းသား /ကျောင်းသူ ၄ ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ကလေးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးစာပေများဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်ကာ ကလေးစာပေ ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက စာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

စာပေဖွံ့ဖြိုးတိုးတတ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတတ်မှုသည် ဒွန်တွဲနေပါကြောင်း၊ စာအုပ်စာပေနှင့် ရင်းနှီကျွမ်းဝင်လာခဲ့သည့် အလေ့အထအစဉ်အလာရှိရန်နှင့် စာဖတ်ဝါသနာရှိလာအောင် ပျိုးထောင်ပေးရန် လိုပါကြောင်း၊စာဖတ်ဝါသနာပျိုးထောင်သည့်အလုပ်ကိုလုပ်ရန် အကောင်းဆုံးအသက်အရွယ်မှာ ကလေးအရွယ် ဖြစ်သည့်အတွက် ကလေးစာပေပွဲတော်များကိုကျင်းပရခြင်းဖြစ်ပါကြောင်းဖြင့် ၄င်းကဆက်လက် ပြောကြား သည်။

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆင့်တို့်က အမှာစကားများ ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က သထုံမြို့နယ် စာကြည့်တိုက်များကွန်ရက်၏ စာကြည့်တိုက် (၂၃)တိုက်အတွက် စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းရာ ကွန်ရက်ဝင်တစ်ဦးကလက်ခံရယူပြီး ကွန်ရက်ဒု-ဥက္ကဋ္ဌ (သထုံ) နောင်ကုလားဘုရားလေး တိုက်ကျောင်းမှ အရှင်ဣန္ဒ၀ံသက ကျေးဇူးတင်စကား ပြန်လည်မိန့်ကြားသည်။

ထို့နောက် ၀န်ကြီးနင့်အဖွဲ့ဝင်များသည် ခင်ကျင်းပြသထားသည် ကလေးစာပေပြခန်းများ၊ ပြိုင်ပွဲများ၊ ဂိမ်းကစားနည်းများ၊ ခြင်လုံးအလှခတ်၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ စက္ကူခေါက် ပြိုင်ပွဲများ၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှပြခန်းများကိုလှည့်လည်ကြည့်ရှုအားပေးပြီး စာပေပွဲတော်သို့ လာရောက်ကြသည့် ကလေးငယ်များနှင့်ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော် (၅)မြို့ တွင်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ခရိုင်အဆင့် မြို့နယ် (၁၁)ခု တို့တွင်လည်းကောင်း ကျင်းပနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ (၁၄)ခရိုင် ကျင်းပပြုလုပ်လျှက်ရှိကြောင်း မွန်ပြည်နယ်အနေဖြင့် ပြည်နယ်အဆင့် စာပေပွဲတော်ကို ယခုနှစ် မတ် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မော်လမြိုင်တက္ကသိုလ်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ယခုအခါ ကွန်ပျူတာတက္ကသိုလ်၌ ကလေးစာပေ ပွဲတော် (သထုံ) ကို နိုဝင်ဘာ ၁၀ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးရွှေမြင့်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ စာပေချစ်သူများတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟံသာနွန်

No comments:

Post a Comment