Latest News

Saturday, November 18, 2017

ပေါင်မြို့နယ်တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်

ပေါင်မြို့နယ်တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်

အာရှနိုင်ငံများတွင် Culex ခြင်ကိုက်ခံရသော တိရိစ္ဆာန်များမှတဆင့် ကူစက်သော ဗိုင်းရပ်တစ်မျိုးကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုရှိလာပြီးနောက် နိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချရန် ရည်ရွယ်ကာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းအစီအစဉ်ကို ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ၀က်၊ ကျွဲ၊ နွား၊ ငှက် စသော တိရစ္ဆာန်များထံမှတဆင့် ဂျပန်ဦးနှောက်ရောင် ရောဂါ ဗိုင်းရပ်ပိုး သယ်ဆောင်လာသော Culex အမျိုးအစားဖြစ်ပြီး စိတ်အာရုံခံစားမှု မကြည်လင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ရှုပ် ထွေး၍ဝေခွဲမရခြင်း၊ စိတ်ဂဏာ မငြိမ်ဖြစ်ခြင်း၊ ကယောက်ကတမ်းဖြစ်ခြင်း၊ ပတ်ဝန်းကျင်ကို စိတ်မ၀င်စားတော့ဘဲ တချိန်လုံး ငိုက်မြည်းလာခြင်း စသည့်လက္ခဏာများ ဖြစ်လာတတ်ပါသည်ဟုလည်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားနိုင်သူများမှာ အသက်အရွယ်မရွေးဖြစ်ပွားပြီး အသက် ၅ နှစ်မှ ၉နှစ်အကြား ကလေးငယ်များတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး၊ အသက် ၁ နှစ်မှ ၄ နှစ်အကြား ကလေးများတွင် ဒုတိယအများဆုံး ဖြစ်ပွားပြီး နေရာဒေသအများစုတွင် အသက် ၁၅ နှစ်အောက် ကလေးများသည် လူကြီးများထက် ဂျပန်ဦးနှောက်ရောင်ရောဂါကူးစက် ဖြစ်ပွားရန် အန္တရာယ် ပိုမိုမြင့်မားကြောင်း လေ့လာချက်အများအရ သိရှိရပါသည်ဟု မြို့နယ် ကျန်းမာရေးမှူး ထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လုပ်ငန်းစဉ်နှစ်မျိုးဖြစ်သည့် ကျောင်း အခြေပြုနှင့် ပြည်သူလူထုအခြေပြုကာကွယ်ဆေးထုံးနှံခြင်း အစီအစဉ်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခု ပထမ အကြိမ် အဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျောင်းအခြေပြုအဖြစ် အသက် ၅နှစ်မှ ၁၅နှစ်အထိ ကလေးများအား အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာကျောင်းများတို့တွင် ဆေးထိုးစုရပ်များ ဖွင့်လှစ်၍ လိုက်လံထိုးနှံပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက် နေ့အတွင်း အသက် ၉ လမှ ၅နှစ်အထိ ကလေးများနှင့် ပထမအကြိမ်တွင် ဆေးထိုးရန်ကျန်ရှိသည့် ကလေးငယ်များအား ပြည်သူလူထုအခြေပြု အစီအစဉ်ဖြင့် မြို့နယ်ဆေးရုံများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံများနှင့် အခြား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ အစုလိုက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟံသာနွန်

No comments:

Post a Comment