Latest News

Sunday, November 5, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၅ မှာ တာဝန်ထမ်းဆောင်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို နယ်စပ်မိုင်တိုင် ၄၅ နဲ့ ၄၆ ကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

မိုင်တိုင် ၄၅ မှာ တာဝန်ကျတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ တပ်ဖွဲ့ဝင်သုံးယောက် တို့ အောင်သပြေနယ်မြေရုံးမှာ လစာထုတ်ယူပြီးအပြန် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်တိုင် ၄၆ နဲ့ ၄၅ ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တောင်ကုန်းငယ်တစ်ခုကနေ လက်နက်ငယ်နဲ့ အချက် ၂၀-၃၀ လောက် ပစ်ခတ်ခဲ့တဲ့အတွက် ရှေ့ဆုံးက ဆိုင်ကယ်မောင်းလာတဲ့ ရဲတပ်သား ထန်စွမ်းပြောင်က ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ သုံးယောက်တို့ကလည်း အချက် ၃၀ လောက် ပစ်ခတ်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင် လေးယောက်မှာ ရဲတပ်သား ထန်စွမ်းပြောင်တစ်ယောက်ပဲ မိုင်တိုင် ၄၅ စခန်းကို ညနေ ၆ နာရီကျော်မှာ ပြန်ရောက်လာပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင် သုံးယောက်က ပြန်ရောက်မလာတဲ့အတွက် နယ်မြေစခန်းရုံးကို သတင်းပေးပို့ပြီး အောင်သပြေနယ်မြေစခန်းက ရဲမှူးအောင်မြင့်မြတ်ဦးဆောင်ပြီး မိုင်တိုင် ၄၅ နဲ့ ၄၆ တို့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အား ၂၀ က ညနေ ၆ နာရီခွဲမှာ ရောက်ရှိရှင်းလင်းခဲ့ရတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။

အုပ်စုကွဲသွားတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ နောက်ထပ်တပ်ဖွဲ့ဝင် ၂ ယောက်ကို ညနေ ၆ နာရီ ၄၅ မှာ အဆက်အသွယ်ပြန်ရခဲ့ပြီး မိုင်တိုင် ၄၅ စခန်းကို နယ်မြေမှူး ရဲမှူးအောင်မြင့်မြတ်ဦးဆောင်တဲ့အဖွဲ့က ပြန်လည်ပို့ဆောင်ပေး နိုင်ခဲ့ပါတယ်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မိုင်တိုင် ၄၆ နဲ့ ၄၇ ကြားမှာ အောင်သပြေရွာသား လေးယောက် ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ယောက်သေဆုံးခဲ့ပြီး သေနတ်ဒာဏ်ရာတွေ ရခဲ့တဲ့ ၂ ယောက်ကတော့ အခုအချိန်ထိ ဆေးရုံတက်ကုသနေရဆဲ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment