Latest News

Sunday, November 5, 2017

အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးကြသည့် မြန်မာ့ပုန်းရည်ကြီး

အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးကြသည့် မြန်မာ့ပုန်းရည်ကြီး

မြန်မာလူမျိုးများ နှစ်သက်စွာစားသုံး ကြသည့် အစားအစာများထဲတွင် ပုန်းရည် ကြီးသည် တစ်မျိုးအပါအဝင်ဖြစ်ပြီး ပုဂံသို့ ဘုရားဖူးသွားပြီး အပြန်တွင် လက်ဆောင် အဖြစ်လည်းကောင်း၊ အိမ်၌ စားရန်လည်း ကောင်း ဝယ်ယူလာလေ့ရှိသည်။ ပုန်းရည်ကြီးသည် အထက် အညာဒေသ ပုဂံ-ညောင်ဦးမှ အဓိ က ထွက်သော်လည်း မြန်မာနိုင်ငံအနှံ့အပြား၌ လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်သကဲ့သို့ ယင်းဒေသ မှထွက်သည့် ပုန်းရည်ကြီးအမှုန့်ထုပ်နှင့်အစိုထုပ်များကိုလည်း ရန်ကုန်မြို့ရှိ ဈေးများနှင့် City Mart များ၌ အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ တချို့နယ်မြို့များ၌ ပုန်းရည်ကြီးအစိုကို အထုပ်ဖြင့်ရောင်းချ ကြသကဲ့သို့ ဒန်အိုး၊ ပလတ်စတစ်ဇလုံ စသည်တို့နှင့် ထည့်ကာ အလေး ချိန်ဖြင့်လည်း ရောင်းလေ့ရှိသည်။

ဝါတွင်းကာလ ဥပုသ်သည်များ သက် သတ်လွတ်အဖြစ် ပုန်းရည်ကြီးကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီတို့ဖြင့်သုပ်စားခြင်း၊ ဆီအနည်းငယ်ဖြင့် ကြော်စားခြင်း၊ ထမင်းဖြင့် ရောနယ်ကာ ထမင်း သုပ်သုပ် စားနိုင်သည့်အတွက် သက်သတ်လွတ်စားသုံးသူများ ထမင်းမြိန်စေမည့်အပြင် အာဟာရ ပြည့်ဝစေပြီး ဘေးထွက် ဆိုးကျိုး လည်းမရှိသည့်အစားအစာတစ်မျိုးဖြစ်သည်။ ထိုသို့ ပုန်းရည်ကြီးကို သက်သတ်လွတ် အဖြစ်စားသုံးနိုင်သကဲ့သို့ အသားများနှင့်လည်း ရောချက်စားပါက အရသာရှိလှသည်။ ဝက်သားဖြင့် ရောချက်စားသည့် ဝက်ပုန်းရည်ကြီးသည် ဝက်သားကြိုက်နှစ် သက်သူများအတွက် အရသာဆိမ့်ဆိမ့်လေးဖြင့်အလွန်ခံတွင်းတွေ့စေမည့် ဟင်းလျာ တစ်မျိုးဖြစ်သကဲ့သို့ တချို့သော အိမ်ရှင်မများကလည်း ပုန်း ရည်ကြီးကို ကြက်သား၊ ငါးတန်နှင့် ငါးမြင်းတို့ဖြင့်လည်း ရောချက် လေ့ရှိကြသည်။

ပုန်းရည်ကြီးကို ပဲပိစပ်မှအဓိကပြုလုပ် ခြင်းဖြစ်ရာ ကိုယ်တိုင်ပြုလုပ်လိုပါက ပဲပိစပ်ကို ရေစင်အောင်ဆေးပြီး ရေသုံးဆထည့်ကာ ရေကို သုံးပုံတစ်ပုံခန်းအောင်ပြုတ် ပေးရမည်။ ရေခန်းပါက ပြုတ်ရေကိုစစ်ပြီး အဖတ်များကိုရေသုံးဆနှင့် သုံးပုံတစ်ပုံခန်းအောင်ထပ်ပြုတ်ရပါမည်။ထိုသို့ သုံးကြိမ်ပြုလုပ်ပြီးရောမွှေကာ အချဉ်ဖောက်ရန် သုံးရက်နှပ်ထားရပါမည်။ သုံးရက်ပြည့်ပါက ပျစ် လာအောင်ထပ်ကျိုရပါမည်။အရည်ပျစ်လေကောင်းလေဖြစ်သည့်အတွက် လေလုံလုံအိုးထဲ၌ထည့်ထားပါက အနံ့ မွှေးပြီး အရသာရှိသည့် ပုန်းရည်ကြီးကို ရရှိလာမည်ဖြစ်သည်။ ပုန်းရည်ကြီး သည်အာဟာရဓာတ်ကို ပြည့်ဝစေသကဲ့သို့ ဘေးဥပဒ်လည်းကင်းရှင်း စေသည်။

ပုန်းရည်ကြီးသည် ပဲကိုပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ပဲအများစုသည် ပရိုတင်း ဓာတ်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် သတ္တုဓာတ်များနှင့် အမျှင်ဓာတ်များ လည်း ပါဝင်သည့်အတွက် အာဟာရဓာတ်များစွာရရှိမည်ဖြစ်သည်။ ထို့ပြင် ပဲတွင်ပါဝင်သည့် သတ္တုဓာတ်နှစ်မျိုးဖြစ်သည့် သံဓာတ်နှင့်ထုံးဓာတ် (ကယ်လ်စီယမ်)တွင် သံဓာတ်သည် သွေးအားကောင်းစေပြီး ထုံးဓာတ် သည် အရိုးများကို ကျန်းမာကြံ့ခိုင်စေပြီး အရိုးပွခြင်းကိုလည်း ကာကွယ်ပေးသည်။ ပုန်းရည်ကြီးတွင် အဓိကပါဝင်သည့် ပဲပိစပ်သည် ရှေးနှစ်ပေါင်းများစွာကတည်းကစားသုံးလာကြပြီး အာဟာရများစွာ ပါဝင်သော အစားအစာတစ်မျိုးဖြစ်ကာဖောလစ်အက် စစ်ပါဝင် သည့် အ တွက် ဖောလစ်အက်စစ်ချို့တဲ့မှုကြောင့် ဖြစ်တတ်သည့် သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးသည်။
အချုပ် အားဖြင့်ဆိုသော် ပုန်းရည်ကြီး သည် စားသုံးသူများအတွက် အာဟာရ ဓာတ်များစွာကြွယ်ဝစေသော အစားအစာဖြစ်ပြီး မြန်မာလူမျိုးတို့၏ မိသားစုထမင်း ဝိုင်းတွင် ထမင်းမြိန်စေ သည့် အစားအစာ တစ်မျိုးပင်ဖြစ်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။ ။
မြ၀တီ

No comments:

Post a Comment