Latest News

Monday, November 13, 2017

ရိုးရိုးသားသား နေခဲ့တဲ့ ဖေဖေနဲ့မေမေကို သတိရခဲ့ရတယ်(ဒေါ်အောင်ဆန်းစုကြည်)


စစ်ပြီးစအချိန်.. ရန်ကုန်မြို့ မှာ "ဖာလူဒါ" နာမည်ကြီးတဲ့ အအေးဆိုင်တစ်ခုရှိပါတယ်.. ဖေဖေက ဘုရင်ခံကောင်စီဒုဥက္ကဋ္ဌဖြစ်လာပြီး မကြာမီ လခထုတ်ရက်မှာ မိသားစုတွေ အဲဒီအအေးဆိုင်မှာ ဖာလူဒါသွားသောက်ကြတယ်.. အဲဒီတုန်းက ဖာလူဒါခွက်တွေက အကြီးကြီးတွေပါ.. မလိုင်တွေ ကြက်ဥပူတင်းဖတ်တွေ ဖာလူဒါစေ့တွေ နှင်းရေတွေနဲ့ တစ်ပွဲဆိုတစ်ဝကြီးပါပဲ.. ကလေးတွေအပါအဝင် အားလုံး တစ်ယောက်တစ်ခွက်မှာလိုက်တော့ တစ်နှစ်ကျော် ကျွန်မအပါအဝင် ကလေးတွေကလည်း တစ်ခွက်စီရပါတယ်.. လူကြီးတွေသောက်လို့ကုန်ပေမဲ့ ကလေးတွေကတော့ ဘယ်ကုန်မှာလဲ.. ကလေးတွေ ဖန်ခွက်ထဲမှာ ကျန်နေတဲ့ ဖာလူဒါတွေကို မေမေက တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်ပါတယ်.. အစားနည်းတဲ့ ဖေဖေက မေမေ့ကို အံ့ဩတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ပြောတယ်တဲ့..
"သခင်ဗစိန်ကြီး ဝက်သားတစ်ပိဿာချက်ရင် သူမြည်းတာနဲ့ပဲ ကုန်တယ်" တဲ့.. ကြီးတော်ကြီးက ဒီလိုပြောတာကို သဘောကျမဆုံးပါဘူး.. "သူ့မိန်းမ အစားကြီးတာကို ဘယ်နဲ့ သခင်ဗစိန်ကြီးဘက် မျှားဦးလှည့်သွားရလည်း" ဖေဖေက ဘုကျကျနဲ့ သွေးထွက်အောင်မှန်တဲ့ ဒဲ့ဒိုးစကားတွေ ပြောတတ်တယ်ဆိုပေမဲ့ မေမေ့ကိုကျတော့ နူးညံ့နေတာကို ကြီးတော်ကြီးက အတော့်ကိုပီတိဖြစ်ပါတယ်..

တကယ်တော့ ဖေဖေ့စိတ်က နူးညံ့ပါတယ်.. အစားအစာအကြောင်းပဲ ဆက်ရမယ်ဆိုရင် ဘယ်တော့မှ မေမေ့ကို စိတ်ရှုပ်အောင် မလုပ်ခဲ့ဘူးပါဘူး.. မေမေက ငယ်ငယ်ထဲက အချက်အပြုတ်ဝါသနာ မပါတော့ ဘာမှ မချက်တတ်ပါဘူး..(ဒါကြောင့် ကျွန်မကိုတော့ ငယ်ငယ်ကတည်းကပဲ သင်တန်းလွှတ်ပြီး အချက်အပြုတ်သင်ခိုင်းတာ ထင်ပါတယ်).. ဖေဖေကလည်း ဘယ်တော့မှ ချေးမများပါဘူး.. ရှေ့မှာချပေးတာကို ခေါင်းငုံ့စားတာပါပဲ.. အညာသားဆိုတော့ မေမေတို့ အောက်ပြည်က အစားအစာအချို့ ကို သိတ်မကြိုက်ပေမဲ့ ကျွေးရင်စားတာပါပဲ..

ဖေဖေ့အစ်ကို ဦးအောင်သန်းကဆိုရင် အိမ်ကိုလာလယ်လို့ တညင်းသီးချက်ထားတဲ့ အနံ့ရတာနဲ့ ပြေးတာပဲတဲ့.. ဖေဖေကတော့ မကြိုက်ပေမဲ့ စားရှာတယ်.. "ဖေဖေကြိုက်တာကတော့ ဆိတ်ကလီစာဟင်း" တဲ့.. အိမ်မှာ ဆိတ်ကလီစာချက်တိုင်း ဒါ ဖေဖေအကြိုက်ဆုံးဟင်းဆိုပြီး သတိတရပြောတာ ကျွန်မကလေးဘဝတစ်လျှောက်လုံးပါပဲ.. ကလီစာထဲမှာ မျက်နှာသုတ်ပဝါကို ဖေဖေအကြိုက်ဆုံးဆိုတာလည်း သိရပါတယ်.. ကျွန်မမိတ်ဆွေတွေကို ပြောပြတော့ ရယ်ကြတယ်.. ပုဆိုးကြမ်းကိုဆိုတာနဲ့ တူတယ်လို့ ပြောကြတယ်.. ကျွန်မတို့ကတော့ မျက်နှာသုတ်ပဝါလို့ပဲ သိပါတယ်..

နောက် ဖေဖေက တစ်ခါတလေ "ငရုတ်သီးဟင်း စားချင်တယ်ပြောတာ" ဘယ်လိုဟင်းမျိုးမှန်း မသိလို့ မကျွေးနိုင်ခဲ့တာကို မေမေက ဝမ်းနည်းစွာပြောဖူးတယ်.. ကျွန်မကလည်း ဒီ "ငရုတ်သီးဟင်း" ရှာပုံတော်လုပ်တာ အသက်အတော်ကြီးမှပဲ တောင်တွင်းကြီးဇာတိ ညီမတစ်ယောက် ချက်ကျွေးလို့ စားဘူးဖြစ်တော့တယ်..
*ရိုးရိုးသားသား နေခဲ့တဲ့ ဖေဖေနဲ့မေမေကို
သတိရခဲ့ရတယ်*

ဒေါ်အောင်ဆန်းစုကြည်
(၂၃- ၂- ၂၀၁၅)

No comments:

Post a Comment