Latest News

Wednesday, November 8, 2017

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း

လည်ပင်းကြီးရောဂါအကြောင်း

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း

လည်ပင်းကြီးရောဂါသည် အသက်အန္တရာယ်အထိ ဖြစ်နိုင်ခြေရှိသော ရောဂါတစ်မျိုးဖြစ်ပြီး ယနေ့ခေတ်တွင် ထိုရောဂါဖြစ်ပွားမှုကို ပိုမိုတွေ့ရှိလာရသည်။ ထို့ကြောင့် လည်ပင်းကြီးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သိရှိစေနိုင်ရန်အတွက် အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း တာဝန်ခံ) နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လည်ပင်းကြီးရောဂါဆိုတာနဲ့ ဒီရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါဦး။
Dr.KSO : လည်ပင်းရဲ့ ရှေ့ဘက်မှာရှိတဲ့ Thyroid Gland က ပုံမှန်မဟုတ်ဘဲနဲ့ အရွယ်အစား ကြီးလာတာပေါ့။ ဖြစ်စေတဲ့ အကြောင်းတွေကတော့ အများကြီး ရှိတာပေါ့။ အဲဒီအထဲကမှ အိုင်အိုဒင်း ချို့တဲ့တာကြောင့်ရယ်၊ မိမိရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်က ပြန်တိုက်တဲ့အခါမှာလည်း လည်ပင်းကြီးတယ်။ သိုင်းရွိုက်ဟော်မုန်းတွေ များတာကြောင့် ဖြစ်နိုင်သလို ကင်ဆာရောဂါကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါတွေကတော့ လည်ပင်းကြီး ရောဂါဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေပေါ့။ နောက်ထပ် ဖြစ်နိုင်ခြေရှိတာက ဆေးလိပ်သောက်တာနဲ့လည်း ဆက်စပ်နေတယ်။ ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့အချိန်တွေမှာလည်း ဖြစ်တယ်။ အဲဒါက ကိုယ်ဝန်ဆောင်တဲ့အချိန်၊ လူပျို၊ အပျို ဖော်ဝင်တဲ့အချိန်၊ တချို့ အမျိုးသမီးတွေကတော့ သွေးဆုံးမီးယပ်ကိုင်တဲ့ အချိန်တွေမှာ ဖြစ်နိုင်တာပေါ့။ တစ်ခါတလေလည်း Thyroid Gland ထဲမှာ ရောဂါပိုး ဝင်ရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အိုင်အိုဒင်း ချို့တဲ့လို့ ဖြစ်သလို အိုင်အိုဒင်း အလွန်အကျွံ စားရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျရင် လည်ပင်းကို ဓာတ်ရောင်ခြည် ကုသမှု ခံရတဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေရှိတယ်။ ဒါတွေကတော့ အဖြစ်နည်းတာတွေပေါ့။

Voice : လည်ပင်းကြီးရောဂါ ဖြစ်တယ်ဆိုတာကို သိနိုင်မယ့် လက္ခဏာလေးတွေကို ပြောပြပေးပါဦး။
Dr.KSO : လည်ပင်းကြီးလာပြီဆိုရင် ဟော်မုန်းအနေနဲ့ ပြောရရင် သိုင်းရွိုက်ဟော်မုန်းများတာလည်း ဖြစ်နိုင်သလို နည်းတာလည်း ဖြစ်နိုင်တယ်။ သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို တာဝန်ယူပြီး ဆောင်ရွက်ပေးတာပေါ့။ Thyroid Gland ထဲမှာရှိ တဲ့ သိုင်းရွိုက်ဟော်မုန်း များလာတဲ့အချိန်ဆိုရင် နှလုံးတုန်၊ ရင်တုန်တယ်။ ပြီးရင် လက်တွေပါတုန်လာတာပေါ့။ နောက်ပြီး စိတ်တိုလွယ်တာပေါ့။ အပူဒဏ်ကို မခံနိုင်ဘူး။ သွေးတိုးတာတွေပါ ဖြစ်တတ်တယ်။ တစ်ခုခုဆိုရင် အရမ်း ဒေါသဖြစ်လွယ်တယ်။ ကိုယ်အလေးချိန် ကျလာတယ်။ ဝမ်းလျှောတယ်။ နောက်တစ်ခုက သိုင်းရွိုက် ဟော်မုန်း နည်းတဲ့အချိန်ဆိုရင် များတာရဲ့ ပြောင်းပြန်အနေနဲ့ ခန္ဓာကိုယ် အလေးချိန် တက်လာတယ်။ အအေးဒဏ်ကို မခံနိုင်ဘူး။ ဝမ်းချုပ်တယ် စသဖြင့်ပေါ့။ နောက် ဘာဖြစ်နိုင်သေးလဲဆိုတော့ လည်ပင်း ကြီးလာတဲ့အတွက် အစာ၊ ရေ မျိုချရတာခက်တာပေါ့။ အသက်ရှူရတာ ခက်တယ်။ တချို့ဆိုရင် အသံတွေပါ ပြောင်းသွားတာပေါ့။ ပုံမှန် အသံအနေအထားတွေ ပြောင်းသွားတာပေါ့။ ဒါတွေက လည်ပင်းကြီးတာရဲ့ လက္ခဏာတွေပေါ့။ ဒီ့အပြင် လည်ပင်းက ထင်သာမြင်သာဖြစ်အောင် ကြီးတာရှိသလို၊ မကြီးတာလည်း ရှိတယ်။ တချို့ကျတော့ မကြီးသေးပေမယ့် အထဲမှာ ဟော်မုန်းတွေ အရမ်းကို မြင့်တက်နေပြီး အဆိပ်အတောက် ဖြစ်တဲ့အခါမှာ မျက်စိပြူးတာတွေပါ ရှိလာတယ်။ ဒါတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့ပုံစံတွေက မတူညီဘူး။ ဒီလို လက္ခဏာတွေ ဖြစ်လာတဲ့အခါမှာ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုတယ်။

Voice : အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် ဘယ်လို ကုသမှုတွေ ခံယူသင့်ပါသလဲ။
Dr.KSO : ဆရာတို့က ရောဂါရာဇဝင်ကို မေးတယ်။ ပြီးရင် လည်ပင်းကို စမ်းကြည့်တာပေါ့။ စမ်းတဲ့အခါမှာ ယောင်နေလား၊ ကြီးလာလား၊ အဖုအကျိတ် ရှိလားပေါ့။ လိုအပ်ရင် သွေးဖောက်စစ်တာတို့၊ အဲဒီနေရာကို Ultrasound ရိုက်တာတို့၊ Thyroid Scan ရိုက်တာတို့၊ အသားစ ယူတာတို့ စတဲ့နည်းတွေနဲ့ ရောဂါရှာဖွေတယ်။ ရောဂါရှာဖွေပြီးမှ ကုသမှုပိုင်းကို သွားရမှာလေ။ ကုသမှုအပိုင်းမှာလည်း ဆေးဝါးနဲ့ ကုသတာရှိတယ်။ ခွဲစိတ်ကုသတာ ရှိသလို တခြား ကုသတဲ့နည်းတွေနဲ့လည်း ကုသနိုင်ပါတယ်။

Voice : ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးခံစားရတာတွေ ရှိပါသလား။
Dr.KSO : အစာ၊ ရေ မျို နင်လာတာတွေ၊ အသက်ရှူ ခက်လာတာတွေ၊ အသံတွေ ပြောင်းလာတာတွေက နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့။ ဒီရောဂါရဲ့ နောက်ဆက်တွဲတွေက တော်တော်ကို ခံစားရတယ်။ စိတ်ပိုင်းဆိုင်ရာဆိုလည်း စိတ်ဖိစီးမှုတွေ တအားများတာပေါ့။

Voice : ရောဂါဖြစ်ပွားနှုန်းကရော။
Dr.KSO : အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရတော့ ဆေးစစ်တဲ့အခါမှာ Thyroid Gland က ထွက်တဲ့ ဟော်မုန်း အမျိုးအစားတွေကို ရောဂါရှာဖွေတဲ့အထဲမှာ မပါမဖြစ် ထည့်ပြီး စစ်လာရတဲ့ အနေအထား ရှိပါတယ်။ လွတ်သွားမှာ စိုးလို့ပါ။ ဘာလို့လဲဆိုတော့ ရောဂါဖြစ်လာတာ တွေ့နေရလို့ပါ။ အခုက အသက် ကြီး ငယ် မရွေး အသက် ၃၀ ကျော် ပတ်ချာလည်တွေမှာလည်း တွေ့နေရတယ်။ ဒါက ဂရုစိုက်ရမယ့် အနေအထားမှာ ရှိသွားတယ်။

Voice : ရောဂါက ကုသရင်ရော လုံးဝ ပျောက်ကင်းသွားနိုင်ပါသလား။
Dr.KSO : သူက ခွဲစိတ် ကုသလိုက်တဲ့ အနေအထားဆိုရင်လည်း ပြန်တော့ ကြည့်နေရတယ်။ ပြန်တော့ဖြစ်နိုင်ခြေ ရှိတယ်။ သို့သော် ကုသနေတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သုံးလ တစ်ကြိမ်ပဲဖြစ်ဖြစ်၊ ခြောက်လ တစ်ကြိမ်ပဲဖြစ်ဖြစ် ဆေးပြန်စစ်သင့်တယ်။ Thyroid Gland ထုတ်လိုက်ပြီဆိုရင် သိုင်းရွိုက်ဟော်မုန်းဆေးတွေက သောက်ရဦးမယ်။ ဒီတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး။ ဖြစ်တဲ့သူတွေက ၁၀ဝ ရာခိုင်နှုန်း အရှင်းပျောက်ဖို့ မပြောနိုင်ဘူး။ သို့သော် ဆရာဝန် ညွှန်ကြားချက်အတိုင်း သေချာ ကုသမှုခံယူရင် သူ့ရဲ့ လက္ခဏာတွေတော့ သက်သာတယ်ပေါ့။ နေမှုထိုင်မှုတွေ ကောင်းမွန်လာမှာပါ။

Voice : ဆရာ့အနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး လူထုကို သတင်းစကား ပါးပေးပါဦး။
Dr.KSO : လည်ပင်းကြီးခြင်းကို သိထားတာက အိုင်အိုဒင်းချို့တဲ့လို့ဆိုပြီး သိထားတယ်။ အိုင်အိုဒင်းဆားကို စားခိုင်းတာရှိတယ်။ ဒါပေမဲ့ လိုအပ်တဲ့အခါမှာ စားရင်တော့ ပိုကောင်းတယ်။ ပုံမှန်စားနေကျ အစားတွေမှာတော့ အိုင်အိုဒင်း ပါကောင်း ပါနိုင်တာပေါ့။ အိုင်အိုဒင်းဆားကို သီးသန့်ချည်း သုံးစွဲတာတွေကိုတော့ သတိထားသင့်တယ်။ မိသားစုထဲမှာ ဖြစ်တဲ့ရာဇဝင်ရှိခဲ့ရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ ရှိတာကြောင့် ဒီရောဂါနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဖတ်ရှုလိုက်နာသင့်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

The Voice

No comments:

Post a Comment