Latest News

Wednesday, November 29, 2017

အလှမ်းဝေးနေသေးတဲ့ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေး

အလှမ်းဝေးနေသေးတဲ့ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး ၂နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ ခုချိန်ထိတိုင်အောင် ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို မရရှိသေးဘူးဆိုတာကို ကွတ်ခိုင်မြို့စွန်က  စစ်ဘေးရှောင်စခန်းနေရာတွေက သက်သေပြ နေသလိုပါပဲ။
ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်စခန်းတွေမှာလည်း မြန်မာနိုင်ငံရဲ့ အခြား ပဋိပက္ခဒေသက စစ်ရှောင်စခန်းတွေလို အမျိုးသမီးနဲ့ ကလေးငယ်တွေကိုသာ အများဆုံးတွေ့ရပါတယ်။
“ဟိုနားဒီနား အသံလေးတွေက ကြားနေရတော့ ကြောက်နေ ရတဲ့စိတ်က အမြဲတမ်းရှိတယ်။ လုံခြုံမှုမရှိ သလို ခံစားနေရတယ်။”လို့ ကွတ်ခိုင်က (Zup aung Camp)မှာ နေထိုင်နေတဲ့ ဒေါ်ခေါ်လမ်က ပြောတယ်။
      ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က NCA လတ်မှတ်ရေးထိုး ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ  တပ်မတော်နဲ့ လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင် တွေ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျခဲ့တယ် ဆိုပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းကတော့ ဆန့်ကျင်ဘက် အနေအထား တစ်ခုလို့ဆိုရမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA (ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ) အပါအ၀င်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေများတဲ့အတွက် အချင်းချင်း အကြား နယ်မြေစိုးမိုးမှုနဲ့ ဆိုင်တဲ့ ပြသနာတွေရှိကြသလို တပ်မတော်နဲ့ ထိတွေ့မှုလည်း မကြာခဏဖြစ်လေ့ ရှိပါတယ်။
“ ရှမ်းမြောက်မှာကျတော့ ငြိမ်းချမ်းရေးဆိုတာ ၂၁ပင်လုံဖြစ်လာမှ ပေါ်လာတာပါ။ငြိမ်းချမ်းရေးဆိုတဲ့ စကားက အဲ့မတိုင်ခင်အရှေ့ပိုင်းမှာ ဘာမှမရှိဘူး”လို့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့ ကူညီပေး နေတဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ ရုံးခွဲညှိနှိုင်းရေးမှူး (လားရှိုး) ဦးဟောင်းဒေါင်းကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေဟာ ၂၀၁၆ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အတွင်း သုံးဆ နီးပါး ၃၀၀၀၀ ကျော် တိုးလာတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်းက ပြုလုပ်ထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အဲဒီအထဲမှာတော့ အမျိုးသမီးနဲ့ကလေးငယ်တွေက ပိုများနေတာကိုလည်း မျက်မြင်အရ တွေ့ရပါတယ်။
“ငြိမ်းချမ်းရေးလို့ပြောပြီဆိုရင် အမျိုးသမီးတွေ တကယ့် တကယ့် ငြိမ်းချမ်းရေးကို ခံစားချင်ကြပြီ။ သို့ပေ မယ့် လက်ရှိဖြစ်ပျက်နေတာက စစ်မြေပြင်ထိတွေ့မှု များတယ်။ အဲတော့ သူတို့ရဲ့လုံခြုံရေးကို အရမ်းကို စိုးရိမ် နေတဲ့ဟာက ဒီငြိမ်းချမ်းရေးအတွက်ကို ဘယ်လိုမှ  မသွားနိုင်ဘူး။” လို့ တအောင်းအမျိုးသမီး အဖွဲ့အစည်း သုတေသနနဲ့ မှတ်တမ်းတာဝန်ခံ လွေးပိုးကမေဲးခြိုင်းက ဆိုပါတယ်။

တိုက်ပွဲတွေရဲ့အဓိက မြေဇာပင်က အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ဖြစ်ကြပြီး အကြောင်းကြောင်းကြောင့် နှိပ်စက်တာ မခံနိုင်တဲ့ အမျိုးသားတွေကတော့  မိသားစုကို ထားပြီး ထွက်ပြေး တာမျိုးတွေ ရှိပါတယ်။ ကျန်ခဲ့တဲ့ အမျိုးသမီးတွေက နှိပ် စက်မေးမြန်းခြင်းခံရတာတွေလည်းရှိသလို တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေ အနိုင်ကျင့်စော်ကား ခံရမှုတွေ လည်း ရှိတဲ့အတွက် အမျိုးသမီးတွေက အမြဲစိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေကြရတယ်လို့ ဒေါ်ခေါ်လမ်က ပြောတယ်။
ပဋိပက္ခဒေသတွေ မှာ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံရေးက စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေပါ တယ်။နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျလို့ ထွက်ပြေးကြရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေလောက် မပြေးနိုင်ကြဘူး။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့ အခါ ကလေးငယ်ရှိတဲ့ အိမ်ထောင်ရှင်မတွေက ၀မ်းရေးအတွက်နေ့စား အလုပ်ထွက်လုပ်ဖို့ အခက်အခဲဖြစ်ရတဲ့ အတွက် ငြိမ်းချမ်းရေးကို အလိုလားဆုံးက အမျိုးသမီးတွေသာ ဖြစ်တယ်လို့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေး ရှောင်စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေက ပြောကြတယ်။
   
“ဘယ်သွားသွားလုံခြုံစိတ်ချမှုမရှိတဲ့အတွက် ကျွန်မတို့ငြိမ်းချမ်းမှပဲ လုံခြုံမှုရှိမှပဲ ဘာပဲလုပ်လုပ် စိတ်ချ လက်ချ လုပ်ကိုင်နိုင်တယ်။သွားနိုင်တယ်။လာနိုင်တယ်။ဒါကြောင့် ကျွန်မတို့က အဓိကကတော့ ငြိမ်းချမ်းရေးကို ပိုလိုလားတယိ။နောက်ပြီးတော့ လုံခြုံမှုကိုလည်း ပိုလိုလားပါတယ်။ငြိမ်းချမ်းမှပဲလုံခြုံမှု ရှိမယ်လို့ ထင်တယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ်နေတဲ့အရာဖြစ်တယ်။” လို့ ဒေါ်ခေါ်လမ်က ဆိုပါတယ်။
  ငြိမ်းချမ်းရေးကို လိုအပ်နေကြပေမယ့်လည်း လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နဲ့ ပတ်သက်လို့ စစ်ရှောင်ဒုက္ခသည်တွေက ရေရေရာရာ မသိကြပါဘူး။
“ရှမ်းမြောက်မှာက ငြိမ်းချမ်းရေးက အမျိုးသမီးတွေအတွက် လက်လှမ်းမမီတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အရမ်းဝေးနေတယ်။ရှမ်းပြည်မြောက်ပိုင်းက တခြားမြို့တွေနဲ့ မတူဘူး။တိုက်ပွဲတွေဖြစ်တဲ့နေရာ များတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ အမျိုးသမီးတွေက ကိုယ့်ရဲ့အိမ်တွင်းစားဝတ်နေရေး အတွက်တောင်မှ အနိုင်နိုင်ဖြစ်နေတယ်။နောက် နိုင်ငံရေးကို စိတ်ဝင်စားမှုလည်း နည်းတယ်။”လို့ လွေးပိုးကမေဲးခြိုင်းက ပြောပါတယ်။
လက်ရှိမှာတော့ တအောင်းအမျိုးသမီးအဖွဲ့အစည်းက ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခဒေသက အမျိုးသမီးတွေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေလုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင် ရာမှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေအနေနဲ့ အချိန်မပေးနိုင်တာမျိုးတွေရှိတယ်လို့ လွေးပိုးကမေဲးခြိုင်းက ဆိုပါတယ်။
အသိပညာပေးမှုတွေ နဲ့ပတ်သက်ပြီးတော့ ကွတ်ခိုင်မှာ နေထိုင်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC  ဒုတိယအလုပ်အမှုဆောင် ညွှန်ကြားရေးမှူး မဆိုင်းပန်က “
စစ်ရှောင် အမျိုးသမီးတွေကို နံပါတ်တစ်အချက်ကတော့ စိတ်ဓါတ်မကျအောင် အရင်ဆုံး လုပ်ဆောင်ပေး သင့်တယ်။ ” လို့ အကြံပြုထားပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေကို ကူညီဖို့ အစိုးရရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး  သိထားတာ မရှိသလို နယ်မြေထိကွင်းဆင်းဖို့လည်း လတ်တလောအစီအစဉ်မရှိသေးဘူးလို့ ရှမ်းပြည်နယ်အမှတ်(၅)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ဦးညီစိန်က ပြောပါတယ်။
“ကွတ်ခိုင်ဘက် ကျတော့ စစ်ရှောင်စခန်းတွေက ရှိတော့ရှိတယ် သိပ်မများဘူး။ပြီးရင် နယ်မြေအေး ချမ်းရေး ပေါ်မှာလည်း မူတည် မှာပေါ့။နယ်မြေ နည်းနည်း အေးချမ်းမှပဲ ကျွန်တော်တို့ လွှတ်တော်ဥက္ကဌကနေ ပြီးတော့မှ ခွင့်ပြုချင်တဲ့ သဘောမျိုး ရှိပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းက အမျိုးသမီးတွေရဲ့အသံကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေဆီ ယူ ဆောင်သွားနိုင်မယ့် အခြေအနေမရှိသေးသလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံမှာ လည်း ပြောဆိုဆွေးနွေးနိုင်ခြင်းမရှိ သေးပါဘူး။
“မြို့တွေမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တီဗီမှာ မြင်သာနိုင်တယ်။ဒါပေမယ့် တောင်ပေါ် ဒေသမှာ ရှိတဲ့လူတွေကကျတော့ အဲဒါတွေနဲ့ လက်လှမ်းမမီ နိုင်ဘူး။လက်လှမ်းမီနိုင်အောင်ဆိုရင် ဥပမာ ဒီရွာကနေ တစ်ဆင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောတာမျိုး ။နောက် မြို့နယ်အလိုက်အဖွဲ့ဖွဲ့ပြီး ပြောမယ် ဆိုရင် ထိရောက်မယ်လို့မြင်တယ်။ပေါ်လစီဆွဲပြီးမှ တကယ့် ကောင်းကောင်းမွန်မွန်အကောင်အထည်ဖော်ပြီးမှ လုပ်ဆောင်သွားတယ်ဆိုရင် ပိုပြီးမှ ကောင်းတယ်လို့ ကျွန်မအနေနဲ့မြင်တယ်။”လို့ လွေးပိုးကမေဲးခြိုင်းက ဆက်ပြောပါတယ်။
လက်ရှိ NCA လမ်းကြောင်းအတိုင်းသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာတော့ နိုင်ငံရေးဆိုင်ရာ အကျပ် အတည်းတွေကို အဓိကထားဆွေးနွေးညှိနှိုင်းနေပြီး အမျိုးသမီးအရေးထည့်သွင်းစဉ်းစားဖို့နဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု တွေမှာ အမျိုးသမီးတွေ ပိုပြီးပါဝင်လာဖို့ တွန်းအားပေးနိုင်ခြင်းမရှိသေးပါဘူး။
  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းကျော်ညွှန့်က “တကယ့်အမျိုးသမီးအရေး လူ့အခွင့် အရေး ကအစ တကယ့်အသေးစိတ်ဆွေးနွေးဖို့ နေနေသာသာ တကယ့် ဖယ်ဒရယ်ခေါင်းစဉ် အကြီးကို တောင်မှ မသယ်နိုင်ဘူး။ဆွေးနွေးဖို့တောင်ခက်နေတဲ့ သဘောမျိုးဖြစ်နေတာကိုး။ ဒီအမျီုးသမီးအခွင့်အရေး လှုပ်ရှားတဲ့ သူတွေက ဒါကို ဟိုက်လိုက်လုပ်ဖို့လိုတယ်။ ပြီးရင် နိုင်ငံတော် သိဖို့လိုတယ်။ သိတာတော့ သိမှာပေါ့။ ဒါပေမယ့် သူတို့ဂရုစိုက်အောင် ဘာလုပ်မလဲ။အဲဒါတွေ ကတော့ လှုံဆော်ဖို့လိုမယ်။”လို့ တိုက်တွန်းပြောဆိုပါ တယ်။
အမျိုးသမီးတွေ ပါဝင်တဲ့ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ်လို့ UN Women ရဲ့စစ်တမ်းတွေက ဆိုပါ တယ်။ နိုင်ငံတကာမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမျိုးသမီးတွေ တက်ကြွစွာ ပါဝင်တဲ့ လှုပ်ရှားမှုတွေ၊Campaign တွေ၊ ငြိမ်းချမ်းရေးသဘောတူညီချက်ချမှတ်ရာမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု စတာတွေကို နိုင်ငံတကာသတင်းမီဒီယာတွေပေါ်မှာ တွေ့မြင်နေရတာပါ။
မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာအမျိုးသမီး အဖွဲ့အစည်း တွေက လုပ်ဆောင်နေပေမယ့် အစိုးရကဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ ပါဝင်မှု အရေ အတွက်က အင်မတန်နည်းပါးနေသေးတာပါ။
“ကျွန်မတို့ကတော့ အမျိုးသားတွေချည်းပဲ စိုးမိုးတဲ့ဘ၀မဖြစ်စေချင်ဘူး။ ကျွန်မတို့အမျိုးသမီးတွေရဲ့ အသံကို လည်း ကြားစေချင်တယ်။ဘာလို့ဆို ကျွန်မတို့အမျိုးသမီးတွေက အမျိုးသား တွေထက် ပိုပြီးတော့ နိမ့်ကျတယ် ဆိုတဲ့ အယူအဆတွေ၊ တန်းတူညီမျှမှုမရှိဘူးဆိုတာတွေ ဒါတွေကိုခံစားရတဲ့ အတွက်ကြောင့်ပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကျွန်မတို့အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့အတူ တန်းတူညီမျှ အခွင့်အရေးတွေ လိုချင်ပါတယ်”လို့ ဒေါ်ခေါ်လမ်က ဆိုပါတယ်။
လက်ရှိNCA လမ်းကြောင်းနဲ့ သွားနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေး ဆွေး နွေးမှုနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်တိုင်းမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ သဘောတူထားပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအစည်းအဝေးမှာ အမျိုးသမီးပါဝင်မှု ၁၃ရာ ခိုင်နှုန်းကနေ ဒုတိယအစည်းအဝေးမှာ ၁၇ ရာခိုင်နှုန်းထိ တက်လာပေမယ့်လည်း မျှော်မှန်းထားတဲ့ ရာခိုင်နှုန်းကို ရောက်ဖို့ အလှမ်းဝေးနေပါသေးတယ်။
လက်ရှိချိန်ထိနယ်မြေမတည်ငြိမ်ဘဲ တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင် ပြည်သူ တစ်ဦးဖြစ်တဲ့  ဒေါ်ခေါ်လမ်က “အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ဖော် ဆောင်တဲ့သူတစ်ဦး ဖြစ်နိုင် သလို သူတပါးကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ပေးတဲ့သူ ဖြစ်စေရမှာပေါ့။ “ လို့ ယုံယုံကြည်ကြည် ပြောဆိုလိုက်ပါတယ်။

လဲ့လဲ့(တိုင်းဧရာ)

No comments:

Post a Comment