အိန္ဒိယ မြောက်ပိုင်းရှိ ကျောက်မီးသွေး အသုံးပြုသည့် ဓာတ်အားပေးစက်ရုံ တစ်ရုံ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ ၁၀ ဦး ထပ်မံ သေဆုံးခဲ့ပြီးနောက် သေဆုံးသူ ၂၆ ဦးအထိ မြင့်တက်လာခဲ့သည်ဟု အစိုးရအဖွဲ့က နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဥတာပရာဒေ့ရှ်ပြည်နယ်တွင် အိန္ဒိယ၏ နိုင်ငံပိုင် အကြီးဆုံး လျှပ်စစ်ဓာတ်အား ၀န်ဆောင်မှု လုပ်ငန်းက ဦးစီးလုပ်ကိုင်သည့် ဓာတ်အားပေးစက်ရုံ တစ်ရုံ၌ နိုဝင်ဘာ ၁ ရက်တွင် ဘွိုင်လာပိုက်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားမှု၌ ဒဏ်ရာရရှိသူ အများအပြားသည် သေလောက်သော ဒဏ်ရာများအတွက် ကုသမှု ခံယူနေရသည်။
ပြည်နယ်အစိုးရအဖွဲ့က ပြုစုခဲ့သည့် စာရင်းတွင် သေဆုံးသူ ၂၆ ဦးဟု ပြသခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် မီးခိုးပြာများ ပန်းထွက်ခဲ့သည်ဟု အသက်ရှင်ကျန်သူ တစ်ဦးက ပြောပြခဲ့သည်။ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများနှင့် စည်းကမ်းပြဋ္ဌာန်းမှု လျော့ရဲသည့် အိန္ဒိယနိုင်ငံတွင် လုပ်ငန်းခွင် မတော်တဆမှုများ ဖြစ်နေကျဖြစ်ပြီး ဆိုးဆိုးရွားရွား သေဆုံးမှုများ ဖြစ်ခဲ့သည်။
၁,၅၅၀ မီဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် အိမ်နီးချင်းပြည်နယ် ကိုးခုကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေသည်။ ၀န်ထမ်း ၈၇၀ ခန့်ရှိသည့် ယင်းစက်ရုံကို မတော်တဆမှု ဖြစ်ပြီးနောက် ပိတ်ထားခဲ့သည်။ ယင်းစက်ရုံကို ပိုင်ဆိုင်သည့် National Thermal Power Corporation က မတော်တဆ ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
Eleven Media Group
No comments:
Post a Comment