Latest News

Sunday, October 1, 2017

YBS တစ်စီး တစ်ရက်လျှင် ပျှမ်းမျှဝင်ငွေ ကျပ် တစ်သိန်းကျော်ခန့် ရရှိနေ

YBS တစ်စီး တစ်ရက်လျှင် ပျှမ်းမျှဝင်ငွေ ကျပ် တစ်သိန်းကျော်ခန့် ရရှိနေ

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်တစ်စီးကို တစ်ရက်လျှင် ပျှမ်းမျှဝင်ငွေ ကျပ် ၁၂ဝ,ဝဝဝ ဝန်းကျင် ခန့်ရရှိကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT)မှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ YBS ယာဉ်တစ်စီး တစ်ရက်လျှင် ရရှိသည့် ပျှမ်းမျှဝင်ငွေ ကျပ် ၁၂ဝ,ဝဝဝ ခန့်မှာ YUPT အများပိုင် ကုမ္ပဏီအနေဖြင့် ယာဉ်လိုင်းအားလုံးမှ တစ်ရက်တာရရှိသော ဝင်ငွေအားလုံးကို စုပေါင်းတွက်ချက်ထား သော ပျှမ်းမျှဝင်ငွေပမာဏသာဖြစ်ကြောင်း သိရသည်။

“ အခု YBS စနစ်ကကျတော့ ဝင်ငွေက မျှတာပေါ့။ ယာဉ်တွေက ပုံမှန်မှတ်တိုင်မှ တင်တယ်။ ထွက်တယ် ဆို တော့ ဝင်ငွေက လျော့ရင်လည်း နည်းနည်းပဲလျော့တယ်။ များရင်လည်း နည်းနည်းပဲများတယ်။ အခုယာဉ် တစ်စီး ပျှမ်းမျှဝင်ငွေကို ၁၂ဝဝဝဝ ဝန်းကျင်လောက်ပဲ ရှိတယ်။ ခရီးသည်တအားကျတဲ့ ကားတွေကြတော့ ပိုက်ဆံပိုပေမယ့် ခရီးသည်မရတဲ့လိုင်းတွေကျတော့ ဥပမာ ဒဂုံတက္ကသိုလ်မှာရှိတဲ့လိုင်းတွေကျတော့ ခရီးသည် အဲ့ဒီလောက်မရဘူးလေ။ ဒဂုံတောင်မှာ ရှိတဲ့ လိုင်းတွေကျတော့ ပိုက်ဆံရတယ်ဆိုတော့ သူ့ဘာသာသူ ပြန်ပြီး တော့ ဘဲစားဘဲချေပြန်ဖြစ်သွားတယ်။ ကိုယ်ရကိုယ်ယူစနစ်မဟုတ်ဘဲ အများပိုင်ကုမ္ပဏီစနစ်ဆိုတော့ ဝင်ငွေ အားလုံးကို ပြန်တွက်ရင် ပျှမ်းမျှအနေနဲ့ ယာဉ်တစ်စီး တစ်ရက်ဝင်ငွေက ဒီပတ်ဝန်းကျင်ပဲ ပြန်ရတယ်”ဟု ဦးမောင်မောင်လွင်က ပြောသည်။

ခရီးမိုင်ရှည်ပြီး ခရီးသည် အစီးများသည့် လမ်းကြောင်းမှ ပြေးဆွဲသည့် ယာဉ်များမှာ တစ်ရက်ဝင်ငွေ ကျပ် ၁၃ဝ,ဝဝဝ ခန့်ရရှိပြီး ခရီးသည်နည်းသည့် လမ်းကြောင်းမှ ပြေးဆွဲသော ယာဉ်များမှာ တစ်ရက်ဝင်ငွေ ကျပ် ၆ဝဝဝဝ ခန့်မှ ကျပ် ၇ဝဝဝဝ ကြားသာ ရရှိကြောင်းသိရသည်။

YUPT ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဘတ်စ်ကား သစ် အစီးရေ ၅ဝဝ ရရှိထားပြီး ယာဉ်လိုင်းနံပါတ် ၆၅၊ ၅၈ ၊ ၃၆ ၊ ၂၈၊ ၂၄ စသည့်ယာဉ်လိုင်းများ အပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်း အားပြေးဆွဲနေခြင်းဖြစ်ကာ ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။

YBS ၂၁ ယာဉ်လိုင်းကို ပြေးဆွဲပေးနေသော Power Eleven အများပိုင်ကုမ္ပဏီမှလည်း ဝင်ငွေကောင်းသော ယာဉ်တစ်စီး၏ တစ်ရက်လျှင် ပျှမ်းမျှဝင်ငွေ ကျပ် ၇ သောင်းဝန်းကျင်ခန့်ရရှိပြီး ဝင်ငွေမကောင်းသည့် ယာဉ် တစ်စီး ပျှမ်းမျှဝင်ငွေမှာ ကျပ် ၄ သောင်းနှင့် ကျပ် ၅ သောင်း ဝန်းကျင်ခန့်သာ ရရှိကြောင်း Power Eleven အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးပြောပြချက်အရ သိရသည်။

Mizzima


No comments:

Post a Comment