ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို ပြန်ဖြုတ်လိုက်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
အဲဒီ ပန်ချီကားကို St Hugh’s ကောလိပ်ရဲ့ ပင်မအ၀င်ဝမှာ ဂုဏ်ယူချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ပြောဆိုသံတွေ အကျယ်အပြန့် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အခုလို ပန်ချီကားပြန်ဖြုတ်တဲ့ကိစ္စ ပေါ်ပေါက်လာခဲ့တာပါ။
အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား ပြန်လည်ဖြုတ်သိမ်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်မှု ရှိမရှိ တက္ကသိုလ်က မပြောဆိုပါဘူး။ အဲဒီပန်းချီကားနေရာမှာ ဂျပန်ပန်းချီဆရာတစ်ဦးရဲ့ ပန်းချီကားတစ်ကားကို ချိတ်ဆွဲလိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို လုံခြုံတဲ့နေရာမှာ သိမ်းဆည်းထားကြောင်းသာ ပြောဆိုပါတယ်။
အဲဒီ ပုံတူပန်းချီကားကို တရုတ်ပန်းချီဆရာ Chen Yinning က ၁၉၉၇ ခုနှစ်မှာရေးဆွဲခဲ့ပြီး၊ ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်က မကွယ်လွန်ခင် သူ့ရဲ့သေတမ်းစာမှာ St Hugh’s ကောလိပ်ကို ပေးလှူခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ဒ် တက္ကသိုလ် St Hugh’s ကောလိပ်မှာ ၁၉၆၇ ခုနှစ်က တက်ရောက်ခဲ့ပြီး၊ ဒဿနိက၊ နိုင်ငံရေးနဲ့ စီးပွားရေးဘာသာရပ်တွေ လေ့လာသင်ယူခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ နိုင်ငံရေးဘာသာရပ်နဲ့ မဟာဝိဇ္ဖာဘွဲ့ ရရှိခဲ့ပါတယ်။
အခု လက်ရှိ ဗြိတိန် ၀န်ကြီးချုပ် Theresa May ဟာလည်း St Hugh’s ကောလိပ်ကျောင်းထွက် ဖြစ်ပါတယ်။
RFA
No comments:
Post a Comment