Latest News

Tuesday, October 24, 2017

ရခိုင်ရှိ ဘင်္ဂလီများမှာ စပါးစိုက်ရန် ခေါ်ယူလာသူများဖြစ်ဟု တပ်မတော်ထုတ်ပြန်

ရခိုင်ရှိ ဘင်္ဂလီများမှာ စပါးစိုက်ရန် ခေါ်ယူလာသူများဖြစ်ဟု တပ်မတော်ထုတ်ပြန်

အောက်တိုဘာ ၂၄၊ ၂၀၁၇ ခုနှစ်။    ။    ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများမှာ ဘင်္ဂလားနယ်မြေက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ စေခိုင်းရန် ခေါ်ယူခဲ့သူများဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ နံနက် ၁၁ နာရီဝန်းကျန်က ထုတ်ပြန်သည်။

ဘင်္ဂလီများ၏ နောက်ခံသမိုင်းမှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ထိုစဉ်က အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ်မြေမှ ဘင်္ဂလီလူမျိုးများစွာကို ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စေခိုင်းရန် ခေါ်ယူခဲ့ရာမှ အခြေချနေထိုင်ခဲ့ကြပြီး လူဦးရေးတိုးပွားလာကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဘင်္ဂါလီများက ဒေသခံ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို၊ ခမီနှင့် မရမာကြီး တိုင်းရင်းသားများကို တိုက်ခိုက် မောင်းထုတ်၍ ၎င်းတို့ပိုင်နက် နယ်မြေဖြစ်အောင် ကြိုးစားလုပ်ဆောင်လာခြင်းကြောင့် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်ကဆိုသည်။

၁၉၄၂ ခုနှစ်က အလယ်သံကျော်အရေးအခင်းတွင်လည်း ဘင်္ဂလီများ တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသား ကျေးရွာ များစွာပျက်စီးခဲ့ပြီး ရခိုင်တိုင်းရင်းသားများ သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မူဂျာဟစ်လက်နက်ကိုင် သောင်းကျန်းသူများနှင့် ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးပါတီတို့ စတင်ပေါ်ပေါက်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေများအား အာကစ္စတန် (Arkistan) နိုင်ငံ၊ ရိုဟင်ဂျာပြည်နယ် စသည်ဖြင့် ထူထောင်ရန်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။

မည်သည့် နိုင်ငံတွင်မဆို နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များအား ပြီးပြတ်အောင်လုပ်ဆောင်ပြီးမှသာ နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအခွင့်အရေးများ ပေးအပ်နိုင်မည်ဖြစ်၍ ယင်းဘင်္ဂါလီများအား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားစိစစ်မှုကိုလက်ခံရန် အကြိမ်ကြိမ်တိုက်တွန်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ စိစစ်မှုကို လက်မခံခြင်း၊ ဘူးသီးတောင်၊ မောင်တောဒေသအား ၎င်းတို့၏စည်းရုံးရေးနယ်မြေမှ အခြေခံနယ်မြေ၊ အမာခံနယ်မြေ၊ လွတ်မြောက်ရေးနယ်မြေများအဖြစ် တည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင် လာခြင်းတို့သည် ထိန်ချန်ဖုံးကွယ်ထား၍မရသော သမိုင်းဖြစ်ရပ်မှန်များဖြစ်သည်ဟု တပ်မတော်က ထုန်ပြန်သည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘင်္ဂါလီလူမျိုး ၄ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှသည် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ လားရှိုး၊ ပဲခူးမြို့နယ်များအထိ ပျံ့နှံ့သွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခဖြစ်စဉ်များ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲကင်းစခန်း ၃ ခုအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားသုံး ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံး၊ ၅ ဦး ဒဏ်ရာရရှိပြီး လက်နက် ၆၈ လက်နှင့် ခဲယမ်းများအား သိမ်းဆည်းယူဆောင်သွားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။


Development Media Group

No comments:

Post a Comment