Latest News

Sunday, October 1, 2017

ရခိုင်အရေးနှင့် တရုတ်အကျိုးစီးပွား

ရခိုင်အရေးနှင့် တရုတ်အကျိုးစီးပွား

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် စစ်တပ်၏ နှိမ်နင်းမှုတစ်ရပ်နှင့်ပတ်သက်၍ ကမ္ဘာ၏ ဒေါသနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဟောင်းကြီး၏ နှစ်သိမ့်မှုကို တွေ့ရှိခဲ့သည်။ ယင်းမှာ အာရှတိုက်၏ စူပါပါဝါ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်၏ မမှိတ်မသုန် ထောက်ခံမှုသည် အကြမ်းဖက်မှုက နှိပ်စက်နေသော ရခိုင်ပြည်နယ်ရှိ ဆိပ်ကမ်းများ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံများအပေါ် သူ၏ ဒေါ်လာဘီလျံနှင့်ချီလျက် ရင်းနှီးမြှုပ်နှံထား မှုနှင့် ပတ်သက်နေသည်။

ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုဟုခေါ်ဆိုသော စစ်ဆင်ရေးတစ်ရပ်ကို ဖြစ်စေခဲ့သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုတစ်ရပ်ပြီးနောက် လွန်ခဲ့သည့်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီ မွတ်စလင်အရေအတွက်သည် တစ်သန်း၏ ထက်ဝက်မျှ ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ စက်တင်ဘာ ၂၈ ရက်တွင် လုံခြုံရေးကောင်စီ၌ အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံကို ကာကွယ်ပြောဆိုခဲ့သော တရုတ်သည် မြန်မာတပ်မတော်က ဦးဆောင်သည့် စစ်ဆင်ရေးကို ပြစ်တင်ရှုတ်ချရန် ကမ္ဘာ့နိုင်ငံအများ အပြားနှင့် ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိပေ။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့   မြန်မာနိုင်ငံဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရာမှာ မြန်မာနိုင်ငံရဲ့အားထုတ်မှုတွေကို ထောက်ခံသင့်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်”ဟု စက်တင်ဘာလ အစောပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရှုအန်းက ပြောကြားခဲ့သည်။

ယင်းထောက်ခံမှုဟူသည် စစ်အစိုးရ၏အုပ်စိုးမှုအောက်၌ ရာစုဝက်ခန့် နေထိုင်ခဲ့ရ ခြင်းနှင့် အမေရိကန်၏ ပိတ်ဆို့မှုခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေး ကျပ်တည်းနေသည့်တိုင် မြန်မာနိုင်ငံသို့ ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံခဲ့သည့် မဟာမိတ်တစ်ဦးထံမှ မျှော်လင့်ထားမှုနှင့် ဝေးကွာ၍နေသည်။

ပိတ်ဆို့မှုအများစုကို ဒီမိုကရေစီ ရွေး ကောက်ပွဲများအတွက် ချီးမြှင့်မှုအဖြစ် ၂၀၁၄ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ သို့ သော် ယင်းလွတ်လပ်မှုများသည် တရုတ်နိုင်ငံအတွက်မူ အဓိပ္ပာယ် တစ်စုံတစ်ရာ မရှိခဲ့ပေ။

၁၉၈၈ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြားတွင် တရုတ်နိုင်ငံသည် စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ  ၁၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး အများစု မှာ သတ္တုတွင်းနှင့် စွမ်းအင် ကဏ္ဍတွင်ဖြစ် သည်ဟု တရုတ်အစိုးရ သတင်းဌာနဖြစ်သော ဆင်ဟွာ၏ ဖော်ပြချက်အရ သိရသည်။ တရုတ်သည် အကျပ်အတည်း တွေ့နေသော မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးမှုဖြင့်လည်း ကျားကန်ပေးခဲ့သည်။

“သူတို့မှာက မြန်မာအစိုးရနဲ့ လုပ်ကိုင်နေဆဲဖြစ်တဲ့ အဓိက စီးပွားရေးစီမံကိန်းတချို့ ရှိပါတယ်”ဟု နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပြင်သစ်အင်စတီကျုမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဆိုဖီဘွက်ဆူးဒူရိုချာက ပြောကြားခဲ့သည်။

ယင်းတွင် စီစဉ်ထားပြီးဖြစ်သည့် ဒေါ်လာ ကိုးဘီလျံတန်ဖိုးရှိ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် စီမံကိန်းပါဝင်သည်။ ကျောက်ဖြူသည် မကြာသေးမီက အကြမ်းဖက်မှုများ ဖြစ်ပွားရာ အဓိကနေရာ၏ တောင်ဘက်တွင် ရှိပြီး အဆိုပါစီမံကိန်းသည် တရုတ်၏ ဧရာမ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး ဖြစ်သော CITIC က ၂၀၃၈ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသတွင် ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားနှင့်ပြီးဖြစ်သည်။

ယခုနှစ် ဧပြီလအတွင်း ဒေါ်လာ ၂ ဒသမ ၄၅ ဘီလျံတန်ဖိုးရှိ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကို ဖွင့်လှစ်ပြီးဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတင်သွင်းရန်အတွက် အဓိက လမ်းကြောင်းတစ်ရပ် အဖြစ် အဆင်ပြေသွားသည်။

ဧပြီလမှာပင် တရုတ်သမ္မတ ရှီကျင်ပင်းသည် မြန်မာသမ္မတ ဦးထင်ကျော်ကို ပေကျင်းမြို့၌ ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ရှီကျင်ပင်း၏ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ  ကြီးမားသော ကုန်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများအရ ချိတ်ဆက်ရန် ရည်ရွယ်သည့် OBOR မဟာဗျူဟာ၌ မြန်မာ နိုင်ငံသည် အချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

■ အဖိုးတန်မြေ

လယ်ကွင်းများ၊ ကမ်းရိုးတန်းများနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များဖြင့် ကျယ်ပြောသော ရခိုင်ပြည်နယ်သည် မြန်မာ နိုင်ငံ၌ ခိုးဝင်ဘင်္ဂါလီများဟု သတ်မှတ်ထားသည့် လူအုပ်စုနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးစုတို့အကြား ဖြစ်ပေါ်နေသည့် လူအုပ်စုလိုက် အကြမ်းဖက်မှုများ၏ နှိပ်စက်မှုကို ဆယ်စုနှစ် နှင့်ချီလျက် ခံနေရသည်။

ARSA ဟုခေါ်သော အစွန်းရောက် ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်သမားများက နယ်စပ်ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည့် လွန်ခဲ့သည့်နှစ် အောက်တိုဘာမှစ၍ ပဋိပက္ခများ ကြီးထွားလာခဲ့သည်။

ယခုနှစ် သြဂုတ်လ ၂၅ ရက်တွင် အကြမ်းဖက်သမားများက ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် မြန်မာတပ်မတော်၏ စစ်ဆင်ရေးတစ်ရပ် ပေါ်ပေါက်လာစေခဲ့ပြီး လွန်ခဲ့သည့်လအတွင်း ဘင်္ဂါလီမွတ်စလင် ၄၈၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

ကျယ်ပြောလှသော နယ်မြေများကို စွန့် ခွာသွားကြပြီး ဘင်္ဂါလီမွတ်စလင်များ နေထိုင်ရာ ရွာပေါင်းများစွာ မီးလောင်ခဲ့ရာ၌ မြန်မာ တပ်မတော်နှင့် ရခိုင်လူရမ်းကားများက ရှို့ခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ပေါက်လာခဲ့သည်။

“ရိုဟင်ဂျာတွေ အမြစ်ပြတ် ရှင်းလင်းလိုက်တဲ့ နယ်မြေလွတ်ကြီးဟာ မြန်မာတပ်မတော်နဲ့ တပ်မတော်ရဲ့ နိုင်ငံတစ်လွှားက စီးပွားရေးဖွံ့ဖြိုးမှုတွေကို ဦးဆောင်တဲ့  အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အကျိုးစီးပွားတစ်ရပ် ဖြစ်လာပုံရပါတယ်”ဟု ကိုလံဘီယာတက္ကသိုလ်မှ လူမှုဗေဒပါမောက္ခ ဆက်ကီယာဆက်ဆန်က ပြောကြားခဲ့သည်။

“အဲဒီ နယ်မြေဟာ တရုတ်စီမံကိန်းတွေအတွက် အဖိုးတန်မြေ ဖြစ်လာပါတယ်”ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်ရှိ မီးလောင်မှုကြောင့် ပျက်စီးသွားသော နယ်မြေများကို ပြန်လည်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်များအတွက် စီမံမည်ဖြစ်ကြောင်း အသေးစိတ် အချက်အလက်များ မပါဘဲ ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရခြင်းနှင့် ပတ်သက်၍ ယခုတိုင် ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိသေးသကဲ့သို့ ၎င်းတို့အနေဖြင့် မည်သည့်အချိန်၌ မည်သို့မည်ပုံ ပြန်လာနိုင် မည်နည်းဟူသည့် မေးခွန်းများမှာလည်း လေထဲမှ မျောလွင့်၍လာနေသည်။

သဘာဝရင်းမြစ်များ ရှိသော်လည်း ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် လူဦးရေ၏ ၇၈ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်၌ နေထိုင်နေရသည်။ ယင်းနှုန်းသည် တစ်နိုင်ငံလုံး ပျမ်းမျှ၏ နှစ်ဆနီးပါးဖြစ်နေသည်။ တိုင်းရင်းသား ရခိုင်လူမျိုးများသည် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းမှနေ၍ အကျိုးကျေးဇူး ဖြစ်ဖြစ်မြောက်မြောက် ခံစားရပုံ မရပေ။

ထို့အတူ မြန်မာနိုင်ငံတစ်လွှား၌ တရုတ်သြဇာ လွှမ်းမိုးလာခြင်းနှင့်ပတ်သက်၍ အများပြည်သူက မနှစ်မြို့မှုများလည်း ရှိနေသည်။ “ရခိုင်ပြည်နယ်အတွင်းက ကြီးမားလှတဲ့ ဒီတရုတ်စီမံကိန်းတွေဟာ ကောင်းကျိုးရပုံ မပေါ်တဲ့ ဒေသခံလူထုတွေကို အကြီးအကျယ် စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်”ဟု အရှေ့ တိုင်းပညာ ပြင်သစ်ကျောင်းမှ သုတေသနမှူး နှင့် ရခိုင်အရေးကျွမ်းကျင်သူ အလက်ဇန္ဒရာ ဒီမာဆန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး အစိုးရက ကျောထောက်နောက်ခံပြုပေးသည့် ကော်မရှင်တစ်ရပ်၏ အစီရင်ခံစာတွင် ယင်းဒေသအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများမှနေ၍ အမှန်တကယ် အကျိုးအမြတ် ရရှိသူအကြောင်းနှင့်ပတ်သက်၍ သတိပေးထားသည်။

လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များက  ရခိုင်ပြည်နယ်မှ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတိပေးထားသော်လည်း မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသအတွက် ဖွံ့ဖြိုးရေးသည်သာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment