အမေရိကန်ပြည်ထောင်စု Las Vegas မြို့က ဂီတပွဲတစ်ပွဲမှာ အနည်းဆုံး လူ ၅၈ ယောက်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ IS အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။
ပစ်ခတ်သူဟာ ပြီးခဲ့တဲ့ လပိုင်းကမှ အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့တဲ့ စစ်သည်တော်တစ်ဦးဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ပစ်ခတ်သူရဲ့အမည် အပါအ၀င်၊ IS အဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထား တစ်စုံတရာ မဖေါ်ပြခဲ့ပါဘူး။
တနင်္ဂနွေနေ့ ညပိုင်းမှာ ဖြစ်ခဲ့တဲ့ အဲဒီပစ်ခတ်မှုကြောင့် လူ ၅၈ ဦးထက်မနည်းသေဆုံးပြီး၊ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တချို့လည်းပါဝင်ပါတယ်။
ပစ်ခတ်သူ အသက် ၆၄ နှစ်အရွယ် Stephen Paddock ဟာ တစ်ကိုယ်တော် ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ ပြောပါတယ်။ ဂီတပွဲ ကျင်းပရာနေရာနဲ့ တစ်လမ်းခြား Mandalay Bay အမည်ရှိ ဟိုတယ်နဲ့ ကာစီနို အဆောက်အအုံ ၃၂ ထပ် ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ မသိရသေးပါဘူး။ သူ့ရဲ့နောက်ကြောင်းကို ရဲက စုံစမ်းနေပါတယ်။
ဒီလုပ်ရပ်ဟာ တကယ့် မိစ္တ္ဆာလုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပြီး ဗုဒ္ဓဟူးနေ့မှာ Las Vegas မြို့ကို သွားမယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က အမေရိကန်ပြည်ထောင်စုအနေနဲ့ Gun Law ခေါ် သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်တဲ့ ဥပဒေ ပြဌာန်းဖို့ ပြန်လည်စဉ်းစားသင့်ပြီလို့ ပြောလိုက်ပါတယ်။
RFA
No comments:
Post a Comment