Latest News

Sunday, October 1, 2017

နေရပ်မပြန်ရဲတော့တဲ့ ဟိန္ဒူတွေရဲ့ ငိုရှိုက်သံ…..

နေရပ်မပြန်ရဲတော့တဲ့ ဟိန္ဒူတွေရဲ့ ငိုရှိုက်သံ…..

စစ်တွေမြို့ ဆရီမိုဟာဒေဗ်ဘာရီ(မာဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်း မယ်တော် စန္ဒီပွဲကို လာရောက်ဖို့ ဖိတ်ခေါ်တယ်လို့ ဓညဝတီ ဟိန္ဒူဒုက္ခသည်စခန်းက ကြော်ငြာစာရွက်လေးဟာ  အုတ်နံရံလေးပေါ် မထင်မရှား ကပ်ရှိထားပါတယ်။

အုတ်နံရံရဲ့  အတွင်းဘက်မှာ မိုးရာသီကြောင့် အမှောင်ရိပ်ကျနေတဲ့  နေရာတွေမှာ ဟိန္ဒူလူမျိုးတွေဟာ စိုးရိမ်စိတ်တွေနဲ့ စခန်းထဲကို ဝင်လာတဲ့သူတွေကို ကြည့်နေကြပါတယ်။

ပျောက်ဆုံးနေတဲ့ ဟိန္ဒူတွေထဲက ၅၀ ကျော်ကို သတ်ဖြတ်ခံရပြီး တွေ့ရှိတယ်ဆိုတဲ့ သတင်းဟာ ဓညဝတီ အားကစားကွင်း ဒုက္ခသည်စခန်း အပါအဝင် ကျန်တဲ့ ဟိန္ဒူစခန်း၂ ခုကိုပါ တုန်လှုပ်လိုက်ပြီးတဲ့အချိန်လည်း ဖြစ်ပါတယ်။

မိသားစုဝင် ၂၃ ဦး သတ်ဖြတ်ခံရပြီး လက်ထဲမှာ ရက်သတ္တပတ် ၂ ပတ်သာရှိတဲ့ ကလေးငယ်ရဲ့ မျက်နှာကိုကြည့်ရင်း ပွေ့ဖက်ထားတဲ့ ရှင်လာရှင်ဒီကတော့ ခုလို သတ်ဖြတ်ခံရအောင် သူတို့တွေမှာ ဘာအပြစ်ရှိလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

“နွားတွေ၊ ငွေတွေ၊ ရွှေတွေကို ယူပါလား၊ ဘာကြောင့် ကျမ မိသားစုဝင်တွေရဲ့ အသက်ကို ယူသွားတာလဲ”

သူ့မဟာ အခင်းဖြစ်တဲ့နေ့က အမေရှိတဲ့ရွာကို ခင်ပွန်းဖြစ်သူနဲ့ အတူရောက်နေတာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတာလို့လည်း ဆိုပါတယ်။ သူ့ဆွေမျိုးတွေ သေဆုံးသွားပြီ ဆိုတာကို အကြမ်းဖက်သမားတွေ ဘင်္ဂလားဒေ့ရှ်ဘက် ခေါ်သွားတဲ့ သူ့အစ်ကိုရဲ့ သမီးလေးဆီကတဆင့် သိရှိရတာ ဖြစ်ပါတယ်။ သူ့အစ်ကိုရဲ့ မိသားစုတွေကတော့ သေဆုံးခဲ့ပါပြီ။

“သူ့ကိုလည်း ကျမ အရမ်းစိုးရိမ်နေတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိနေတာ အမြန်ဆုံး ပြန်ခေါ်ပေးစေချင်ပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ဒီလိုအချိန်မျိုးမှာ ကျရောက်လာမယ့် ဘာသာရေးပွဲတော်ကို ရည်ရွယ်ပြီး ရှင်လာရှင်ဒီတို့ဟာ မောင်တော မြို့မဈေးဘက် သွားရောက်ပြီး အဝတ်အစား အသစ်တွေဝယ်၊ မုန့်ပဲသရေစာတွေ ဝယ်ပြီး ပြင်ဆင်ခဲ့ကြပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ နေရပ်ကို စွန့်ခွာခဲ့ရသလို မိသားစုဝင်တွေကိုပါ ဆုံးရှုံးလိုက်ရပြီ ဖြစ်တယ်လို့ သူ့ခံစားမှုကို ဆိုပါတယ်။

“ကျမ ဘယ်လို နေရပ်ပြန်ရဦးမှာလဲ၊ ထပ်သွားရင် ထပ်ပြီး သတ်ဖြတ်ခံရဦးမှာလား ကျမ မသွားရဲဘူး၊  ကျမမှာ ဘာမှ အစီစဉ် မရှိဘူး၊ ကျမ မပြောတတ်ဘူး “

ရှင်လာရှင်ဒီရဲ့ ခင်ပွန်းကတော့ သူတို့ဘာသာစကားကလွဲပြီး ကျန်တဲ့ ဘာသာစကား မပြောတတ်ပါဘူး။ ငိုလွန်းအားကြီးလို့ ခံစားနေရတဲ့ အနေအထားနဲ့  မျက်ဝန်းတွေ အုံ့မှိုင်းပြီး သူ့ဘေးမှာ ရပ်နေပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိတဲ့ မီနုကတော့ ရှင်လာရှင်ဒီရဲ့ နံဘေးမှာ ထိုင်နေပြီး သားနှစ်ဦး သေဆုံးသွားတယ် ဆိုတဲ့အကြောင်းကို ငိုရှိုက်နေတဲ့ကြားက ကြိုးစားပြီး ဖွင့်ဟပြောပြလာပါတယ်။

“ကျမသား အိမ်ထောင်သည်တဦးနဲ့ လူပျိုတယောက် ပါသွားတယ်။ အခု သူတို့ အလောင်းကို တွေ့ထားပြီ။ သားကြီးရဲ့ မိန်းမနဲ့ မြေးမလေးကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဟိန္ဒူတွေ စောင့်ရှောက်ထားတယ်”

မီနုဟာ မောင်တောမြို့ ရပ်ကွက် ၄ ကဖြစ်ပြီး သားတွေက ခမောင်းဆိပ်မှာ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။

“သူတို့က ကျမသားကိုပါ သတ်ပြီး သားရဲ့ ရွှေဆိုင်က ရွှေကိုပါ ယူသွားတာ၊ အသက်တောင် မချမ်းသာပေးခဲ့ဘူး။”

အစုလိုက် သတ်ဖြတ်ခံလိုက်ရတဲ့ ဟိန္ဒူရုပ်လောင်းများအား တွေ့ရှိခြင်း

ပျောက်ဆုံးနေတဲ့ ဟိန္ဒူတွေကို ဦးနီမောလ် ရှာာဖွေနေတာဟာ ရက်ပေါင်း ၃၀ ကျော်လွန်လာခဲ့ပါပြီ။ သတင်းကို စတင်ကြားသိတဲ့အချိန်မှာ သြဂုတ် ၂၅ ရက်နေ့  မနက် ၁၀ နာရီကနေ သတ်ဖြတ်ခံလိုက်ရပြီဆိုတာပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်သမားတွေခေါ်ဆောင်သွားတဲ့ ဟိန္ဒူအမျိုးသမီးတွေကို လူမှုကွန်ရက် စာမျက်နှာတခုမှာ တွေ့ရှိတဲ့အချိန်ကနေ အဆက်အသွယ်ရဖို့ သူ ကြိုးစားတယ်လို့ ဆိုပါတယ်။

“အဲဒီမိန်းကလေးတွေနဲ့ ကျနော် အဆက်အသွယ်ရတော့ သတ်ဖြတ်ခံလိုက်ရတဲ့ သူတွေကို ဘယ်မှာ မြေမြှုပ်ထားလိုက်လဲ မေးတယ်။ အချက်လက်တွေ သိတာနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို အကြောင်းကြားတယ်။ ဘင်္ဂဘားဒေ့ရှ်ဘက် ပါသွားတဲ့ သူတွေက သူတို့ အလိုကို လုပ်ပေးလို့ ရှင်ကျန်ခဲ့တာ ပြောတယ်။”

ဘင်္ဂလားဒေ့ရှ်ဘက်က ဟိန္ဒူအမျိုးသမီးတွေ ဖုန်းခေါ်ဆိုတဲ့ အသံကို သွင်းယူထားလိုက်တာကို ဖွင့်ပြပြီး ရှင်းပြပါတယ်။ စိုးရိမ်တကြီးနဲ့ ပြောနေတဲ့ စကားသံတွေဟာ ဦးနီမောလ်ရဲ့ လက်ကိုင် ဖုန်းထဲမှာ ထွက်ပေါ်နေပါတယ်။

ခန္ဓာကိုယ်တွေကို ခုတ်ဖြတ်ထားသလို ချွန်ထက်တဲ့အရာတွေနဲ့ ထိုးသွင်းထားတဲ့ ရုပ်လောင်းတွေကိုတော့ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်ပြီး တလမပြည့်ခင် တရက်အလို စက်တင်ဘာ  ၂၄ ရက်နေ့မှာ စတင်တွေ့ရှိတယ်လို့ သူက ဆိုပါတယ်။

အလောင်းတွေကို ရှာဖွေတွေ့ရှိမှု ကြာမြင့်ခဲ့တာဟာ မြေပြင် အခြေအနေတွေနဲ့ သတင်းအချက်အလက်တွေကို မှန်ကန်ဖို့ စုဆောင်းခဲ့တာကြောင့် ကြာမြင့်ခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဒေသရဲ့ အခြေအနေကို ပြောပြပါတယ်။

“ကျနော်တို့ ရှာဖွေနေတာက ကြာပါပြီ၊ နယ်မြေဒေသ လမ်းကြောင်းပေါ် မူတည်ပြီး ရှာဖွေခဲ့ရတာပါ။ ထပ်မံပြီးလည်း ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။”

ဦးရဲထွဋ်ရဲ့ ပြောပြချက်အရ  ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ ဟိန္ဒူဘာသာဝင် ၄၈ ဦးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသလို မောင်တောမြို့နယ်၊ အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံးနေတာကိုလည်း သိရပါတယ်။

အလောင်းတွေကို ရှာဖွေရာမှာပါရှိတဲ့ ဦးနီမောလ်က ရှာတွေ့ပုံ ဖြစ်စဉ်ကို ခုလို ဆိုပါတယ်။

“ပထမ တွေ့တဲ့နေရာက အမျိုးသမီးအလောင်း ၁၂ လောင်း၊ နောက်တနေရာမှာ ကလေးနဲ့ လူငယ်အလောင်း ၁၆ လောင်း တွေ့ရတာပါ၊ နောက်ထပ်တွေ့ရတဲ့ အလောင်းတွေက အမျိုးသားအလောင်းတွေပါ။”

နိုင်ငံတော် သတင်းထုတ်ပြန်ရေးကတော့ အလောင်းတွေကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ ရဲဘော်ကျကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် မြေကျင်း ၂ ကျင်းမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက သတ်ဖြတ် မြှုပ်နှံထားတဲ့  ရုပ်အလောင်း ၂၈ လောင်းကို ဦးစွာ တူးဖော်တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရုပ်အလောင်း ၂၈ လောင်းမှာ ၁၀ နှစ်အောက် ကလေးသူငယ် ၆ ဦး၊ ၁၆ နှစ်အောက် ကလေးငယ် ၂ ဦး စုစုပေါင်း ကလေးငယ် ၈ ဦးလို့ ပါဝင်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ ပထမ တွေ့ရှိခဲ့တဲ့ နေရာရဲ့ အရှေ့ဘက် မီတာ ၂၀၀ အကွာမှာ မြေကျင်း ၂ ကျင်းမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်တွေ့ရှိခဲ့တာကြောင့် အကြမ်းဖက် သတ်ဖြတ်ခြင်း ခံရတဲ့ ဟိန္ဒူဘာသာဝင် စုစုပေါင်း ၅၂ ဦး ရှိပြီဖြစ်တယ်လို့ သတင်းအချက်အလက် ထုတ်ပြန်ရေးကော်မတီက ယခုလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ARSA အဖွဲ့ရဲ့ တပ်မှူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောဆိုတဲ့ အဘူအာလမ်ကကတော့ ဟိန္ဒူတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး သူတို့နဲ့ မသက်ဆိုင်ပါဘူးလို့ နိုင်ငံတကာ သတင်းစာမျက်နှာတခု ဖြစ်တဲ့ Channel News Aisia ရဲ့ ယခုအပတ်အတွင်းက သတင်း ဆောင်းပါးတပုဒ်မှာ ငြင်းဆို မှတ်ချက်ပြုထားပါတယ်။

“ကျုပ်တို့ စွပ်စွဲခံရတာပါ။ ကျုပ်တို့နဲ့ သက်တူရွယ်တူ ဟိန္ဒူသူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ သူ့တို့နဲ့ တွေ့တဲ့အခါ ‘မင်းတို့က ငါတို့ရန်သူ မဟုတ်ဘူး၊ ငါတို့ရန်သူက အစိုးရ၊ မင်းတို့ကို ငါတို့ ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဘူး၊ မရိုက်နှက်ခဲ့ဘူး၊ မသတ်ခဲ့ဘူး’ ဆိုတာ ပြောပြတယ်။ တကယ်တော့ ကျုပ်တို့တွေဟာ အတူခံနေရသူတွေပါပဲ။”

ARSA အဖွဲ့ရဲ့ တလ ပစ်ခတ်မှုတွေ ရပ်နားမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ်မှာလည်း  မောင်တောဒေသမှာ အဆင့်မြင့် တာဝန်ရယူထားတဲ့  မြန်မာ့တပ်မတော်ရဲ့ အရာရှိတဦးက ARSA ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တာကြောင့် အကြမ်းဖက်တွေကို လုပ်ထုံးလုပ်နည်းအရ ပြုမူသွားမှာလို့ သတင်းမီဒီယာတွေနဲ့ သွားတဲ့ မောင်တောခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ကတော့ တပ်မတော်ရဲ့ တာဝန်အတိုင်း လုပ်ဆောင်သွားမှာပါ။”

မရေရာသေးတဲ့ နေရပ်ပြန်ချိန်

လည်းပင်း၊ ခြေ လက်တွေ ခုတ်ဖြတ်ခံထားရတဲ့ ရဲဘော်ကျေးရွာအနားက တောင်ကုန်းတွေကြား ရုပ်အလောင်းတွေနားမှာ မိသားစုဝင်တွေဟာ ငိုကြွေးနေကြပါတယ်။

သက်ဆိုင်တဲ့ မိသားစုဝင်တွေ ရောက်ရှိနေတဲ့ ရုပ်လောင်းတခုစီရဲ့ ဦးခေါင်းဘက်ထက်မှာ ကျောက်ဖရုံသီးတွေကို ထားရှိထားကြပါတယ်။ ရုပ်လောင်းတွေရဲ့ ပုပ်ပွမှုတွေ၊ ခန္ဓာကိုယ်ကို လာရောက်ကြမယ့် အင်းဆက် ပိုးမွှား လောက်လန်းတွေ မကျရောက်အောင် ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သား၊ အဖေ၊ အမေ မိသားစုဝင်တွေရဲ့  အမည်တွေကို ရေရွတ်ပြီး ငိုကြွေးနေကြတဲ့ မိသားစုဝင်တွေဟာ  အလောင်းတွေပေါ်က ထွက်ရှိလာတဲ့ အပုပ်နံ့တွေကြောင့် ခဏနေရင် အော့အန်ကြပါတယ်။

ခြောက်နှစ်အရွယ် သမီးလေး အပါအဝင် မိသားစုဝင် ၄ ဦးကို ဆုံးရှုံးလိုက်ရတဲ့  မောင်တောမြို့ ရပ်ကွက် ၄ က အာရှီးကူးမားက မိသားစုဝင်တွေ သေဆုံးသွားပြီး ဆိုတာကြောင့် မိန်းမဖြစ်သူပါ  စိတ်ကစဥ့်ကလျားဖြစ်နေပြီလို့ ပင်ပန်းနွမ်းနေတဲ့ လေသံနဲ့ ပြောဆိုလာပါတယ်။

“ကျနော့်မိန်းမရဲ့ မောင်၊ အဖေ၊ အမေ အကုန်လုံး ပါသွားတယ်။ သမီးပါ သတ်ဖြတ်ခံလိုက်ရတာ သမီးလေးက သူ့အဘိုးတို့နဲ့ အတူနေတာ။”

စစ်တွေမြို့ ဓညဝတီအားကစားကွင်း ဒုက္ခသည်စခန်းက ရှင်လာရှင်ဒီနဲ့ မီနုက သူတို့ မိသားစုဝင်တွေရဲ့ ရုပ်လောင်းကို တွေ့ချင်နေပြီ ဆိုပါတယ်။ ရုပ်လောင်းတွေကို စက်တင်ဘာ ၂၉ ရက်နေ့မှာ သူတို့ဘာသာအရ သဂြုင်္ိဟ်မှာဖြစ်တယ်လို့ ရှင်လာရှင်ဒီက ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသုဘအခမ်းအနားပြီးရင် ဒီကိုပဲ ပြန်လာမှာပဲလို့ ဆိုပါတယ်။

“အဲဒီမှာ မနေရဲတော့ဘူး၊ ကျမ ကြောက်တယ်။ မပြန်ရဲဘူး။ ထပ်ပြီး အသက်တွေ မပေးနိုင်တော့ဘူး။”

စစ်တွေမြို့ပေါ် ရောက်ရှိနေတဲ့ ဟိန္ဒူမိသားစုတွေကို မောင်တောမြို့နဲ့နီးတဲ့ နေရာတခုမှာ ပြန်အနေရာချပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြည်နယ်အစိုးရအဖွဲ့ကို အကြံပြုထားပါတယ်။

“ဟိန္ဒူတွေရဲ့ ရွာတွေက မောင်တောမြို့စွန်ဖျားတွေမှာပဲ။ ဒါတွေကို စုစည်းပြီး ရွာကြီးတရွာ လုပ်ပေးသင့်တယ်။”

လက်ရှိအခြေအနေမှာတော့ ဟိန္ဒူဘာသာဝင် မိသားစု ၅၆၃ စု၊ လူဦးရေ ၂၇၅၂ ဦး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၂၆၂ ဦး ၊ မောင်တောမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၂၄၁ စု၊ လူဦးရေ ၁၄၈၇ ဦး၊ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦး ရှိနေတယ် ဆိုတာကို အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ သိရှိထားပါတယ်။

မိန်းမဖြစ်သူ စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ အာရှီးကူးမားက  မိန်းမရဲ့  အမေဖြစ်သူနဲ့ ယောက်ဖဖြစ်သူကို တွေ့ရှိထားပေမယ့် ကျန်ရှိတဲ့ မိန်းမ အဖေနဲ့ သူ့သမီးကို အမြန်ဆုံး တွေ့ချင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကာလတွေကဆိုရင် ဒီလိုအချိန်မျိုးမှာ သမီးလေးနဲ့ မိန်းမကို ခေါ်ပြီး မယ်တော်စန္ဒီ ပူဇော်ပွဲကို သွားရောက်ကြပေမယ့် အခုချိန်မှာတော့ သမီးလေးက သူ့အနားမှာ မရှိတော့ဘူးလို့ သူ့ခံစားချက်ကို ဆိုပါတယ်။

“သမီးလေးကို မြန်မြန်ရှာတွေ့ချင်တယ်၊ အသတ်ခံရလို့ သမီးလေး အလောင်း အရိုးကျနေရင်တောင် ကျနော် သမီးကို မှတ်မိပါတယ်။”

မိုးအောင်

DVB

No comments:

Post a Comment