Latest News

Sunday, October 1, 2017

ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းဂယက်က ပြည်တွင်းဆန်ဈေးကွက်ကို ဘယ်လောက်သက်ရောက်နိုင်လဲ

ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းဂယက်က ပြည်တွင်းဆန်ဈေးကွက်ကို ဘယ်လောက်သက်ရောက်နိုင်လဲ

ပြည်ပဆန်တင်ပို့မှုနှင့် ပြည်တွင်းဆန် အရောင်းအ၀ယ်အား ကောင်းနေချိန်၌ ပြည်တွင်း ဆန်ဈေးကွက်အတွင်း ကျပ်သိန်းနှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းတစ်ခု စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပေါ်ခဲ့သည်။

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တစ်ဆင့် ဆန်များဝယ်ယူပြီး ငွေမရှင်းပေးနိုင်၍ ရှောင်တိမ်းသွားသည့် ပြည်ပပို့ ဆန်ကုန်သည်ထံမှ ကုန်သည် ၂၅ ဦးက ဆန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော်ရရန်ရှိသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပြထားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်တွင်

အဆိုပါကိစ္စ စတင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဆန်ကုန်သည်များက ငွေရှင်းပေး ရန်ကျန်ရှိသည့် ဆန်ဖိုးငွေကို ကျပ် သိန်း ၃၀၀၀၀ ကျော်၊ ၄၀၀၀၀ ၀န်းကျင်ရှိနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။ စက်တင်ဘာ ၃၀ ရက်တွင် ယင်းကိစ္စကြောင့် နစ်နာမှုရှိခဲ့သူကုန်သည်များကို ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ စာရင်းကောက်ခံခဲ့ပြီးကုန်သည် ၂၅ ဦးက ဆန်တန်ဖိုး ကျပ် ၁၄၀၀-၆၅၉၆၅၁ (ကျပ် ၁၄၀၀၆ ဒသမ ၅၉ သိန်း) ရရန်ရှိကြောင်း သိရသည်။

“လောလောဆယ်အထိရှိတာ ၂၅ ဦးပေါ့။ ကျပ်သိန်း ၁၄၀၀၀ ကျော်လောက် ဖြစ်ပါတယ်။ ဒီစာရင်းက ဘုရင့်နောင်ကုန်စည်ဒိုင်ကစာရင်း၊ တခြားလည်းထပ်ရှိနိုင်တယ်။  နယ်က စက်ပိုင်တွေ၊ ကုန်သည်တွေစာရင်း မပေးရသေးတာလည်း ရှိနိုင်တယ်။ စာရင်းပေးလည်းမထူးဘူးလို့ ယူဆပြီးမပြောဘဲနေတဲ့လူလည်း ရှိနိုင်တယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အသင်းဝင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရှောင်တိမ်းသွားသော ဆန်ကုန်သည်ထံမှ ဆန်ဖိုးငွေရရန်ရှိသော လုပ်ငန်းရှင်များတွင် ကျပ်သိန်း ၁၀၀ အောက်ငါးဦး၊ ကျပ်သိန်း ၁၀၀၀ အောက် ၁၆ ဦး၊ ကျပ်သိန်း ၁၀၀၀ အထက် လေးဦးပါဝင်ပြီး ၂၅ ဦးစာ ရင်းအရ အများဆုံး ကျပ်သိန်း ၁၇၇၀ ကျော်အထိပါဝင်ကြောင်း သိရသည်။

“လက်ရှိဖြစ်တဲ့ပြဿနာမှာ အခုတက်လာတဲ့ စာရင်းအရဆိုရင် သူတို့က ဒီမှာ ရောင်းသူဝယ်သူပဲရှိသေးတယ်။ ဒါကလည်း အမှုတွေဘာတွေ ဖွင့်ပြီပေါ့။ ပြီးရင် တိုက်ရိုက်ပို့တဲ့ဟာ တွေရှိသေးတယ်။ တိုက်ရိုက်ပို့တယ် ဆိုတာက နယ်ကစက်ပိုင်သော်လည်းကောင်း၊ နယ်ကတောက်လျှောက် သူတို့ဆီပို့တာလည်းပါသလို ကုန်စည်ဒိုင်မှာ မဟုတ်ဘဲ ဒီမှာရောင်းကြ၀ယ်ကြတဲ့ ကုန်သည်တွေ၊ ပွဲစားတွေလည်း ရှိကြတယ်။ အဓိကကတော့ သာမန်ပေါက်ဈေးထက်ပိုပြီး ၀ယ်သွားတယ်၊ ဥပမာ- ဆန်တစ်အိတ်ကို ကျပ် ၁၈၀၀၀ ဈေးလောက်ပေါက်ရမယ့်ဟာကို ကျပ်၂၀၀၀၀ ပေးတယ်။ ကျပ် ၂၁၀၀၀ ပေးတယ်။ အဲဒီလိုမျိုးတွေ ၀ယ်သွားတယ်။ ပြီးရင်ဖြစ်တဲ့ဖြစ်စဉ် က ၁၀ ရက်ဆိုင်း၊ ၁၅ ရက်ဆိုင်း၊ ရက် ၂၀ ဆိုင်းစသဖြင့် ရောင်းကြတယ်။ အဓိကကတော့ အကြွေးရောင်းစနစ် ဖြစ်သွားတဲ့အတွက်၊ ပြီးရင် ဈေးကောင်းလည်း ပေးဝယ်သွားတဲ့အတွက်ရောင်းကြတဲ့ သဘောမျိုးဖြစ်နေတယ်။ ပထမပိုင်းကတော့ ယုံကြည်အောင် လုပ်သွားတယ်ဆိုတဲ့ သဘောမျိုးပေါ့။ နောက်ပိုင်းမှာ ကျပ် ၁၉၀၀၀ ပေါက်တဲ့ပစ္စည်းကို ကျပ် ၂၀၀၀၀ ပေးတယ်။ ကျပ် ၂၁၀၀၀ ပေးတယ်။ ဆိုတော့ လူတွေက အကျိုးအမြတ်အပေါ်မှာ မက်မောပြီးတော့ အကြွေးပေးကြတယ်ပေါ့နော်။ အကြွေးပေးပြီး တစ်ပတ်၊ ၁၀ ရက်၊ ၁၅ ရက်၊ ရက်၂၀ အဲဒီလိုမျိုးအတောအတွင်းမှာ လစ်သွားတဲ့သဘောမျိုး ဖြစ်နေတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

“အခု တက်လာတဲ့စာရင်းက ကုန်စည်ဒိုင်မှာ ရောင်းကြ၀ယ်ကြတဲ့ လူစာရင်း၊ သူတို့စာချုပ်စာတမ်း၊ သက်သေအထောက်အထားနဲ့မို့သာ ရဲကိုအမှုဖွင့်လို့ရတာ။ ကျန်တဲ့ပေါ့နော်။ တိုက်ရိုက်ပို့ပြီး ယုံကြည်မှုနဲ့ ရောင်းတဲ့ကိစ္စတွေ၊ ပဲခူးအနောက်ခြမ်းက မင်းလှတို့၊ လက်ပံတန်းတို့ စသဖြင့်ပေါ့။ ဆန်စက်တွေက တိုက်ရိုက်ရောင်းတဲ့ဟာတွေ မပါသေးဘူး” ဟုလည်း ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

“အခု ဆန်ကိစ္စက ထွက်ပြေးတဲ့ သူကလည်း ပြေးနေတာပေါ့။ သူနဲ့ အရောင်းအ၀ယ်လုပ်ခဲ့ပြီး သူ့ဆီက ရဖို့ငွေကျန်နေတာက သိန်းပေါင်း နှစ်သောင်းနီးပါးရှိတယ်လို့ သိရတယ်။ အဲဒီလူတွေကအယောက် ၃၀ လောက် ရှိတယ်။ အဲဒီဟာကလည်း ရဲစခန်းမှာ အမှုတာတွေလုပ်ထားတုန်း” ဟု အခြားဆန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိဖြစ်စဉ်တွင် အရောင်းအ၀ယ်ပြုလုပ်ကြခြင်းသည် စာချုပ်စာတမ်းဖြင့် အရောင်းအ၀ယ် ပြုလုပ်ခြင်းများရှိသကဲ့သို့ ဖုန်းဖြင့်အရောင်း အ၀ယ်ပြုလုပ်သည်များလည်း ရှိကြောင်း၊ ဆိုလိုသည်မှာဥပမာအားဖြင့် ကျပ်နှစ်သောင်း ဈေးပေးမည်၊ မည်သည့်ဂိုဒေါင်ကို ပို့ပေးဆိုသည့် ပုံစံ၊ ယုံကြည်မှုဖြင့် အရောင်းအ၀ယ်ပြုလုပ်ပြီး လိမ်လည်သွားသည့် သဘောမျိုးလည်းရှိကြောင်း သိရသည်။

“ပဲလောကမှာ အရှုပ်အရှင်း ဖြစ်တယ်ဆိုတာက စာရွက်ပေါ်မှာ ဖြစ်ကြတာ။ ဆန်နဲ့က သဘောတရား မတူဘူး၊ ဆန်ကပစ္စည်းကို အရင်အပ်လိုက်ရတာ။ ဥပမာ-အိတ်တစ်သောင်းကို ရောင်းမယ်ဆိုရင် အဲဒီ အိတ်တစ်သောင်းက သူ့ဂိုဒေါင်ထဲကို သွားထည့်ပေးရတာပေါ့။ ပစ္စည်းရှိမှ ဆန်ဆိုတာက ရောင်းလို့ရတာ၊ အခုဖြစ်စဉ်က ပထမပိုင်း ယုံကြည်အောင်လုပ်ပြီး နောက်ပိုင်းမှာ ဈေးမြှင့်ပေးဝယ်ပြီး အကွက်ကျကျ လိမ်သွားတဲ့ သဘောမျိုး သက်ရောက်တယ်။ ဘာကြောင့်လဲဆိုတော့ သိန်း ၄၀၀၀၀ ရဲ့တန်ဖိုးက နှစ်သောင်းနဲ့ တွက်ရင်တောင် အိတ်နှစ်သိန်း တန်ဖိုးလောက်ရှိတယ်။ အခု အဲဒီအိတ် နှစ်သိန်းက ဘယ်ရောက်သွားပြီလဲ” ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

ထိုသို့ရှောင်တိမ်းသွားသည့် ဆန်ကုန်သည်သည် ပြည်ပသို့ဆန်များ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယခုဖြစ်ပွားသည့် ဆန်အမျိုးအစားများမှာလည်း ပြည်ပသို့ တင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားများနှင့် ဆန်ကွဲများဖြစ်ကြောင်း သိရသည်။

“Export လိုင်းဆန်မို့ ဒီလောက်အထိ ဖြစ်သွားတာ။ အကြွေးနဲ့ လည်ပတ်နေတာ ထုံးစံဖြစ်နေတော့ ဒီလိုပဲ လုပ်နေကြတာ။ အရင်ကလည်း ဒီလိုဖြစ်တတ်ပါတယ်။ ဒီလောက်တော့ မများဘူးပေါ့။ အခုခံရတဲ့ကုန်သည် တွေထဲမှာ အခုတစ်ခါမက ခံခဲ့ရတဲ့ ကုန်သည်တွေပါတယ်။ အကြွေးစနစ်နဲ့ ရောင်းဝယ်လည်ပတ်နေတဲ့ပုံစံကို ပြန်စဉ်းစားရတော့မှာပါ” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ယင်းအခြေအနေသည် ပို့ကုန်တင်ပို့နေသည့် ပြည်ပဈေးကွက်အပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လာမည့် ရက် ၂၀ ခန့်တွင် မိုးစပါးများ စတင်ပေါ်ထွက်လာတော့မည်ဖြစ်သဖြင့်  ပြည်ပသို့ ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်သည်။

သို့သော် ပြည်တွင်းဈေးကွက် အတွင်း၌မူ လတ်တလောဖြစ်စဉ်များကြောင့် ဆန်စပါးနှင့်ပတ်သက်၍ မရောင်းရဲမ၀ယ်ရဲဖြစ်ကာ  အရောင်းအ၀ယ် အေးသွားနိုင်ကြောင်း၊ စပါးဈေး အနည်းငယ်အေးသွားနိုင်ခြင်း စသည်တို့ သက်ရောက်နိုင်ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် ဆန်အရောင်းအ၀ယ်ကိစ္စကြောင့် ဆန်ကုန်သည်များ အဆင့်ဆင့်မှ တောင်သူများအထိ သက်ရောက်မှုရှိနိုင်ကြောင်းလည်း ဆန်ကုန်သည် အချို့က ပြောကြားသည်။

ပြည်တွင်းဆန်ဈေးကွက်အတွင်း လတ်တလော ဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်းပြီး  အလားတူပြဿနာမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အကြံပြုချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ကုန်စည်ဒိုင်တွေရဲ့ အခန်းကဏ္ဍပေါ့နော်။ ကုန်စည်ဒိုင်တွေက ကျွန်တော်တို့တိုင်းပြည်မှာ ကုန်စည်ဒိုင်တွေ ဖွဲ့စည်းထားတယ်။ အထူးသဖြင့် ထူထောင်ထားတယ်။ အဲဒီကုန်စည်ဒိုင်တွေမှာလည်း သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ ခက်တာက ဒီကုန်စည်ဒိုင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး အရောင်းအ၀ယ်လုပ်ခဲ့ရင် ဘယ်လိုအရေးယူဆောင်ရွက်မလဲ ဆိုတဲ့ ဥပဒေတွေ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမယ့် နည်းလမ်းတွေမှာ အားနည်းနေတယ်။ နောက်ပြီး အရင်တုန်းက ကုန်စည်ဒိုင်ဖွံ့ဖြိုးရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ ပုံမှန်လုပ်ခဲ့တယ်။ ဒီဘက်နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ။ ကုန်စည်ဒိုင်တွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက်တဲ့နေရာမှာ အားနည်းတဲ့အပိုင်းတွေ တွေ့ရတယ်။ အဲဒီတော့ ကုန်စည်ဒိုင်တွေ ရဲ့အခန်းကဏ္ဍကို ပြန်လည်ပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ရယ်၊ နောက်တစ်ခုက  ကုန်စည်ဒိုင်တွေမှာ အများကနေ စနစ်တကျနဲ့ အများဆန္ဒနဲ့ပေါ့လေ။ ရွေးချယ်တင်မြှောက်ထားတဲ့ ကုန်စည်ဒိုင်ကော်မတီတွေ ဖွဲ့စည်းထားပြီးပြီဆိုရင် အဲဒီကော်မတီတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးတာပေါ့နော်။ အရေးကြီးတာက ဒီလိုကိစ္စမျိုးတွေက ရောင်း သူနဲ့ဝယ်သူအနေအထားတွေမှာ ဖြစ်တတ်တာပေါ့။ ဒါကြောင့် တတ်နိုင်သမျှ အရောင်းအ၀ယ် စာချုပ်တွေ ခိုင်ခိုင်မာမာချုပ်ဆိုထားဖို့ အရေးကြီးတယ်၊ ကြိုရောင်းကြိုဝယ်တွေ မလုပ်ဖို့ရယ် မတန်တဆ ဈေးပေးတဲ့ကိစ္စပေါ့၊ မဖြစ်နိုင်တဲ့ဈေးကို ပေးပြီဆိုကတည်းက ရိုးသားမှုအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရေးကြီးတာက ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရောင်းအ၀ယ်မှန် လုပ်ရမယ်။ အရည်အသွေးမှန်တာ ကိုလည်း ဂရုစိုက်ရမယ်ပေါ့နော်။ အဓိကက ကုန်ရောင်းသူရော ကုန်ဝယ်သူရော Ethic အပိုင်းတွေမှာ လိုက်နာစောင့်ထိန်းအပ်တဲ့ ကုန်သွယ်မှုဆိုင်ရာ  စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ အရေးကြီးပါတယ်” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်အစိုးရပိုင်းအနေဖြင့်လည်း အသေးစားလုပ် ငန်းလုပ်ကိုင်သူက ပမာဏကြီးကြီးမားမား လုပ်ကိုင်လာလျှင် စိစစ်ရမည့်အပိုင်းများလည်း ရှိလာကြောင်း၊ အကြီးစား လုပ်ကိုင်နေကလည်း လုပ်ကိုင်နိုင်သည့် ပမာဏထက် ပိုမိုလုပ်ကိုင်လာသည်ကိုတွေ့ရပါက အမှန်တကယ် လုပ်ကိုင်နေခြင်းလား၊ ဈေးကစားလိုသဖြင့် လုပ်နေခြင်းလား၊ ဈေးကွက်အတွင်း လိမ်လည်လိုသဖြင့် လုပ်ကိုင်နေခြင်းလား စသဖြင့် အကြောင်းတရားများစွာရှိကြောင်း သိရသည်။

“အဲဒါကြောင့်မို့ ဈေးကစားတဲ့ ကိစ္စရပ်တွေကြောင့် ဒါမှမဟုတ်ရင်လည်း လတ်တလောဈေးကွက်ထဲမှာ ၀င်ပြီးတော့ လိမ်လည်လှည့်ဖြားချင်တဲ့ သဘောတွေကြောင့် လုပ်နေတဲ့ ကိစ္စတွေက ဖော်ထုတ်ပြီးတော့ သုံးသပ်ဖို့လည်းလိုတယ်။ ဒါတွေအပေါ်မှာ အရေးယူဖို့လည်းလိုတယ်။ နောက်တစ်ခုက ဒါမျိုးတွေမဖြစ်အောင် အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

“အခုဖြစ်စဉ်ကြောင့်တော့ ကြီးကြီးမားမား မသက်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်က ဆန်စပါးမှာတော့ ဒီလောက်ကြီးကြီးမားမား တစ်ခါမှမဖြစ်ဖူးဘူး။ သိန်းပေါင်း နှစ်သောင်းလောက် ဖြစ်တာကတော့ ဆန်စပါးဈေးကွက်မှာ ဒါပထမဦး ဆုံးဖြစ်တာပဲ။  ဒါပေမဲ့ ဒီလိုဖြစ်စဉ်က ဆန်စပါးဈေးကွက်တင် မကပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လယ်ယာပို့ ကုန်သီးနှံ၊ပဲဈေးကွက်၊ ဆန်စပါးဈေးကွက်၊ အခြားဈေးကွက်တွေမှာ ဒီလိုဖြစ်စဉ်တွေမဖြစ်အောင် ပစ္စည်းမှန်၊ ဈေးမှန်၊ အရောင်းအ၀ယ်မှန်ဖို့ ဒါတွေကိုနိုင်ငံတော်အပိုင်းနဲ့ အသင်းအဖွဲ့ပိုင်း၊ ကုန်စည်ဒိုင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေ ထိထိရောက်ရောက်ဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကုန်စည်ဒိုင်တွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ လိုပါတယ်” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားသည်။

ယခုနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှု အားကောင်းလာပြီး ပြည်တွင်းဈေးကွက်အတွင်းရှိ ပြည်ပပို့ ဆန်ကြမ်းဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ဧည့်မထဆန် (၂၅ ရာခိုင်နှုန်း) တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ ၀န်းကျင်ရှိနေရာမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၂၂၀၀၀ ၀န်းကျင်အထိ ရှိလာပြီး ငါးလခန့်အတွင်း ကျပ် ၄၀၀၀ ခန့် မြင့်တက်ခဲ့သည်။

ဆန်စပါးတင်ပို့မှုနှင့်ပတ်သက်၍ ယခုနှစ်အတွင်း ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုကြောင့် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှု မြင့်တက်လာသည့်အပြင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ G to G စာချုပ်များ ချုပ်ဆိုကာ မြန်မာ့ဆန်ဝယ်ယူရန် ကမ်းလှမ်းမှုများနေသဖြင့် ပြည်ပဆန်ဈေးကွက်တွင် မြန်မာ့ဆန် အလားအလာကောင်းများ ရှိနေသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၂၉ သန်းတင်ပို့ခဲ့ပြီး ဒေါ်လာသန်း ၃၀၀ ကျော်ရရှိခဲ့ကာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment