Latest News

Sunday, October 1, 2017

မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ကြိုးစားမှုသည် အချိန်ဖြုန်းခြင်းသာဖြစ်ဟု ထရမ့်ဆို

မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ကြိုးစားမှုသည် အချိန်ဖြုန်းခြင်းသာဖြစ်ဟု ထရမ့်ဆို

မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ကြိုးစားနေခြင်းသည် အချိန်ဖြုန်းသည့်သဘော သက်သက်သာ ဖြစ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

၎င်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ကုလသမဂ္ဂ မိန့်ခွန်းတွင် လှောင်ပြောင်ခဲ့သည့် အသုံးအနှုန်းအတိုင်း ထပ်မံခေါ်ဝေါ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တိုင်လာဆန် အနေဖြင့် မြောက်ကိုရီးယားကို သည်းခံစိတ်ထား ညှိနှိုင်းနေရန် မလိုအပ်တော့ဟု ယူဆကြောင်း မှတ်ချက်ပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ သိပ်ကို ထူးချွန်တဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်ကို ပြောခဲ့ပြီးပါပြီ။ အဲဒီ ဒုံးကျည်သမားလေးနဲ့ ညှိနှိုင်းဖို့ သူစိတ်ရှည်လက်ရှည် ကြိုးစားနေသမျှက အချိန်ဖြုန်းတာ သက်သက်ပဲ ဖြစ်လိမ့်မယ်လို့လေ”ဟု ထရမ့်က Twitterပေါ်တွင် ရေးသားခဲ့သည်။

၎င်းက ဆက်လက်၍ "တိုင်လာဆန်က အပင်ပန်း မခံသင့်တော့ဘူး။ ကျွန်တော်တို့လည်း တခြား လုပ်စရာရှိတာ လုပ်ရလိမ့်မယ်”ဟုလည်း ဆိုသည်။ အမေရိကန်က မြောက်ကိုရီးယားနှင့် ညှိနှိုင်းရေး လုပ်ငန်းစဉ်များ မအောင်မြင်ခဲ့လျှင် စစ်ရေးအရ ချဉ်းကပ်မှု အပါအဝင် ဖြစ်နိုင်ခြေတိုင်းကို စဉ်းစားမည်ဟုလည်း သတိပေးထားသည်။

အမေရိကန်တွင် ထရမ့်အာဏာရလာပြီးနောက်ပိုင်း မြောက်ကိုရီးယားကလည်း ၎င်းတို့၏ နျူကလီးယား လက်နက်နှင့် တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ စမ်းသပ်မှုများကို ပိုမို အရှိန်မြှင့် အကောင်အထည် ဖော်လာပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဆိုးရွားဆုံး အဆင့်ထိ တင်းမာလာခဲ့သည်။

Ref: CNN

7Day News

No comments:

Post a Comment