Latest News

Saturday, October 14, 2017

ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိုဖီ အာနန်တိုက်တွန်း

ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိုဖီ အာနန်တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို  မြန်မာအစိုးရအနေနဲ့ စံနစ်တကျ ပြန်လည်လက်ခံဖို့လိုကြောင်းနဲ့ မြန်မာနဲ့ နိုင်ငံတကာ ပူးပေါင်းဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုဖီအာနန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 “ဒုက္ခသည်တွေအနေနဲ့ သူတို့မူလနေထိုင်ခဲ့တဲ့ ဒေသတွေကို လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်သွားရောက် နေထိုင်ခွင့်ရသင့်ပါတယ်၊ သူတို့ကို ဒုက္ခသည်စခန်းတွေပို့ဆောင်ဖို့ မသင့်တော်ပါဖူး၊ ဒါ့အပြင် ပြန်လည်နေရာ ချထားရေးနဲ့ အိုးအိမ်တွေတည်ဆောက်ဖို့အတွက် အကူအညီတွေလည်း ရသင့်ပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

မစ္စတာ ကိုဖီ အာနန်က မနေ့က တွေ့ဆုံပွဲမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက လတ်တလော လိုအပ်ချက်တွေအဖြစ် တညီတညွတ် သဘောတူခဲ့တဲ့အချက်တွေကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်စဲရေး၊ လူသားချင်းစာနှာမှု အကူအညီတွေ ရရှိရေး၊ ဘင်္ဂလားဒေ့ရှ် ထွက်ပြေး ရောက်ရှိနေသူတွေ မိမိသဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးတွေဖြစ်ကြောင်း ပြောပါတယ်။

ကိုဖီအာနန် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် က အပြီးသတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ သြဂတ်လမှာ မြန်မာအစိုးရထံတင်ပြခဲ့ပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကိုဖီ အာနန်က အဲဒီ အစီရင်ခံစာပါအချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရက သဘောတူလက်ခံကာ အကောင်အထည်ဖေါ်ရေး ကော်မတီတခုဖွဲ့ပြီး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီလို အကောင်အထည်ဖေါ်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အကြံပေး အဖွဲ့တခုဖွဲ့ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိကြောင်း၊ အဲဒီ ကျွမ်းကျင်သူအဖွဲ့ဟာ မြန်မာနဲ့ နိုင်ငံတကာ  အသိုင်းအဝန်းအကြား တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ အဆင့်ကိုရောက်ရှိသွားနိုင်ကြောင်း စသဖြင့်  ပြောကြားရင်း-

 “ရခိုင်ပြည်နယ်ရဲ့ လက်ရှိပြသနာကို ရခိုင်ပြည်နယ်အစိုးရ၊ မြန်မာအစိုးရနဲ့ နိုင်ငံတကာပူးပေါင်း ဖြေရှင်းဖို့လိုကြောင်း နဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်း မရှိရင် အင်မတန်ဆိုးဝါးတဲ့ နောက်ဆက်တွဲပြသနာတွေကို ရေရှည်မှာကြုံတွေ့ရလိမ့်မယ်” လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ကိုဖီ အာနန်က မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း၊ ရခိုင်ပြည်နယ်ပြသနာအပြင် အခြားအရေးကြီးတဲ့ ပြသနာတွေကိုလည်း ရင်ဆိုင်နေရကြောင်း သတင်းစာရှင်းလင်းပွှဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခုလတ်တလောကာလအတွင်း ရခိုင်ပြည်နယ်က ပြသနာကို ထပ်တလဲလဲ ဆွေးနွေးခဲ့ကြရာမှာ ဗီတိုအာဏာသုံးစွဲခွင့်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲနေပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကျင်းပတဲ့ အစည်းအဝေးတခုမှာ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က လူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်ပွားနေကြောင်း နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု အဆုံးသတ်ဖို့တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ပြောဆိုခဲ့ကြပြီး တရုတ်ပြည်က စိတ်ရှည်သီးခံပြီး အချိန်ယူဖြေရှင်းဖို့လိုကြောင်း ပြောကြားကာ ရုရှားအစိုးရကတော့ မြန်မာအစိုးရကို ဖိအား မတန်တဆပေးရင် အခြေအနေတွေ ပိုမိုဆိုးဝါးသွားမှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးကောင်စီမှာ သောကြာနေ့ မနေ့က ကျင်းပတဲ့ ကိုဖီ အာနန်နဲ့ တွေ့ဆုံပွဲကို ဗြိတိန် သံအမတ်ကြီး Matthew Rycroft မက်သယူး ရိုင်းကရော့ဖ် နဲ့ ပူးတွဲ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ ပြင်သစ် သံအမတ်ကြီး Francois Delattre ဖရန်စွာ ဒဲလတ်ထာ က ဒီအစည်းအဝေးဟာ အင်မတန်အကျိုးရှိကြောင်း၊ ရည်မှန်းချက် ၂ ခုအဖြစ် မစ္စတာ အာနန် ဦးဆောင်ပြီး မြန်မာအစိုးရထံ တင်ပြခဲ့တဲ့အချက်တွေကို ထောက်ခံဖို့နဲ့ ရခိုင်ပြည်နယ် မှာ ပေါ်ပေါက်နေတဲ့ အခြေအနေကို လုံးဝလက်သင့် မခံနိုင်ကြောင်း ဆုံးဖြတ်ဖို့အတွက် များစွာ အထောက်အကူပြုခဲ့တဲ့ အစည်းအဝေး ဖြစ်ကြောင်းနဲ့ တဆက်တည်းမှာပဲ ဒီပြသနာကို သက်ဆိုင်သူအားလုံး တညီတညွတ် ပူးပေါင်းဖြေရှင်းနိုင်မယ်လို့ သူမျှော်လင့်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment