Latest News

Wednesday, October 4, 2017

ရန်ကုန်မြို့၏ နောက်ထပ် အချက်အချာတစ်ခုအဖြစ် စည်ကားလာနေသည့် လှည်းတန်း

ရန်ကုန်မြို့၏ နောက်ထပ် အချက်အချာတစ်ခုအဖြစ် စည်ကားလာနေသည့် လှည်းတန်း

ဆောင်းပါး - ထင်ပေါ်ဝင်း(ကမာရွတ်)
 ဓာတ်ပုံ - ထိန်လင်း

ဆူးလေစေတီတော်၊   ရန်ကုန်မြို့တော်ခန်းမနှင့်    မဟာဗန္ဓုလ ပန်းခြံများတည်ရှိရာ   အရပ်ကို   ရန်ကုန်သူ   ရန်ကုန်သားတို့က ရန်ကုန်မြို့လယ်ဟု သတ်မှတ်ကြသည်။ ယခင်က ဆူးလေစေတီ တော်တည်ရှိရာ အရပ်ကိုဦးတိုက်ပြေးဆွဲခဲ့သည့်  ခရီးသည်တင် ဘတ်စ်ကားအများစုက ရန်ကုန်မြို့လယ်ကို ဂိတ်ရင်းဂိတ်ဖျား အဖြစ် သတ်မှတ်ခဲ့ကြသည်။ အစိုးရရုံးဌာနအများစုသည်လည်း ရန်ကုန်မြို့လယ်နှင့် အနီးတစ်ဝိုက်တွင် ရုံးစိုက်ခဲ့ကြသည့်အတွက် လူအစည်ကားဆုံးအရပ်ဖြစ်ခဲ့သည်။  ရုပ်ရှင်ရုံကြီးများ၊ နာမည် ကျော်ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ရန်ကုန်ဘူတာကြီး၊ ရန်ကုန် ဆေးရုံကြီးနှင့် သင်္ဘောဆိပ်များသည် ရန်ကုန်မြို့လယ်နှင့် မနီး မဝေးတွင်ရှိကြပြီး    မြို့လယ်ခေါင်ကို    လူစည်ကားစေသော အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်ပေသည်။
ထိုနည်းတူစွာပင် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်တစ်ခု ဖြစ်သော ကမာရွတ်မြို့နယ်အတွင်းရှိ လှည်းတန်းလမ်းဆုံသည် လည်း မြို့တော်ရန်ကုန်၏ နောက်ထပ်အချက်အချာတစ်ခုသဖွယ် စည်ကားလာနေသည့် နေရာဖြစ်လာသည်။ အရှေ့-အနောက် သွယ်တန်းဖောက်လုပ်ထားသော   တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်းနှင့်   တောင်-မြောက်   ဖောက်လုပ်ထားသော အင်းစိန်လမ်း၊ ပြည်လမ်းတို့က လှည်းတန်းမီးပွိုင့်တွင် လာရောက် ပေါင်းစုံကြခြင်းဖြင့် လှည်းတန်းလမ်းဆုံ နေရာသည် ယခင်က တည်းက လူသွားလူလာထူထပ်ခဲ့သည်။ ခေတ်အဆက်ဆက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ကျင်လည်လည်ပတ် စရာဖြစ်ခဲ့သော  လှည်းတန်းလမ်းဆုံသည်   ယနေ့အခါတွင်  လူဦးရေများပြားလာသည့်အလျောက်      ပို၍ပင်စည်ကားလာ ခဲ့သည်။
ရန်ကုန်တက္ကသိုလ်(ပင်မ)၏  အဓိပတိလမ်းဝင်ပေါက်ကြီး က တက္ကသိုလ်ရိပ်သာလမ်းပေါ် မေးတင်ထားသကဲ့သို့ တက္ကသိုလ် များဓမ္မာရုံကြီးကလည်း လှည်းတန်းမီးပွိုင့်၏ အရှေ့တောင်အရပ် သစ်တောအုပ်ထဲတွင် ငြိမ်သက်စွာရှိနေသည်။
လှည်းတန်းလမ်းဆုံဟု  ဆိုလိုက်သည်နှင့် အင်းစိန်လမ်းမ နှင့် လှည်းတန်းလမ်းမတို့တစ်လျှောက်ရှိ စတိုးဆိုင်များ၊ လမ်း ဘေးဆိုင်ငယ်များအပြင် လှည်းတန်းဈေး၊ ဦးထွန်းလင်းခြံလမ်း၊ ဇေယျာသီရိလမ်းတို့က လှည်းတန်းလမ်းဆုံဧရိယာအတွင်း ပါဝင် လာမည်ဖြစ်သည်။ ယခုအခါ လှည်းတန်းလမ်းနှင့် ပြည်လမ်းမဆုံရာမီးပွိုင့်ထောင့်တွင် ဈေးဝယ်စင်တာကြီးတစ်ခု ပေါ်ပေါက် လာသခဲ့သလို လှည်းတန်းဈေးနှင့် မျက်နှာချင်းဆိုင်တွင် စူပါမား ကတ်ကြီးတစ်ခုက ရှိနေခဲ့ပြီဖြစ်သည်။  
တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသူလေးများ၏ အဝတ်အစားအသစ်အဆန်းများကို တာဝန်ယူပေးခဲ့သည့် နာမည် ကျော် လှည်းတန်းဈေးကလည်း  ယနေ့ထက်တိုင် တိုးမပေါက် အောင် စည်ကားနေသည်။ အသစ်ပေါ်ပေါက်ခဲ့ကြသော   လှည်း တန်းစင်တာ၊   စိန်ဂေဟာကဲ့သို့   ကုန်တိုက်ကြီးများကြောင့်လည်း လှည်းတန်းလမ်းဆုံသည်  တိုးမပေါက်အောင် ရောင်းသူဝယ်သူ များဖြင့် စည်ကားလာခဲ့သည်။   ရန်ကုန်အင်းစိန်လမ်းမကြီး၏   စံရိပ်ငြိမ်မှတ်တိုင်အနီးတွင်  ဂမုန်းပွင့်ကုန်တိုက်ကြီး ဖွင့်လှစ်ပြီး သည့်နောက်ပိုင်းလမ်းမကြီးများပေါ်တွင်  လူသွားလူလာက အမြဲမပြတ်ရှိနေတတ်တော့သည်။
လူဦးရေရှစ်သောင်းကျော် နေထိုင်ပြီး အကျယ်အဝန်း ၂ ဒသမ ၁၃ စတုရန်းမိုင်သာရှိသော ကမာရွတ်မြို့နယ်ထဲတွင်  ပညာရေးနှင့်ပတ်သက်သော   ရန်ကုန်တက္ကသိုလ်၊    စီးပွားရေး တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ အဝေး သင်တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် စသောတက္ကသိုလ် ကြီး ခြောက်ခုကနေရာယူထားသည်။ မြို့နယ်၏ အနောက်ဘက် တွင်  လှိုင်မြစ်စီးဆင်းနေသကဲ့သို့   မြစ်၏  အစပ်တွင်လည်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်းက    နှစ်ကာလရှည်ကြာစွာ ရပ်တည်နေခဲ့သည်။   လှိုင်မြို့နယ်၊  ဗဟန်းမြို့နယ်၊   စမ်းချောင်း မြို့နယ်၊   ကြည့်မြင်တိုင်မြို့နယ်တို့နှင့်   ထိစပ်လျက်ရှိသော ကမာရွတ်မြို့နယ် အတွင်းပုဂ္ဂလိကဘဏ်ခွဲပေါင်းက ၂၆ ခုထိ ရှိနေသည်။
လက်လုပ်လက်စားအခြေခံလူတန်းစားနေထိုင်မှုနည်းပါးပြီးရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ စီးပွားရေးသမားများ၊ ပညာရှင် လူတန်းစားများ အများဆုံးနေထိုင်ကြသည်။ ခေတ်အဆက်ဆက် က ရပ်တည်နေခဲ့သော   ရန်ကုန်တက္ကသိုလ်အပေါ်    အမှီပြု၍ လှည်းတန်းသားတို့က အဆောင်လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည်။ ပြောင်းလဲလာသောယနေ့ခေတ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်နေထိုင်သူတို့ရှိသည့်အတွက်  အဆောင်လုပ်ငန်းက ပျောက်ပျက်မသွားသလို ပို၍ပင်တိုးလာခဲ့သည်။ လူပျို၊ အပျို အဆောင်များသာမက မိသားစုနေထိုင်ရာအခန်းငယ်များ၊ ရုံးခန်း များ၊ အိမ်ခန်းများ၊ တိုက်ခန်းငှားရမ်းမှုများပါ လုပ်ဆောင်မှုထဲ တွင်ပါဝင်သည့်    စီးပွားရေးဈေးကွက်တစ်ခုက   လှည်းတန်း လမ်းဆုံတွင် အလုပ်ဖြစ်လျက်ရှိသည်။
ပုဂ္ဂလိက  သူနာပြုသင်တန်းကျောင်းများ၊ ကွန်ပျူတာ သင်တန်းများ၊ စာရင်းကိုင်သင်တန်းများ၊ အင်္ဂလိပ်စာနှင့် စကား ပြောသင်တန်းများ၊ ရာထူးဝင်ခွင့်သင်တန်းများ၊ အဝေးသင် တက္ကသိုလ် သင်တန်းများက လှည်းတန်းလမ်းဆုံကို ပို၍စည်ကား စေသည်။ အင်းစိန်လမ်းမရှိ အမျိုးအစားစုံလှသော ဖုန်းအရောင်း ဆိုင်များက ရန်ကုန်မြို့ရှိ ဖုန်းစိတ်ဝင်စားသူတို့အတွက် လေ့လာ စရာနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
ကမာရွတ်မြို့နယ်၏   အရှေ့မြောက်အရပ်တွင်ရှိသော နာမည်ကျော် အင်းလျားကန်ကလည်း ရန်ကုန်သူ၊ ရန်ကုန်သား တို့သာမက  အနယ်နယ်အရပ်ရပ်မှ   လာရောက်သူများကပါ စိတ်ဝင်စားကြသည်။ ရန်ကုန်တက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမ အနောက်ဘက်ရှိ အင်းလျားကန်အကြော်ဆိုင်များ၊  စားသောက် ဆိုင်များတွင် စားသောက်သူမပြတ်ရှိနေတတ်သည်။ တစ်ချိန်က ရခိုင်မုန့်တီမှာ အင်းလျားတွင် နာမည်ကြီးခဲ့သော်လည်း ယခုအခါ ရှမ်းခေါက်ဆွဲဆိုင်များက   အများစုဖြစ်လာသည်။    မြို့ပြ၏ တိုက်တာအဆောက်အအုံကြားတွင် နေထိုင်နေကြရသူတို့က မြက်ခင်းစိမ်းစိမ်း လေတဖြူးဖြူးအရသာကို အင်းလျားပေါင်တွင် လာရောက်ထိတွေ့ကြသည်။
မြန်မာနိုင်ငံအတွက် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် များ စတည်ရာ ဌာနဖြစ်သော မြန်မာ့ရုပ်မြင်သံကြားနှင့် အသံ လွှင့်ဦးစီးဌာနက ကမာရွတ်မြို့နယ်၏ တောင်ဘက်တွင် နေရာယူ ထားသကဲ့သို့  Junction Square ခေါ် ဈေးဝယ်စင်တာကြီးက လည်း ယင်းနှင့်ကပ်လျက်တည်ရှိနေပြန်သည်။
မြို့နယ်အတွင်းနေထိုင်သော  လူဦးရေများပြားလာခြင်း၊ လူနေထိုင်မှုများပြားသော  မြို့နယ်ကြီးများနှင့်   ထိစပ်နေခြင်း၊ အပန်းဖြေအနားယူရာရေကန်စပ်များ၊  ပန်းခြံများ၊ ရုပ်ရှင်ရုံများ ရှိခြင်း၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကားလမ်းဆုံရာအရပ် ဖြစ်ခြင်း၊ လူငယ်လူရွယ်တို့အတွက် စိတ်ဝင်စားစရာနေရာများ ရှိခြင်း၊ အစားအစာမျိုးစုံရရှိနိုင်ခြင်းတို့ကြောင့်  ကမာရွတ် မြို့နယ် လှည်းတန်းလမ်းဆုံနေရာသည် ရန်ကုန်မြို့၏ နောက်ထပ်အချက် အချာတစ်ခုသဖွယ် စည်ကားလာနေပြီဖြစ်ပါကြောင်း . . . ။
မြန်မာ့အလင်း

No comments:

Post a Comment