Latest News

Monday, October 23, 2017

ပုသိမ်ဟာလ၀ါဟုဆိုကာ ကော်ဖြင့် ကျိုချက်ထားသည့်မုန့်များကို တံဆိပ်အမျိုးမျိုးတပ်၍ ဈေးကွက်အတွင်း ရောင်းချနေမှုများ တားဆီးပေးရန် လိုအပ်ကြောင်းသိရ

ပုသိမ်ဟာလ၀ါဟုဆိုကာ ကော်ဖြင့် ကျိုချက်ထားသည့်မုန့်များကို တံဆိပ်အမျိုးမျိုးတပ်၍ ဈေးကွက်အတွင်း ရောင်းချနေမှုများ တားဆီးပေးရန် လိုအပ်ကြောင်းသိရ

ပုသိမ်ဟာလ၀ါဟုဆိုကာ ကော်၊ ထန်း လျက်၊ ဘိန်းစေ့များဖြင့် ရောနှောကျိုချက်ကာ တံဆိပ်အမျိုးမျိုးတပ်၍ ဈေးကွက်အတွင်း ရောင်းချနေမှုကို တားဆီးပေးရန် လိုအပ်နေကြောင်း ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ရှိ ကားဂိတ်များ၊ သင်္ဘောဆိပ်များ စသည့် ခရီးသွားပြည်သူများ လက်ဆောင်ဝယ်ယူမှုများပြားသည့် နေရာဒေသများတွင် ပုသိမ်ဟာလ၀ါဟုဆိုကာ စက်ဘီးများ၊ သုံးဘီးဆိုင်ကယ်များဖြင့် တံဆိပ်အမျိုးမျိုးကို အသုံးပြုကာ ဘူးကြီး၊ ဘူးငယ်များဖြင့် ဟာလ၀ါအတုများ ရောင်းချနေလျက်ရှိကြောင်း၊ ယင်းဈေးကွက်အတွင်းရှိ ဟာလ၀ါအတုများကို FDA မှ ရှောင်တခင် ၀င်ရောက်စစ်ဆေး၍ ဓာတ်ခွဲစမ်းသပ်ရာတွင် ကော်၊ ထန်းလျက်နှင့် ဘိန်းစေ့များကို ရောနှောကျိုချက်ထားသည့် မုန့်တစ်မျိုးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ဟာလ၀ါအတုများမှာ စားသုံးသူများကို အန္တရာယ်မဖြစ်စေသော်လည်း ပုသိမ်ဟာလ၀ါနှင့် အရသာအရ ကွာခြားနေကြောင်း၊ ဟာလ၀ါအတုများကြောင့် ပုသိမ်မြို့၏ နာမည်ကျော် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ပုသိမ်ဟာလ၀ါမှာ ဈေးကွက်အတွင်း နာမည်ပျက်များဖြစ်လာမည်ကို စိုးရိမ်နေရလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ပုသိမ်ဟာလ၀ါဆိုတာ ကမ္ဘာကသိတဲ့ ဒေသလက်ဆောင်မုန့်တစ်မျိုး ဖြစ်ပါတယ်။ အခုဈေးကွက်အတွင်းမှာ ဟာလ၀ါအတုတွေ ပျံ့နှံ့နေတာကြာနေပါပြီ။ ဟာလ၀ါအစစ်နဲ့ ဈေးနှုန်းအရလည်း ကွာခြားပါတယ်။ ဒါတွေကို စားသုံးသူအခွင့်အရေး ကာကွယ်ရေးက အရေးယူဆောင်ရွက်သင့်တယ်။ ဒီလို လိမ်လည်ရောင်းချနေတာတွေကလည်း ဆိုင်တွေနဲ့မဟုတ်ဘူး။ ကားဂိတ်တို့၊ သင်္ဘောဆိပ်တို့လို ခရီးသွားလာရင်း အချိန်မရတော့တဲ့သူတွေ အမြန်ဆုံးဝယ်ယူလို့ရတဲ့နေရာတွေမှာ ရောင်းချနေတာ၊ မသိဘဲဝယ်ယူသွားမိသူဟာ ကျွန်တော်တို့ ပုသိမ်မြို့ရဲ့နာမည်ကြီး ပုသိမ်ဟာလ၀ါဆိုတာ အခုလိုမျိုးအရသာမရှိတဲ့ အရာမျိုးပါလားလို့ထင်သွားရင် ပုသိမ်မြို့ရဲ့ ဂုဏ်သိက္ခာထိခိုက်ပါတယ်။ ပုသိမ်ဟာလ၀ါစစ်စစ်ကို ရောင်းချနေတဲ့ ရွှေမြင်းပျံတို့လို အခြားဆိုင်ကြီးတွေပဲ ခရီးသွားအများစုက ၀ယ်ယူနေတာမို့ အခုချိန်မှာ မသိသာသေးပေမယ့် အချိန်ကြာမြင့်လာတဲ့အခါမှာ တစ်ဦးတစ်ယောက် အတုဝယ်မိတာကနေ ပုသိမ်ဟာလ၀ါရဲ့ အမည်ဂုဏ်သတင်း ထိခိုက်လာနိုင်ပါတယ်။ ဟာလ၀ါဆိုပြီး အမည်တပ်ပြီး ဟာလ၀ါအတုတွေကို လိမ်လည်ရောင်းချမှုတွေကို တားဆီးပေးဖို့လိုပါတယ်” ဟု ပုသိမ်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောကြားသည်။

ပုသိမ်ဟာလ၀ါမှာ ပုသိမ်မြို့၏ ဒေသထွက်ကုန် မုန့်တစ်မျိုးဖြစ်ပြီး ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ ပုသိမ်မြို့သို့ လာရောက်ချိန်တွင် အမှတ်တရလက်ဆောင်အဖြစ် ၀ယ်ယူလေ့ရှိသည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ပြီး ဈေးကွက်အတွင်း အတုများပျံ့နှံ့နေမှုကြောင့် နေရာအတည်တကျဆိုင် ခန်းဖွင့်လှစ်ရောင်းချနေခြင်းမရှိဘဲ ရောင်းချနေသည့် ဟာလ၀ါမုန့်များအစား ဆိုင်ခန်းများဖွင့်လှစ်ကာ မှတ်ပုံတင်တံဆိပ်များပါ ပါဝင်သည့်ဆိုင်များတွင်သာ ရွေးချယ်ဝယ်ယူသင့်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment