Latest News

Wednesday, October 4, 2017

ဒါကိုနိုင်ငံရေးလို့ ခေါ်သလား

ဒါကိုနိုင်ငံရေးလို့ ခေါ်သလား

အစိုးရကောင်း တစ်ရပ်ပေါ်ပေါက်လာဖို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြရတယ်။ နှစ်ပေါင်း ခြောက်ဆယ်နီးပါး အာဏာရှင်ခေတ်ကို ဖြတ်သန်းလာခဲ့ရတော့ ဒီမိုကရေစီအစိုးရကို ငတ်မွတ်ခဲ့ကြတယ်။ အခုလက်ရှိအစိုးရအနေနဲ့ အရင် အစိုးရအဆက်ဆက်ရဲ့အမွေဆိုး တွေကိုအကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးနေရတယ်။ သူများဖွခဲ့တဲ့အမှိုက်တွေကို ကိုယ့်အမှိုက်လို သဘောထားပြီး ရှင်းလင်းနေရတယ်။ ဒီအချိန်မှာ အစိုးရကိုဝိုင်းကူရကောင်းမှန်း မသိ၊ မကူညီတဲ့အပြင် အနှောင့်အယှက်ပါပေးနေကြတဲ့ လူတစ်စုက ထောက်ခံပေးထားတဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေကလည်း ဒီနိုင်ငံမှာခပ်များများ တွေ့ရတယ်။

လက်ရှိအစိုးရကိုအပုပ်ချတိုက်ခိုက်နေတာကို နိုင်ငံရေးလုပ်တယ်လို့များ ထင်နေသလားမသိဘူး။ ကိုယ်နဲ့ပါတီမတူ၊ ခံယူချက်မတူ၊လားရာမတူဘူးဆိုတာနဲ့ပဲတိုက်ခိုက်ရတော့မှာလား။ အဓိကမဏ္ဍိုင်ပြုထားရမှာက ပြည်သူတွေမဟုတ်ဘူးလား။ နိုင်ငံနဲ့ပြည်သူအ ကျိုးအတွက်ဆို ဘုံတူညီချက်ရှိရ မယ်မဟုတ်ဘူးလား။ အခုကတော့ကောင်းတာလုပ်လည်း ကန့်လန့် တိုက်၊ စေတနာထားလုပ်တာလည်းကန့်လန့်တိုက်။ ကန့်လန့်တိုက်တာနိုင်ငံရေးလုပ်နေတာလို့ များမှတ်နေကြသလားအောက်မေ့ရတယ်။ လူအချို့ကို ပြောပါ တယ်။ အတိုက်အခံကောင်းဆိုတဲ့အဓိပ္ပာယ်ကို သေချာနားမလည်ကြတော့လည်းလွဲပြီပေါ့။ ဖတ်ဖူးတဲ့စာထဲကလို ‘‘နိုင်ငံရေးခံယူချက်တော့မတူကြဘူး၊ မတူတာတွေ များပါတယ်။ တူတာတစ်ခုကတော့ ဒီနိုင်ငံကိုချစ်တာချင်းပါပဲ’’ ဖြစ်သင့်ပါတယ်။ အချို့ကလည်း ကိုယ့်အတ္တအကျိုးအတွက် နိုင်ငံ ကို ဇွတ်ချစ်ပြတတ်ကြတယ်။ စိတ်ရင်းအမှန်နဲ့ချစ်ကြပါ။ ချစ်လိုက်နှစ်လိုက်မလုပ်ကြပါနဲ့။ တကယ်တော့ လက်ရှိစီမံခန့်ခွဲနေတဲ့အစိုးရ ကို ကူညီတည့်မတ်ပေးသင့်တာကအတိုက်အခံပါတီများရဲ့တာဝန်ပါ။ ဒါပေမဲ့ မှန်နေတဲ့ခြေလှမ်းကို ခလုတ်တိုက်အောင်လုပ်ဖို့တော့ မဟုတ်ဘူး။ ဘုံတူညီချက်တွေကိုတော့ အတူတကွ အကောင်အ ထည်ဖော်သင့်တယ်။ ဘာလုပ်လုပ်၊ မှားမှားမှန်မှန်ဆန့်ကျင် ကန့် လန့်တိုက်မယ်ဆိုရင်တော့၊ တစ်ခုခုလွဲနေပြီ။ နိုင်ငံနဲ့ပြည်သူဆိုတာကလည်းဒွန်တွဲနေတယ်ဆိုပေမယ့် သီးခြားစီလည်းမြင်လို့ရနိုင်ပါတယ်။ ပြည်သူဆိုတာအချိန်နဲ့လိုက်ပြီးပြောင်းလဲသွားနိုင်တယ်။မျိုးဆက်တွေလည်း ကွာသွားနိုင်တယ်။ နိုင်ငံကတော့ကမ္ဘာတည် သရွေ့ ရှိနေမယ့်အမှန်တရားတစ်ခုပါ။ ဒါကြောင့်ဘာပဲလုပ်လုပ် နိုင်ငံ့မျက်နှာတစ်ခုတည်းကိုပဲ ကြည့်ကြပါ။

ဒီကြားထဲခေါင်းထဲမှာ အတွေးတစ်ခုရောက်နေတယ်။ လူတွေကြားမှာခေါင်းဆောင်နှစ်မျိုးရှိတယ်ဆိုတဲ့ အတွေးပါ။ ဒီခေါင်းဆောင်နှစ်ဦးကတော့ သိသာမြင်သာနိုင်ပါတယ်။ ပထမခေါင်း ဆောင် အမျိုးအစားကို ပြောချင်ပါတယ်။အတွေးအခေါ်အယူအဆ မြင့်မားသူ၊ ဆင်ခြင်တုံတရားနဲ့ဉာဏ်ပညာကြီးမားသူ၊ ဝေဖန်ပိုင်းခြားတတ်သူတွေရဲ့အားပေးမှုကိုရရှိတယ်။ ဒီအပေါ်မှာအခွင့်ကောင်းမယူ၊ မသာယာတတ်။ မိမိရဲ့ခေါင်းဆောင်မှုတာဝန်နဲ့အများအတွက်ပေးဆပ်နေတယ်။ အားလုံးအတွက်အကောင်းဆုံးတွေကို ဖန်တီးရယူပေးနေတယ်။

နောက်ထပ်ခေါင်းဆောင်အ မျိုးအစားကတော့ရှာမှရှားပါပဲ။ ဘယ်သူသေသေငတေမာရင်ပြီး တာပဲဆိုသူတွေပါ။ ပညာချို့တဲ့သူ၊ အတွေးချာသူ၊ အမှန်ကိုမမြင်သေးသူ၊ လောင်းရိပ်တစ်ခု အောက်ကမထွက်နိုင်ရှာသေးသူ တွေကို သည်းခြေကြိုက်စကား တွေနဲ့သိမ်းပိုက်ထားတယ်။ အ တွေးမြင့်လာအောင်မလုပ်ပေး။သူတို့ အမှန်တရားကို မမြင်လေကောင်းလေ။ သူတို့တုံးလေလေပို ကြိုက်လေလေ။ သူတို့မျက်စိနှစ် ဖက်ကွယ်ရင်အရမ်းကြိုက်။ နားနှစ်ဖက်ပင်းလေလေ ပျော်လေလေ။ သူတို့ဦးနှောက်ပျက်သွားရင်သူ့အတွက် ခေါင်းဆောင်လုပ်ရတာပိုသက်သာတယ်ဆိုပဲ။ ဒီလိုလူတွေကိုအလေးအနက်ပြောလိုက်ချင်ပါတယ်။ အတွေးတိမ်၊ အယုံလွယ်ပြီး ရိုးသားလွန်းတဲ့သူတွေဆီ က လက်ခုပ်သံတွေချူချင်လည်း ချူကြပါ။အတွေးမြင့်လာအောင် လည်း မျက်စိဖွင့်ပေးကြပါ၊ နားဖွင့်ပေးခဲ့ကြပါဗျာတို့။

တချို့က ကိုယ့်ကိုလက်ခုပ် တီးပေးတာလေးနဲ့ ကျေနပ်နေတယ်။ လက်ခုပ်ရှင်တွေရဲ့အကျိုးကိုစိတ်မဝင်စား။ ကိုယ့်အတွက်ပဲစိတ်ဝင်စားတယ်။ ဒီလိုခေါင်း ဆောင်မျိုးတွေကြောင့် ရင်လေးမိ ပါတယ်။ ဒီမိုကရေစီရဲ့စံချိန်စံညွှန်းအရ သတ်မှတ်ထားတဲ့လူတစ်စုကထောက်ခံရင် ခေါင်းဆောင်လုပ်ပိုင်ခွင့်ရှိပါတယ်။ နဂိုက အတွေးတိမ်နေလို့ ဒီလိုလူကိုအားပေးမိပါတယ်။ ခေါင်းဆောင်လုပ်သူကထပ်ပြီးမှိုင်းတိုက်၊ အတွေးတွေကိုဖွင့်မပေး၊ အညွန့်တွေ ကို ညှိုးအောင်လုပ်နေမယ်ဆိုရင်တော့ ဒီလူ့အသိုင်းအဝိုင်းကဘယ်မှာ နာလန်ထူနိုင်ပါတော့မလဲ။ ခေါင်းဆောင်ပီသတဲ့ ခေါင်းဆောင်ကောင်းတွေကတော့ ကိုယ့်ကိုလက်ခုပ်တီးပေးနေသူတွေအကျိုးကိုပိုလိုလားကြပါတယ်။ သူတို့ဘဝတွေ ပိုမြင့်မားလာအောင်ကူညီပေးကြတယ်။

ခေါင်းဆောင်ဆိုတာထက် ဆရာလို့ ညွှန်းရင် ပိုကောင်းမလား။ဆရာဆိုတာမျိုးက ကိုယ့်ကို လေးစားယုံကြည်သူတွေရဲ့ အားပေးမှုကို အပြည့်အဝရကြတယ်။ လူမှုကွန်ရက်ခေတ်စကားနဲ့ပြောရရင်Followers တွေ အများကြီးရှိကြတယ်ပေါ့။ ဒီတော့လက်ခုပ်သံတွေအများကြီးရကြတယ်။ လက်ခုပ်သံတွေအပေါ် သာယာလာတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆရာ ဆိုပြီး ထင်တိုင်းကြဲအတွေးအခေါ်တွေကို တပည့်တွေဦးနှောက်ထဲ ဇွတ်မထည့်သင့်ပါ။ တကယ့်အမှန်တရားတွေဆီကို လက်တွဲခေါ်သွားသင့်ပါတယ်။ ဆရာကိုယ်တိုင်က အမှန်တရားနဲ့ဝေးကွာလွန်းနေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ စိတ်မကောင်းရုံပဲ ရှိတော့တယ်။

 တချို့ကလည်း ကန့်လန့်တိုက်တာသိသာလွန်းတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို ကမ္ဘာကသိအောင် ရှင်းပြဖို့ကြိုးစားတယ်။ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို အင်္ဂလိပ်ဘာသာစကားနဲ့ပြောတယ်။ တစ်ကမ္ဘာလုံးကတိုက်ရိုက်နားထောင်ခွင့်ရတယ်။ မြန်မာနိုင်ငံ၊ အထူးသဖြင့်ရခိုင်ပြည်နယ်ရဲ့အရှိတရားကိုကမ္ဘာက သိခွင့်ရလိုက်တယ်။ အပေါင်းလက္ခဏာဆောင်စေတဲ့လုပ်ရပ်ပါပဲ။

ဒါကိုပင် ကိုယ့်ကိုယ်ကိုယ်နိုင်ငံရေးသမားလို့ ခံယူထားတဲ့သူ၊ ဒေသရဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့သူတချို့က အပြစ်တင်ဝေဖန်စကားဆိုကြတယ်။ အံ့ဩမိတယ်။ ဘာတဲ့။ မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဟာမြန်မာစကားဖြစ်တယ်တဲ့။ နိုင်ငံတော်အခြေပြမိန့်ခွန်းကို နိုင်ငံတော် သမ္မတကသာ ပြောပိုင်ခွင့်ရှိတယ်တဲ့။ စိတ်ပျက်လွန်းလို့အကျယ်ကြီးအော်ရယ်မိတယ်။ ပြောသာေ ပြာရတယ်။ သူတို့စကားတွေကို ကြိုက်တဲ့သူကလည်းအများသားဗျ။ ဒီလိုခေါင်းဆောင်မျိုးနဲ့ ဒီလိုတပည့်တွေနဲ့ကတော့ ရင်လေးမိတယ်။

အခုရက်ပိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ ARSA အကြမ်းဖက်အဖွဲ့ကို ရှုတ်ချတဲ့ပွဲတွေလုပ်ကြတယ်။ ထောက်ခံပါတယ်။ဒါပေမဲ့ စိတ်မကောင်းစရာ တွေ့ရတာက‘ကိုဖီအာနန်ကော်မရှင်အလိုမရှိ’ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေပါ။ အကြမ်းဖက်သမား တွေကို ဆန့်ကျင်ဆန္ဒပြတဲ့ပွဲမှာဘာတွေထပ်ထည့်နေရတာလဲ။အကြမ်းဖက်သမား ရှုတ်ချပွဲကို သန့်သန့်လေးလုပ်လို့မရဘူးလား။လွဲနေပြီ။ ထပ်ဖြည့်ထည့်ချင်ရင် ပြည်ပမီဒီယာတွေရဲ့ ဘက်လိုက် ဖော်ပြမှုကို များများထည့်အော်ကြပါလား။ အခုကတော့ ပြည်သူ့ခေါင်းဆောင်ကြီးက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်နေကြသလိုပဲ။

ကိုဖီအာနန်ကော်မရှင်ကို လိုအပ်ချက်အရ ဖွဲ့လိုက်တာကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်။ ရခိုင်အရေးကို ကော်မရှင်ရဲ့အစီအရင်ခံစာအတိုင်းအကောင်အထည်ဖော်နေတယ်။ ဘင်္ဂါလီအရေးကို ကမ္ဘာက ထောက်ပြဝေဖန်တိုင်း ဒီအစီရင်ခံစာကို ကိုးကားပြီးပြန်လည်ချေပနေရတယ်။ ရခိုင်မြောက်ပိုင်းမှာ ဆောင်ရွက်နေရတဲ့ ကိစ္စရပ်တိုင်းရဲ့အကျိုးဆက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါင်းခံထားရတယ်။ ဒေါက်တာကိုဖီအာနန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ကမ္ဘာက လေးစားရတဲ့လူ့အခွင့်အရေးသမားတွေကြောင့်သာလျှင်ကမ္ဘာ့ဖိအားအရပ်ရပ်ကို ကြံ့ကြံ့ခံနိုင်နေတာပါ။

အရှိတရားအရ ကိုယ့်ဘက်  ကအမှန်ဆိုပေမယ့် အမှန်ကိုအမှန်ပါလို့ အရင်အစိုးရအဆက်ဆက် ကပြန်လည်မချေပနိုင်ခဲ့ဘူး။ အခု ပြည်သူ့အစိုးရလက်ထက်မှာမှ အပြီးသတ်ဖြေရှင်းနေရတာ။ ကိုဖီအာနန်ကော်မရှင်အစီအရင်ခံစာ ဟာ ရခိုင်ပြည်နယ်ပဋိပက္ခကိုဖြေရှင်းပေးနိုင်မယ့်လက်နက်တစ်ခု ပါ။ ဒါကိုပင် အသေအချာမလေ့ လာ‘ကော်မရှင်အလိုမရှိ’ဆိုပြီးမျက်စိမှိတ်အော်နေကြတယ်။ သူတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေ က အော်ခိုင်းနေကြတာလေ။ ရှင်းရှင်းပြောရရင်‘ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာအလိုမရှိ’လို့ တကယ်အော်သင့်တာက ခိုးဝင်ဘင်္ဂါလီတွေပါ။ ဒီအစီရင်ခံစာကြောင့်သူတို့ရဲ့မျှော်လင့်ချက်တွေ ပျက်ပြယ်ခဲ့ရတာမဟုတ်လား။ အခုကတော့ ပြောင်းပြန်ကြီး ဖြစ်နေတယ်။ ဒီကော်မရှင်ကို ဆန္ဒပြနေတာဟာ  ဒီမိုကရေစီအစိုးရကို ဆန္ဒပြနေတာပဲ။

ပဋိပက္ခတွေကို အကောင်းဆုံးဖြေရှင်းပေးနေတဲ့ လက်ရှိအစိုးရကိုခြေထိုးခံပြီး ခြေလှမ်းမှားအောင်လုပ်နေတာဟာ တကယ့်နိုင်ငံရေးသမားစစ်စစ်တွေ မဟုတ် လို့ပဲ။ နိုင်ငံရေးသမားလို့အမည်ခံ ပြီး ပြည်သူတွေအပေါ်စေတနာမ ထားတဲ့သူတွေပဲ။ ဒီရက်ပိုင်းအတွင်းက လှုပ်ရှားမှုတစ်ခုဖြစ်တဲ့‘WeStandWithYou’ကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစု ကြည့်ကို ထောက်ခံသူဘယ်လောက်များလဲသိနိုင်ပါတယ်။လက်ရှိအစိုးရရဲ့ ရပ်တည်ချက်ကိုဘယ်လောက်ထိ အားပေးကြလဲဆိုတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အားလုံးကိုအတူတူပါဝင်စေချင်တဲ့လောဘစိတ်ကြောင့်သာ ပြော နေရတာပါ။

တကယ်တော့ အမျိုးသား ရေးစိတ်ဓာတ်၊ အမျိုးသားရေးအမြင်ဆိုတာ နိုင်ငံသားတိုင်းရဲ့ရင်ထဲမှာရှိပြီးသားပါ။ အခုတော့ အမျိုးသားရေးဆိုတဲ့ခေါင်းစဉ်ကို ဗန်းပြပြီးဒီမိုကရေစီအစိုးရကို အခက် တွေ့အောင်လုပ်နေတာဟာ လွဲမှားနေတာပဲ။ တစ်နည်းပြောရရင်ဒီမိုကရေစီအစိုးရကို ဆန့်ကျင် နေတာဟာ အာဏာရှင်အစိုးရကို တမ်းတနေတာပါပဲ။ ကူညီနေသလိုနဲ့ အနှောင့်အယှက်ပေးနေကြသူတွေကလည်း များလိုက်တာ။

အဆိုးထဲကအကောင်းလို့ပဲပြောရမလား။ အခုဖြစ်နေတဲ့ ရခိုင်ကိစ္စကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်နေတယ်လို့ခံစားရတယ်။ တစ်နိုင်ငံလုံးကဝိုင်းဝန်းကူညီနေကြတာလည်း အားရစရာကောင်းလှပါတယ်။ အစိုးရနဲ့တပ်မတော်ကို အတူယှဉ်တွဲမြင်ယောင်မိစေတယ်။ ခံယူ ချက်မတူဘူးဆိုပေမယ့် နိုင်ငံရဲ့ဘုံရန်သူကိုအတူတကွ တွန်းလှန်နေကြတယ်။ လိုအပ်လာတဲ့အချိန်မှာတပ်မတော်ကသူလုပ်သင့်တာကို လုပ်သွားတယ်လို့ မြင်ပါတယ်။ ပြည်သူတွေရဲ့ထောက်ခံမှုကိုရတာ ကိုယ်လုပ်ရမယ့်အလုပ်ကိုတာဝန်ကျေကျေလုပ်သွားလို့ပါပဲ။တကယ်တော့နိုင်ငံအတွက် အရေးကြုံလာတိုင်း တူညီတဲ့စိတ်ထား တွေထားပြီး ပါဝင်သင့်တယ်။ နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့ နေရာမှာ အချိန်အခါဆိုတာရှိပါ တယ်။ ဒီလိုချိန်မှာ တကယ်ဖြစ်သင့်တာက နိုင်ငံအတွက်ဆို တစ်သွေးတည်း၊ တစ်စိတ်တည်း၊ တစ်သဘောတည်းဆိုတာပါပဲ။

ရခိုင်ပြည်နယ်အရေးနဲ့ပတ် သက်ပြီး လက်ရှိအစိုးရအနေနဲ့ ကျဉ်းထဲကျပ်ထဲကို ရောက်နေတယ်။ ကမ္ဘာနဲ့ချီပြီး ပြဿနာကြီးတွေကို ကိုင်တွယ်ဖြေရှင်းနေရ တယ်။ အစိုးရဖြစ်နေပြီဆိုမှတော့ အစိုးရတာဝန်ကို ကျေပွန်ရပြီပေါ့။အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနေရတယ်။ ဒါကို ဝိုင်းကူညီသင့်တယ်။ အစိုးရကိုကန့်လန့်တိုက် ခြင်းဟာ နိုင်ငံရေးလို့ထင်နေရင် တော့မှားနေပါပြီ။ အရေးကြီးရင်သွေးနီးရမယ်။ ဒီလိုမဟုတ်ဘဲ လက်ရှိအစိုးရအခက်၊ ငါတို့အချက် ပုံစံမျိုးလုပ်နေရင်တော့ လွဲနေပါပြီ။ လက်ရှိအစိုးရကတော့ ပြဿနာတွေကြားမှာ မရှုမလှခံနေရပြီ။ နိုင်ငံယိမ်းယိုင်နေပါပြီဆိုတဲ့ စွပ်စွဲမှုတွေ ပြုလုပ်လာပြီဆိုရင်တော့ဒါနိုင်ငံရေးမဟုတ်တော့ဘူး။ ပုတ်ခတ်ဝေဖန်ရေးသက်သက်ပဲဖြစ်သွားပါပြီ။ ဒါကိုနိုင်ငံရေးလို့မခေါ်ထိုက်ပါ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

7Day News

No comments:

Post a Comment