Latest News

Wednesday, October 25, 2017

ခွန်တန် လက်ထပ်ခဲ့သည့် မိန်းကလေးနှစ်ဦး၏ ဖခင် ဦးဝင်းညွန့်နှင့် တွေ့ဆုံခြင်း

ခွန်တန် လက်ထပ်ခဲ့သည့် မိန်းကလေးနှစ်ဦး၏ ဖခင် ဦးဝင်းညွန့်နှင့် တွေ့ဆုံခြင်း

‘‘သူများသားသမီး ချောချောလှလှဆိုရင် သူ့ရဲ့ ဟိုဘ၀က မယားလို့ပြောတယ်။ တကယ့်အချောအလှမှလက်ချည်တာ’’

 ကိုယ်ခန္ဓာတွင် ဆေးမင် ကြောင်ထိုးထားပြီး လူမိုက်ပုံစံ ပေါက်နေသော ခွန်တန် (ခေါ်) ဇာတ်လိုက်ဆိုသည့် အသက် (၂၀) ကျော် လူငယ်တစ်ဦးက သထုံမြို့ နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာနယ်မြေမှ အမျိုးသမီး ငယ်အချို့ကို လက်ထပ်ခဲ့သည်။ ခွန်တန်ကို အလံတစ်ရာဆရာ တော်ကြီးဝင်စားသူဟု ဒေသခံ အများစုက ယုံကြည်နေပြီး ဘုရား လောင်းဟူသော အစွန်းရောက်  ယုံကြည်ကိုးကွယ်မှုလည်း ရှိနေသည်။ ခွန်တန်နှင့် လက်ထပ်ပါက သိဒ္ဓိမြောက်သည်ဟူသော အယူ လည်း သမီးရှင်အချို့တွင် ရှိနေပြီး ၎င်းတို့၏ သမီးများကို ခွန်တန် နှင့် လက်ဆက်စေသည်။ ဇရစ် ချောင်ကျေးရွာအုပ်စုရှိ ဗုဒ္ဓသစ္စာ (၃)လမ်းတွင် နေထိုင်သူ ဦးဝင်းညွန့် က ၎င်း၏ သမီးနှစ်ဦးကိုလည်း ခွန် တန်က လက်ထပ်ခဲ့သည်ဟု ဆို သည်။ သူကိုယ်တိုင်က သဘော မတူသော်လည်း ခွန်တန်အား ယုံ ကြည်နေသည့် ဇနီးနှင့် သမီးနှစ်ဦး ကို မလွန်ဆန်နိုင်ခဲ့ဟုဆိုသူ ဦးဝင်း ညွန့်အား 7Day News ဂျာနယ်က တွေ့ဆုံမေးမြန်းထားပါသည်။

ဦးလေးသမီးနှစ်ယောက်ကို ခွန်တန်က လက်ချည်တယ်လို့ ဦးလေးကိုယ်တိုင်က ပြောခဲ့ပါတယ်။ အဲဒီ့ အခြေအနေကို ရှင်းပြပေးပါဦး။

 လက်ချည်တယ်ဆိုတာ ပအိုဝ်းလို၊ ကရင်လိုပြောတာ။ တို့ ဗမာလိုပြောရင် လက်ထပ်ထိမ်း မြားတယ်ပေါ့။ ဒီလိုလက်ချည် တယ်ဆိုတာ ခွန်တန်ဇာတ်လိုက် ကို ပုဂ္ဂိုလ်ထူးလို့ တို့မိသားစုနဲ့ ပတ်ဝန်းကျင်ကထင်တာပေါ့။ ခွန်တန် ဇာတ်လိုက်နဲ့ လက်ချည်လိုက်လို့ရှိ ရင် လာဘ်လာဘတိုးတယ်။ အ သက်ရှည်တယ်ပေါ့ကွာ။ ဘုရင်မျိုးဘုရင်နွယ်က ဖြစ်လာတယ်ဆိုပြီး ဘုန်းကံမြင့်တယ်ပေါ့။ သူတို့ (ခွန် တန်အဖွဲ့)ရဲ့ လက်သုံးစကားတစ် ခွန်းရှိတယ်။ တစ်လပဲပေါင်းရ ပေါင်းရ၊ ဆယ်ရက်ပဲ နေရနေရ  အသားချင်းမထိပါဘူးပေါ့။ ဒီလိုပဲ ပြောတယ်။

ဦးသမီးအကြီးမကို ခွန်တန်က လက်ချည်တယ်ဆိုတာ ဘယ်တုန်းကလဲ။

တရားဝင်ချည်သွားတာ မဟုတ်ဘူး။ ၂၀၁၄ က သူခေါ်ချင်တဲ့အခါ၊ ခေါ်တွေ့ချင်တဲ့အခါ တွေ့မှာပေါ့။ ဦးက အဲဒီတုန်းက ဘန်ကောက်မှာပဲ ရှိတာကိုး။ အကြီးမကို လက်ချည်တာ ဦးမသိခဲ့ဘူး။ ပြန်လာမှ သိတာ။ အငယ်မကို လက်ချည်တာ ၂၀၁၅ ထဲမှာ။

သမီးကို ခွန်တန်က လက်ချည်တာကို သဘောမတူဘူးဆိုတော့ ဦးအနေနဲ့ ဘယ်လိုဖြေရှင်းခဲ့ပါသလဲ။

သူတို့ (ခွန်တန်အဖွဲ့)စလာ ပြီးပြောတော့ ဦးသမီးက အသက် (၁၆) နှစ်တောင်မပြည့်သေးတော့ မဖြစ်နိုင်ဘူး၊ ဦးက လက်မခံဘူး ပြောတာကို မရရအောင် ချည်သွားတာ။ ကျွန်တော်စိတ်ပြေပြီလား၊ လက်ခံပြီဆိုရင် တင့်တောင့်တင့် တယ်ပြန်ချည်ပေးမယ်ဆိုပြီး လာစည်းရုံးတော့၊ အများနဲ့ တစ်ယောက်နဲ့ဆိုတော့ အားမတန်လို့ မာန် လျှော့လိုက်ရတယ်။ လက်ချည်ဖို့ လာပြောတော့ တို့ရပ်ကွက်က နိဗ္ဗာန်ဆော် ဦးလှထွန်းဆိုတာပါ လာတယ်။ ဘာကိစ္စလဲမေးတော့ ဘုရားဒကာတော့ ထီပေါက်ပြီတဲ့။ ဘာကိုပြောတာလဲဆိုတော့ ဦးသမီးအငယ်မကို ဇာတ်လိုက်က လက်ချည်ချင်တယ်ပြောတော့၊ မ ဖြစ်နိုင်ဘူး ပြန်တော့လို့ ပြောလိုက် တယ်။ လက်မခံဘူးပြောတော့ ခင်ဗျားက ဘုရားဝင်းထဲနေပြီး ဘုရားစိတ်ဓာတ် မရှိဘူးပြောတယ်။ ဒီကိစ္စတွေကို ဇရစ်ချောင် ကျေးရွာဥက္ကဋ္ဌ ဦးသန့်ဇင်ကို သွား ပြောတော့ ကျွန်တော့်သမီးအကြီး မကိုပါ မနှစ်က လက်ချည်ခဲ့တာသိ ရတယ်။ ကျွန်တော့် မိန်းမနဲ့ သမီး တွေက ကျွန်တော့်ကို ဖုံးထားတာ လေ။ (ထိုအချိန်က ဦးဝင်းညွန့်သည် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်နေချိန်ဖြစ်သည်) ခွေးလိုပဲ ပေါင်းသွားတာ။ တစ်လပဲ ပေါင်းသွားတာ။

ဦးသမီးကို ခွန်တန်က အပြင်ကို ခေါ်သွားတာရှိပါသလား။

ကျောင်းပြန်တက်မယ်ပြောပြီး ညာပြီးခေါ်သွားတယ်။ ဦးသမီး တွေ၊ ဦးမိန်းမတွေက သူတို့ဘက် ပါသွားပြီကိုး။ တောင်ကြီးမှာ ၁၅ ရက်လောက်သွားနေကြတယ်။

လက်ချည်တော့ ခွန်တန်က ဘာ တွေပေးသလဲ။

လက်ဖွဲ့ငွေနဲ့  အိမ်ခြံကွက်တစ်ကွက် ၀ယ်ပေးထားတာရှိတယ်။ ပေ ၈၀ ပတ်လည်လောက် ရှိတယ်။ ဗုဒ္ဓသစ္စာ ၃ လမ်းထဲမှာ။ လက်ဖွဲ့ငွေနဲ့ ၀ယ်တယ်ပြောတာပဲ။ ကျွန်တော်တော့ ဒီကိစ္စစိတ်မ၀င်စားဘူး။ သွားလည်းမနေဘူး။ အိမ်တစ်လုံးလည်း ရပ်ကွက်ကနေ ဆောက်ထားပေးတာ။

ခွန်တန်ရဲ့ လုပ်ရပ်တွေအပေါ် ဘာပြောချင်ပါသလဲ။

ကျွန်တော့်မိသားစုက ခွန်တန်နဲ့ ပတ်သက်ရင် အသက်ရော၊ အရှက်ရောပေးထားတယ်လို့ ပြောတယ်။ ကျွန်တော့်မိသားစုက ရိုးလည်း ရိုးတယ်။ ဆင်းလည်း ဆင်းရဲတယ်။ ဒီမိသားစုက သူများပြော နေတာကို အသေယုံတယ်။ သူနဲ့ လက်ချည်ရင် အဆင့်တွေမြင့်လာတာတို့၊ ရာထူးတွေ တိုးလာတာတို့။ ဘာမှရမလာဘူး။ အိမ်စုတ်က အိမ်စုတ်ပဲ။ ကျွန်တော့်ရဲ့ သားတွေ၊ မယားတွေက သူ့ဘက်ကပါနေပြီ။ ဒီပုဂ္ဂိုလ်အတွက်ဆို အသက် ရော၊ အရှက်ရောပေးပါတယ်ဆို တော့ အမှုက ဘယ်လိုမှ အထမ မြောက်ဖြစ်နေတယ်။

ဦးလေး မိန်းမနဲ့ မိသားစုဝင်တွေက ဘာကြောင့် အဲဒီလိုဖြစ်နေတာလဲ။

ပုဂ္ဂိုလ်စွဲတွေလေ။ ပုဂ္ဂိုလ်ရူး၊ ပုဂ္ဂိုလ်စွဲတွေပဲလေ။ ဒါဆို ဒါပဲလေ။ရိုးတဲ့ အတဲ့အပေါ်မှာ အနိုင်ယူခြယ်လှယ်သွားတာ။

ဦးကကော ဘာလို့ လက်မခံတာလဲ။ ဦးလေးရဲ့ ခံယူချက်ကို ပြောပြပါလား။

 ဘာလို့လက်ခံရမလဲ။ အဓိပ္ပာယ်မရှိလို့ လက်မခံတာပါ။ ဟိုးတုန်းက အရည်းကြီးလိုပေါ့။ သမီးပျိုရှိရင် အရည်းကြီးကို သွားဆက်သရတာ။ ခေတ်မရှိတော့ဘူး။ လက်မခံနိုင်ဘူး။ ကလေးက အသက်ပြည့်သွားရင် တစ်မျိုး။ (၁၈) နှစ်ကျော်ရင် လွှတ်ပေးပါတယ်။ အခုက (၁၆) နှစ်ပဲရှိသေးတယ်။ အခုတော့ ကလေးက စာလည်းမတတ်။ သောင်ပြင်မှာ လွတ်တဲ့ ခွေးလိုပဲ ယောင်ဝါးဝါးဖြစ်နေတယ်။

သမီးနှစ်ယောက် လက်ချည်ခံခဲ့ရ တော့ ဒါကို တရားဥပဒေအရ အရေးယူဖို့ တောင်းဆိုဖို့ရှိပါသလား။

အရေးယူဖို့ ဦးက လုပ်မလို့ ပြောတာပေါ့။ ဦးရဲ့ မိန်းမနဲ့ သမီးတွေက ဘယ်လိုမှ ထွက်မလာဘဲ။ သူတို့ကာယကံရှင်က မထွက်လာတော့ ဦးအနေနဲ့ ဘယ်လိုမှ လုပ်လို့မရဘူး။ ကိုယ်တစ်ယောက်တည်းနဲ့ ပြီးမှ မပြီးပဲ။ သူတို့ (မိန်းမနဲ့ သမီး နှစ်ယောက်)ကတော့ ဒီပုဂ္ဂိုလ်နဲ့ ပတ်သက်ရင် အသက်ရော၊ အရှက်ရောပေးပါတယ်ဆိုတော့ မဟုတ်ပါဘူး ပြောမှာပဲ။ အသား တောင်မထိဘူးပြောမှာပဲ။

အခုလိုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဦးလေးဘာများဖြည့်စွက်ပြောချင်လဲ။

အမှန်တရားက အမှန်တရားပဲ ဖြစ်ချင်တယ်။ ဒီလိုပဲ ဆက်လုပ်လို့ရမယ်ဆိုရင် အပျိုမှမထားရဲဘဲ။ ရုပ်ချောချောလှလှဆိုရင် ဟိုးဘ၀က တော်စပ်တဲ့ မယားတဲ့။ သမီးပျိုလှလှလေးတွေ တွေ့ရင် ဟိုဘ၀က သူ့ရဲ့မယားတဲ့။ ဦးပြောချင်တာက သူ့ရဲ့ဟိုဘ၀က မယားတွေက ရုပ်ဆိုးဆိုးလည်းမပါပါလား။ သူများသားသမီး ချောချောလှလှဆိုရင် သူ့ရဲ့ ဟိုဘ၀က မယားလို့ ပြောတယ်။ တကယ်အချောအလှမှ လက်ချည်တာ။ ဒါပါပဲ ပြောချင်တာက။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
7Day News

No comments:

Post a Comment