Latest News

Monday, October 2, 2017

အမျိုးသမီး အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး တိုင်ကြားမှု ၁၆၀ ကျော်ရှိ

အမျိုးသမီး အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး တိုင်ကြားမှု ၁၆၀ ကျော်ရှိ

အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်အတွင်း စက်တင်ဘာ ၁၈ ရက်အထိ လူမှုဝန်ထမ်းဦးစီးဌာန ဟောပ့်လိုင်းကို တိုင်ကြားလာမှု ၁၆၀ ကျော်အထိ ရှိလာတယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သ၀ါးက ပြောပါတယ်။

“၂၀၁၆ နိုဝင်ဘာလကတည်းက ကျမတို့ ဟောပ့်လိုင်းကို တည်ထောင်ထားပါတယ်။ အဲ့ဒီတည်ထောင်တဲ့အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာကနေ ဒီဇင်ဘာအထိကို ၃၄ ဦးရှိပါတယ်။ ၂၀၁၇ ကနေ ခု စက်တင်ဘာ (၁၈) ထိကို အမှုပေါင်း ၁၆၀ ကျော်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကဆိုရင် အမျိုးသမီးအကြမ်းဖက်ခံရမှုအနေနဲ့ တရက်ကို ၂ ယောက်နှုန်းအထိ အကြမ်းဖက်ခံရတယ်လို့လည်း ပြည်ထဲရေးမှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ အမျိုးသမီးရေးရာကိစ္စတွေကို ကူညီနေတဲ့ ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ) သို့ အမှုပေါင်း (၃၇၄) မှု တိုင်းကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနကိုတော့ ဟောပ့်လိုင်းစတင်ဖွင့်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နောက်ဆုံးတစ်လအတွင်း ၃၄ ဦးသာ ရှိခဲ့ပါတယ်။

အခုလို အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး လှုပ်ရှားကူညီနေတဲ့ အလယ်တန်းပြ ဆရာမတဦးဖြစ်တဲ့ ဒေါ်သန်းသန်းအေးကလည်း ခုလို ပြောပါတယ်။

“အမျိုးသမီးဆိုရင် အမျိုးသားထက် ခွန်အားနည်းတာတွေလည်းပါမယ်။ နောက်ပြီး ပညာမတတ်တာတွေလည်း ပါမယ်။ နောက်ပြီး အိမ်ထောင်ဘက် အမျိုးသားတွေက မူးယစ်ဆေးဝါးတွေ မှီဝဲတာကြောင့်လည်း အကြမ်းဖက်မှုတွေ ဖြစ်နိုင်တယ်။”

အမျိုးသမီးအကြမ်းဖက်မှုတွေထဲမှာရှိနေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ကိုင်တွယ်ရာမှာလည်း ခက်ခဲမှုတွေရှိတဲ့အကြောင်း ကလေးမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင် အရာရှိတဦးက “အမျိုးသမီးအရေးကိစ္စတွေမှာ အိမ်တွင်းအကြမ်းဖက်မှုက ခက်ခဲတယ်။ ဖြေရှင်းပေးရတဲ့အခါ ကိုယ်က စေတနာနဲ့ ဖြေရှင်းပေးလိုက်တယ်။ အမျိုးသမီးတိုင်ချက်အရ လုပ်ပေးတယ်။ ထောင်ကျမယ်ဘာညာဆိုတော့ အမျိုးသမီးဘက်က တော်တော်များများ မလုပ်ချင်ပြန်ဘူး။ ကျွန်မယောကျာင်္းမရှိရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဖြစ်ပြန်ရော။ ကြားထဲ ကိုယ်က စေတနာနဲ့ လုပ်ဆောင်ပေးပေမယ့် အမုန်းခံရတာ များတယ်။ ” လို့ ဆိုပါတယ်။

ဖြစ်ပွားမှု များလာတဲ့ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေ လျော့နည်းပပျောက်ရေး အမျိုးသမီးထု အသိပညာပေးမှုတွေကို အမျိုးသမီးအရပ်ဖက် အဖွဲ့အစည်းများနဲ့အတူ နိုင်ငံတော် အစိုးရအနေနဲ့ပါ မူဝါဒ ချမှတ်ဆောင်ရွက်နေတာကို တွေ့ရပြီး လက်ရှိမှာတော့ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေဟာဆိုရင် (၆) ကြိမ်မြောက်ရှိပြီပေါ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပြန်တင်ပြထားပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ ပြန်ရောက်လာတာနဲ့ ပြည်ထောင်စု ကတ်ဘိနက်ကို တင်ပြသွားမှာဖြစ်တယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာနထံက သိရပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန ဟောပ့်လိုင်းကိုတိုင်းကြားလာတဲ့ အမှုပေါင်း (၁၆၀) ကျော်မှာတော့ (၉၀) ကျော်က အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပြီးတော့ ၆၀ ကျော်ကတော့ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပါတယ်။ ကျန်တာကတော့ အမွေကိစ္စတို့လို အခြားကိစ္စတွေ ဖြစ်ပါတယ်လို့ ဒေါ်နော်သ၀ါးက ဆက်ပြောပါတယ်။

အမျိုးသမီးအကြမ်းဖက်ခံရမှုများနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန Hotline နံပါတ် ၀၁-၄၀၄၆၆၆၊ ၀၁-၄၀၄၇၇၇ ကို ဆက်သွယ်နိုင်ပြီး သက်ငယ်မုဒိမ်းမှုအတွက် ၀၁-၄၀၄၂၂၂၊ ၀၁-၄၀၄၉၉၉၊ လူကုန်ကူးမှုအင်ဖော်မေးရှင်းစင်တာအတွက် ၀၁-၆၆၆၆၁၉ ကိုလည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

DVB


No comments:

Post a Comment