Latest News

Wednesday, October 4, 2017

ရက်ပိုင်းအတွင်း စပိန်မှ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာရန် ကာတာလန်ဒေသ အစိုးရ ကြိုးစားနေ

ရက်ပိုင်းအတွင်း စပိန်မှ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာရန်
ကာတာလန်ဒေသ အစိုးရ ကြိုးစားနေ

ရက်ပိုင်းအတွင်းတွင် စပိန်မှ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာနိုင်ရန် မျှော်လင့်ထားကြောင်း ကာတာလန်ဒေသ အစိုးရက ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာတာလန်တွင် စပိန်မှ ခွဲထွက်ရေးနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ တစ်ရပ်ကို ကျင်းပခဲ့ရာ မဲပေးသူ ၉၀ ရာခိုင်နှုန်းက ခွဲထွက်ရေးကို ထောက်ခံခဲ့ကြသည်။ သို့သော် စပိန်အစိုးရက ယင်းဆန္ဒခံယူပွဲသည် တရားမဝင်ဟု စွပ်စွဲကာ အသိအမှတ်လည်း မပြုခဲ့ချေ။

ထို့အပြင် ဆန္ဒခံယူပွဲ၌ မဲပေးသည့် အရေအတွက်မှာ စုစုပေါင်း မဲပေးခွင့် ရသူ၏ ၅၀ ရာခိုင်နှုန်း မပြည့်သဖြင့် ရလဒ်မှာလည်း ဥပဒေကြောင်း သတ်မှတ်ချက်များအရ တရားမဝင်ကြောင်း စပိန် တရားရုံးချုပ်က ကြေညာခဲ့သည်။ သို့သော် ကာတာလန် အစိုးရဘက်က မဲရုံများသို့ မဲလာပေးသူဦးရေ လျော့နည်းခြင်းသည် စပိန်ရဲများ၏ အင်အားသုံး တိုက်ခိုက် ဖြိုခွင်းမှုများကြောင့်ဟု စွပ်စွဲထားသည်။

ကာတာလန် ခေါင်းဆောင် ကားလက် ပူဒီမွန့်ကမူ ၎င်း၏ အစိုးရအဖွဲ့ အနေဖြင့် လွတ်လပ်ရေး ကြေညာမှုကို ယခုသီတင်းပတ်ကုန်၊ သို့မဟုတ် လာမည့်သီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

၎င်းက ဥရောပ ကော်မရှင်ကိုလည်း ကာတာလန် ပြည်သူများ၏ လိုလားတောင်းဆိုမှုကို အလေးထား ထောက်ခံရန် တိုက်တွန်းခဲ့သည်။ စပိန်ဘုရင် သတ္တမ ဖိလစ်ကမူ ကာတာလန်၏ ဆန္ဒမဲ ခံယူပွဲသည် ဥပဒေကို ဘောင်ကျော်နေကြောင်း ဝေဖန်ခဲ့သည်။ သို့သော် စပိန်သည် နိုင်ငံရေး အကျပ်အတည်းများမှ ရုန်းထွက်နိုင်လိမ့်မည်ဟု ဘုရင်က သုံးသပ်ခဲ့သည်။

ပူဒီမွန့်က ၎င်း၏ အစိုးရ အဖွဲ့သည် လတ်တလောတွင် မက်ဒရစ်ရှိ စပိန်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းမှုများ မရှိသေးဟုလည်း ဝန်ခံထားသည်။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ ကာတာလန်သည် သမိုင်းကြောင်း တလျှောက်တွင် မက်ဒရစ် နယ်သားများနှင့် ခါးသီးတင်းမာသော အားပြိုင်မှုများ ရှိခဲ့ပြီး ခွဲထွက်ရေးအတွက် ခေတ်အဆက်ဆက် လှုပ်ရှားခဲ့သည်။

စပိန်အစိုးရက ကာတာလန် ဆန္ဒခံယူပွဲကို တရားမဝင်ဟု ကြေညာပြီးနောက် ယခုသီတင်းပတ် အတွင်းတွင် အစိုးရကို ဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။ ဘာစီလိုနာ တစ်မြို့ထဲတွင်ပင် လူပေါင်း ခုနစ်သိန်းကျော်မျှ စုရုံးချီတက်ပြီး ခွဲထွက်ခွင့်အတွက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Ref: AFP

7Day News

No comments:

Post a Comment