Latest News

Tuesday, October 24, 2017

ဒုက္ခသည်တွေ ကူညီဖို့ ကန်ဒေါ်လာ ၄၃၄ သန်း လိုအပ်

ဒုက္ခသည်တွေ ကူညီဖို့ ကန်ဒေါ်လာ ၄၃၄ သန်း လိုအပ်

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးအတွက် လာမယ့် ဖေဖေါ်ဝါရီလအထိ အမေရိကန်ဒေါ်လာ ၄၃၄ သန်း လိုအပ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အကူအညီတောင်းခံခဲ့ရာမှာ မနေ့ကအထိ ဒေါ်လာ ၃၃၅ သန်း ကူညီဖို့ အလှူရှင်နိုင်ငံတွေက ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်း ၄၀၊ ဗြိတိသျှနိုင်ငံက ဒေါ်လာ ၆၂ သန်းနဲ့ ညီတဲ့ ပေါင် စတာလင် ၄၇သန်း ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာခဲ့တဲ့ ဒုက္ခသည် ၆ သိန်းကျော်ပြီဖြစ်လို့ အရင်ရှိနေနှင့်ပြီးသား ဒုက္ခသည် တွေနဲ့ ပေါင်းရင် လူတစ်သန်းကျော်ကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရံပုံငွေရှာဖွေရေးညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မနေ့က ကျင်းပခဲ့တာပါ။

ညီလာခံမှာ အမေရိကန်အစိုးရ ကိုယ်စားလှယ်က ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် နိုင်ငံတကာဖိအားတွေ ပိုမိုမြင့်တက်လာတာနဲ့အတူ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေပါ ထိခိုက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တရုတ်အစိုးရကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် ပြဿနာဟာ အလွန်တရာသိမ်မွေ့ရှုပ်ထွေးတာကို နားလည်ဖို့လိုအပ်ပြီး၊ မြန်မာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းနေတဲ့အပေါ် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပူးပေါင်းဆွေးနွေးအဖြေရှာနိုင်ဖို့ အကူအညီတွေပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က အင်အား အလွန်အကျွံသုံး တိုက်ခိုက်တဲ့ကိစ္စမှာ အစ္စရေးနိုင်ငံက လက်နက်တွေရောင်းချပြီး အားပေးကူညီနေတယ်ဆိုတဲ့သတင်း ဖေါ်ပြချက်တွေအပေါ် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်က မွတ်စလင်တွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ချေမှုန်းနေစဉ်အတွင်း အစ္စရေး အစိုးရက မြန်မာကို ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ရေယာဉ်တွေ၊ လက်နက်ကြီးတွေ ရောင်းချခဲ့တယ်လို့ Hebrew Daily သတင်းစာက ရေးသားဖေါ်ပြခဲ့ပါတယ်။

အဲဒီရေးသားဖေါ်ပြချက်ဟာ သတင်းအတုအယောင်သာဖြစ်တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုပြီး အစ္စရေးရဲ့ စစ်ရေးဆိုင်ရာပို့ကုန် စောင့်ကြပ်ကြည့်ရှုရေး မူဝါဒ နဲ့အညီ စစ်ဘက်ပစ္စည်းတွေ တင်ပို့တဲ့နေရာမှာ ဆိုင်ရာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မူဝါဒတွေ အပေါ် မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက်နေတာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုပါတယ်။

Photo: BenarNews

RFA

No comments:

Post a Comment