Latest News

Monday, October 30, 2017

ဆရာဇော်ဂျီ


ဆရာဇော်ဂျီကို ၁၉၀၇ ဧပြီလ ၁၂ ရက် သောကြာ နေ့တွင် ဧရာဝတီ တိုင်း၊ ဖျာပုံ မြို့၌ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၉ ဦး အနက် အကြီးဆုံး သားဖြစ်ပြီး အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ် ကလေးဘ၀ ကတည်းက မြန်မာမှု၊ မြန်မာ စာပေ တို့နှင့် အကျွမ်းတ၀င် ရင်းနှီး ခဲ့သည်။ အကြောင်းမှာ ဆရာ ဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်း ပေအကြောင်း ပြောကြ သောကြောင့် ဖြစ်သည်။

၁၉၂၀ တွင် ဆရာ ဇော်ဂျီသည် သတ္တမ တန်းသို့ တက်ရောက် ပညာ သင်ကြားသည်။ ထို နှစ်တွင် ပထမ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာသည်။ အမျိုးသား ကျောင်းများ ဗမာပြည် တ၀ှမ်းတွင် ပေါ်လာ သည်။ ဆရာ ဇော်ဂျီသည် ဖျာပုံ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြား ခဲ့သည်။ ၁၉၂၄ တွင် ရန်ကုန်မြို့ အမျိုးသား အထက်တန်း ကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့သည်။

မြို့မ ကျောင်းသား ဘ၀တွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာ ၀ါဒီ သတင်းစာက ကြီးမှူးပြီး ကဗျာ ဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာ ဘာသာသို့ ပြန်ဆို ရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိ ခဲ့သည်။ ဆာဂျေအေ မောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချ ခဲ့သည်။
၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြား ခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့ စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့ စာပေ များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လိုက်စား နိုင်ခဲ့သည်။ အင်္ဂလိပ် ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာ ဇော်ဂျီသည် သူ၏ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ ခဲ့သည်။

ဆရာ ဇော်ဂျီသည် တက္ကသိုလ် ကျောင်းသား ဘ၀တွင် သူ့လို ၀ါသနာတူ သူငယ်ချင်း ဆရာ မင်းသုဝဏ်နှင့် တွဲမိ သွားသည်။ သူတို့ နှစ်ဦးသည် ရှေးဟောင်း ကဗျာများမှ တွေးပုံ တွေးနည်း၊ ရေးပုံ ရေးနည်း များကို လမ်းသစ် ခွဲထွက် ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထို ကဗျာများကို တက္က သိုလ် မဂ္ဂဇင်း၊ ဂန္တလောက မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်းများတွင် ရေးသား ကြသည်။
၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင်က ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်နှင့် တက္ကသိုလ် ပုရ၀ဏ် အတွင်း ရေးသား နေကြသော ကဗျာ များကို စုစည်း ထုတ်ဝေရာမှ ‘ခေတ်စမ်း ကဗျာ’ ဟု အမည် တွင်လာသည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် ကျောင်းသား ဘ၀တွင် တက္ကသိုလ် ပုရ၀ဏ် ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခ လုစ်၊ ပါမောက္ခ ဂုဒ်တို့ထံမှ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေတို့ကို လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပ စာပေ လောကမှလည်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ် ဦးဘချို တို့ထံမှ ပြင်ပ စာပေ ဗဟုသုတ များကို ကြားနာခွင့် ရသည်။ ဆရာ ဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံ မောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာ မင်းသုဝဏ် နှင့်လည်း ကဗျာ ရေးဖော် ရေးဖက် ဖြစ်လာသည်။
၁၉၂၉-၃၀ တွင် ဆရာ ဇော်ဂျီသည် ၀ိဇ္ဇာဘွဲ့ကို မြန်မာ စာပေ၊ အင်္ဂလိပ် စာပေ၊ အရှေ့တိုင်း နိုင်ငံများ သမိုင်း ဘာသာရပ်တို့ဖြင့် အောင်မြင် ခဲ့သည်။ ထို့နောက် မြို့မ ကျောင်းသို့ ပြောင်းရွှေ့ပြီး ဆရာ လုပ်ခဲ့သည်။ မြို့မ ကျောင်း၌ ကျောင်းဆရာ လုပ်နေစဉ် ဆရာ ဇော်ဂျီသည် ‘၀န်ကြီး ပဒေသရာဇ်နှင့် စိန္တကျော်သူ’ တို့ အကြောင်းကို ၀ိုင်အမ်ဘီအေ အသင်းကြီး၏ ဟောပြောပွဲ တခုတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး စာတမ်း ဖတ်ကြားသည်။ ၎င်းစာတမ်းကို ရန်ကုန်တိုင်း အင်္ဂလိပ် သတင်းစာကြီးက ပြန်လည် ဖော်ပြရာ အင်္ဂလိပ် ပါမောက္ခ ရုဒ်က ဖတ်မိ သွားသည်။ ဆရာ ဇော်ဂျီ၏ အရည်အချင်းကို သဘော ကျသွားပြီး ဆရာ ဇော်ဂျီသည် မဟာဝိဇ္ဇာတန်း တက်ရန် တိုက်တွန်းသည်။
၁၉၃၄ တွင် ဆရာ ဇော်ဂျီသည် မြို့မ ကျောင်းမှ ကျောင်းဆရာ အလုပ်ကို ထွက်၍ ရန်ကုန် တက္ကသိုလ်တွင် မဟာ ၀ိဇ္ဇာတန်း တက်ရောက် ပညာ သင်ကြား ခဲ့သည်။ ၁၉၃၆ တွင် အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ နှစ်မျိုး စလုံးဖြင့် မဟာ ၀ိဇ္ဇာဘွဲ့ ရခဲ့သည်။ ထို နှစ်မှာပင် မန္တလေး ဥပစာ ကောလိပ်သို့ ပြောင်းရွှေ့ပြီး မြန်မာစာ နည်းပြ အဖြစ် အမှုထမ်း ခဲ့သည်။
မဟာဝိဇ္ဇာတန်း တက်နေစဉ် ဆရာ ဇော်ဂျီသည် အိုးဝေ မဂ္ဂဇင်းနှင့် ကြီးပွားရေး မဂ္ဂဇင်းတို့တွင် လွပ်လပ်ရေး စိတ်ဓာတ်ကို လှုံ့ဆော်သော ကဗျာ များကို ရေးသား ခဲ့သည်။ ၎င်းကဗျာများမှာ ‘တက်လူ တေးသံ’၊ ‘ယခုခါ’၊ ‘သင်သေသွားသော်’၊ ‘အို တက်လူတို့’ စသည့် ကဗျာများ ဖြစ်သည်။
ဆရာဇော်ဂျီသည် လွတ်လပ်ရေးကို လှုံ့ဆော်သည့် ကဗျာများ ရေးသကဲ့သို့ ကြီးပွားရေး မဂ္ဂဇင်းတွင် ‘အိန္ဒိယ လူငယ် များနှင့် အိန္ဒိယ စာပေ အရေးတော်ပုံ’၊ တရုတ် လူငယ်များနှင့် တရုတ်စာပေ အရေးတော်ပုံ’ စသည့် ဆောင်းပါးများ ကိုလည်း ရေးသား ခဲ့သည်။ အိုင်ယာလန် ပြည်သား စာရေး ဆရာကြီး ဘားနက်ရှော၏ ‘လွတ်လပ်ရေး တရား’ ဟောပြောချက် ကိုလည်း လွပ်လပ်ရေး ကြိုးပမ်းနေသော မြန်မာ ပြည်သူများ အတွက် ဘာသာ ပြန်ဆိုပေး ခဲ့ပါသည်။
၁၉၃၈ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာတော်သင် အဖြစ် အင်္ဂလန် နိုင်ငံသို့ သွားရောက် ခဲ့သည်။ စာကြည့်တိုက် ပညာကို လန်ဒန် တက္ကသိုလ်နှင့် ဒဗ္ဗလင် တက္ကသိုလ် တို့တွင် သင်ကြား ဆည်းပူး ခဲ့သည်။ ၁၉၄၀ တွင် စာကြည့်တိုက် ဒီပလိုမာ ဘွဲ့ရပြီး မြန်မာ နိုင်ငံသို့ ပြန်လာ ပါသည်။ ဂျပန် ခေတ်တွင် မြန်မာ အစိုးရ ပညာရေး ဌာနတွင် ဒုတိယ ညွှန်ကြားရေး ၀န်အဖြစ် ဆောင်ရွက်သည်။ ဘားနဒ် ပိဋကတ် တိုက်၌ ရှိသော ပေပုရပိုက် တို့ကို စစ်ဘေးမှ ကင်းလွတ် စေရန် ကာကွယ် ထိန်းသိမ်းခဲ့သည်။ စစ်ပြီးခေတ်တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် တာဝန်ယူပြီး စစ်အတွင်းက ပျက်စီး သွားသော စာကြည့်တိုက်ကို ပြန်လည် ထူထောင် ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော တိုင်းပြု ပြည်ပြု လွတ်တော်၌ အထူး အရာရှိအဖြစ် တာဝန် ယူသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသောအခါ ဆရာ ဇော်ဂျီသည် များစွာ စိတ် ထိခိုက်ခဲ့ပြီး “အမျိုးသား ပျက်စီးခြင်း တရပ်ပဲ” ဟု တသသ ပြောဆိုခဲ့သည်။
၁၉၄၁ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် နေရှင်နယ် အမျိုးသမီး ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) နှင့် လက်ထပ် ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန် တက္ကသိုလ် ချစ်ကြည်ရေး အဖွဲ့နှင့် အတူ သွားရောက် ခဲ့သည်။

ဆရာဇော်ဂျီသည် မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဌ၊ မြန်မာ့ သမိုင်း ကော်မရှင် ဥက္ကဌ၊ မြန်မာ စာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌ၊ အမျိုးသား စာပေဆု ရွေးချယ်ရေး ဥက္ကဌ၊ ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ စသည့် တာဝန်များ ယူခဲ့ပါသည်။ ၁၉၇၆ တွင် ဆရာ ဦးခင်ဇော် (ဆရာကေ) နှင့်အတူ အိန္ဒိယ နိုင်ငံသို့ သွား၍ ရာမ စာတမ်း ဖတ်ပွဲ တက်ရောက် ခဲ့သည်။ ၁၉၇၁ စက်တင်ဘာတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ရာမယန ပွဲတော်တွင် မြန်မာနိုင်ငံမှ ရာမ ‘The Ramayana in Burma’ စာတမ်းကို ဖတ်ကြားခဲ့သည်။

ဆရာဇော်ဂျီသည် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်၊ စာတမ်းများ ရေးသား ခဲ့သော်လည်း သူသည် ကဗျာဆရာ ဖြစ်သည်။ ဆရာ ဇော်ဂျီကို အမျိုးသား စာဆိုကြီး၊ ဒဿန ကဗျာဆရာ၊ ဇာတိမာန် စာဆို စသည်ဖြင့် ဆရာ့ ဂုဏ်ပုဒ်ကို ဖော်ညွန်း ခဲ့ကြသည်။ ဆရာ ဇော်ဂျီသည် အသက် ၁၇ နှစ် အရွယ်ကတည်းက ကဗျာဆရာ ဘ၀ စတင် ခဲ့သည်ဟု ဆိုရမည်။ ၁၉၂၄ တွင် သစ္စာဝါဒီ သတင်းစာ တိုက်ကြီးက ကြီးမှူး၍ အင်္ဂလိပ ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) The Character of happy life ကဗျာကို ဘာသာ ပြန်စေရာ ဆရာဇော်ဂျီက ‘စိတ္တသုခ အလင်္ကာ’ ဟု ကဗျာ အမည်ပေး၍ ပြန်ဆိုသည်။ ၎င်း ပြိုင်ပွဲတွင် ဆရာ ဇော်ဂျီသည် ပထမဆု ရသည်။

ဆရာ ဇော်ဂျီသည် တက္ကသိုလ် တက်နေစဉ် ကာလအတွင်း အင်္ဂလိပ် ကဗျာများကို ဖတ်ရှုပြီး အတွေး အသစ် ရလာသည်။ လမ်းဟောင်း အတိုင်း ရေးရသော မြန်မာ ကဗျာများကို ငြီးငွေ့ လာသည်။ ထို့ကြောင့် လမ်းသစ် ကဗျာများကို စတင် ရေးသား လာသည်။ ခေတ်စမ်း ကဗျာများဟု အမည် ရလာသည်။
ဆရာ ဇော်ဂျီသည် မြန်မာတို့၏ ရဲစိတ် ရဲမာန်၊ ဇာတိမာန်နှင့် အနုပညာ ယဉ်ကျေးမှု အနှစ် အသားများ စုစည်းရာ ပုဂံကို အထူး စိတ်ဝင်စား ခဲ့သည်။ ပုဂံနှင့် ပတ်သက်ပြီး ဆရာသည် ဆောင်းပါးများ၊ စာတမ်းများ၊ ကဗျာများ ရေးသား ခဲ့သည်။ ပုဂံသို့ အကြိမ်ကြိမ် အခါခါ သွားရောက် ခဲ့ပြီး သုတေသနများ ပြုလုပ်ခဲ့ သကဲ့သို့ တဘက်တွင်လည်း ကဗျာများ ရေးသား ခဲ့သည်။ ပုဂံဆိုင်ရာ ဆောင်းပါးများတွင် ပုဂံခေတ် ပန်းချီသဘော၊ ပုဂံခေတ် ဗုဒ္ဓ၀င် ပန်းချီ၊ ပုဂံခေတ် မဟာယန ပန်းချီ စသည့် ဆောင်းပါး များမှာ ထင်ရှားသည်။
ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ကဗျာ ၅၁ ပုဒ် ပါဝင်သည်။ ၎င်းစာအုပ်တွင် အမှတ် ၁ မှ ၃၃ အထိသည် ပုဂံခေတ် ကဗျာ များပင်။

“ဗေဒါလမ်း” ကဗျာများသည် ဆရာ ဇော်ဂျီ၏ ကဗျာများ ထဲတွင် အကျော်ကြားဆုံးနှင့် အကောင်းဆုံး ကဗျာ များပင်။ ၎င်းကဗျာ များသည် ဆရာဇော်ဂျီ မွေးဖွား ကြီးပြင်းရာ မြစ်ဝကျွန်းပေါ် ဒေသမှ ဒီရေ အတက်အကျ အလိုက် မြစ်ထဲတွင် ရှင်သန် လှုပ်ရှား ရုန်းကန် နေရသော ဗေဒါကို အဓိက ဇာတ်ဆောင်ထား၍ ရေးဖွဲ့ ထားသည်။
“ဗေဒါလမ်း ကဗျာ အားလုံးအတွက် ယေဘုယျ ဖြစ်ပေါ် လာပုံကို ဆရာ အရင် ပြောပြ ချင်ပါတယ်။ ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး။ ဆရာ့ အိမ်ကနေ ဆရာ့ အလုပ်ခွင် ဖြစ်တဲ့ တက္ကသိုလ် စာကြည့်တိုက်ကို နေ့စဉ် နေ့တိုင်း ခြေကျင် သွားပြီး ခြေကျင် ပြန်လေ့ ရှိတယ်။ ဒီလို နေ့စဉ် သွားလာ နေရတာကို တွေးမိ လာတယ်။ အလုပ်တွင်း မှာလည်း လူ အမျိုးမျိုး၊ အဖြစ်အပျက် အမျိုးမျိုးနဲ့ ကြုံဆုံ ဆက်ဆံ တုံ့ပြန် နေရလို့ ခံစားမှု အမျိုးမျိုး ရနေခြင်းသာ ပါတကားလို့ တွေးမိ လာတယ်။ အသွားနဲ့ အပြန် နှစ်ခု ကြားမှာ အဖန် တလဲလဲ ကျင်လည် နေရခြင်းသာ ပါတကား လို့လည်း တွေးမိ ပါတယ်။ တခါ ဆရာ ငယ်ငယ်က သွားလာ ပျော်ရွှင် ခဲ့ဖူးရာ ဖြစ်တဲ့ ဒီရေ အတက်အကျ ရှိတဲ့ ချောင်းကို သတိ ရလာတယ်။ ကဗျာ ရေးချင်စိတ် ပေါက်လာတဲ့အခါ ဆရာ့ အတွေ့အကြုံ၊ အဆက်အဆံ၊ အတုံ့အပြန် ရှိခဲ့ဖူးတာ တွေကို ဒီချောင်း အမူအရာ၊ ဗေဒါပင်၊ ဗေဒါပန်း အမူအရာ တွေနဲ့ တင်စားပြီး ဆရာ မှတ်မိတဲ့ ခံစားမှု အသိနဲ့ ဗေဒါမ်း ကဗျာတွေကို ထုံ့ပိုင်းထုံ့ပိုင်း ရေးနိုင်ခဲ့တာပဲ”
ဗေဒါပန်း
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်
ချောင်းစပ်မှာထိုင်
ဘုတ်မကတိုင်၊ ကျူကိုင်ကအေး
ရေစီးနဲ့လာ
ရေသာမှာ ပြန်လို့မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို
လွမ်းတယ်တဲ့လေး။
ဗေဒါသည် မြစ်ချောင်း တလျှောက် စုန်ချီဆန်ချီ သွားလာ လှုပ်ရှား ရုန်းကန် နေရသည်။ အခက်အခဲ၊ အတားအဆီး များလည်း ရှိသည်။ ရေသာမှာ ပြန်လည် စီးဆင်း လာသော ဗေဒါပန်းကို လွမ်းနေပုံမှာ မြင်ယောင် စေသည်။
ဆရာဇော်ဂျီသည် ဗေဒါလမ်း ကဗျာများကို ပထမဦးစွာ အင်္ဂလိပ်လို စပ်သည်။ ၁၉၃၆ ၀န်းကျင် လောက်မှ မြန်မာလို စပ်ဆိုသည်။ “ချောင်းရေပြင်မှာ စီတန်းလို့၊ ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ” ဟု အစချီပြီး စပ်ဆို ခဲ့သည်။ ထို ဗေဒါပန်း ကဗျာကို ရေးပြီး ရပ်သွားရာမှ ၁၉၅၇ တွင် ဗေဒါပန်း ကဗျာများကို ပြန်လည် ရေးသား ပါသည်။ ဗေဒါလမ်း ကဗျာကို အမှတ် ၄၁ အထိ ရေးခဲ့ရာ ၁၉၇၁ နောက်ပိုင်းမှ ရပ်လိုက် ပါသည်။
ဗေဒါလမ်း အမှတ် ၁၀ ကဗျာကား ‘ပန်းပန်လျက်ပဲ’ အမည်ဖြင့် ကြည်ကြည်ဌေးက သီချင်းအဖြစ် သီဆိုသည်။ ၎င်း အမည်ဖြင့် စာရေး ဆရာမကြီး ခင်နှင်းယုက ၀တ္ထု ရေးခဲ့ပြီး ဒါရိုက်တာ ချစ်ခင်က ရုပ်ရှင်ကား အဖြစ် ရိုက်ကူး ခဲ့သည်။
ဝတ္ထုတို ဆရာ၊ အက်ဆေး ဆရာနှင့် ပြဇာတ် ဆရာဇော်ဂျီ
ဆရာ ဇော်ဂျီသည် ၁၉၃၃ မှစ၍ ဂန္တလောက မဂ္ဂဇင်း၊ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများ ရေးသား ခဲ့သည်။ ၁၉၃၆ က ထုတ်ဝေသော မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်း၏ ခေတ်စမ်း စာပေကျမ်းစဉ် ၂ တွင် ဆရာ ဇော်ဂျီ၏ ဘိုးမာဒင်နှင့် ကြင်မည့်သူ အမည်ရှိ ၀တ္ထုတို ၈ ပုဒ်ပါဝင်သည်။ ဆရာဇော်ဂျီ၏ ၀တ္ထုတိုများ ထဲတွင် “ပုဂံဈေး” ၀တ္ထုတိုမှာ ထင်ရှားသည်။
ဆရာ ဇော်ဂျီသည် ပြဇာတ် ၆ ပုဒ်ကိုလည်း ရေးသား ခဲ့သည်။ ၃ ပုဒ်မှာ ပင်ကိုယ်ရေး ဖြစ်ပြီး၊ ၃ ပုဒ်မှာ ဘာသာပြန် ဖြစ်သည်။ ဆရာ ဇော်ဂျီ၏ ဘာသာပြန် ပြဇာတ်ထဲတွင် အထင်ရှားဆုံး ပြဇာတ်ကတော့ ‘မဟာဆန်ချင်သူ’ ပြဇာတ် ဖြစ်သည်။ ၎င်း ပြဇာတ်မှာ ပြင်သစ် ပြဇာတ်ရေး ဆရာကြီး မိုးလျဲ၏ Le Bourgeois Gentilhomme ပြဇာတ်ကို မြန်မာဘာသာ ပြန်ဆို ထားသည်။ ၁၉၃၄ ခုနှစ်က ပထမဆုံး အကြိမ် ထုတ်ဝေ ခဲ့သည်။
ဘာသာပြန် ဆရာဇော်ဂျီ
ဆရာဇော်ဂျီသည် ကမ္ဘာ့စာပေ၊ မြန်မာစာပေ နှစ်ခုစလုံးကို ကျွမ်းကျင် နှံ့စပ်သူ ဖြစ်သည်။ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ နှစ်ဘာသာ တွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူလည်း ဖြစ်သည်။ ဆရာသည် ကမ္ဘာ့ စာပေ လက်ရာများကို မြန်မာ လူမျိုးများ ရင်းနှီး စေလိုသည့် စေတနာဖြင့် ဘာသာ ပြန်ဆို ခဲ့သည်။ ၁၉၃၈ တွင် အင်္ဂလိပ် စာရေးဆရာ ချားရိဒ်၏ The Cloister and The hearth ၀တ္ထုကို “ဂျရတ်နှင့် မာဂရက်” ဟူ၍ ဘာသာ ပြန်ဆို ခဲ့သည်။
ဆရာ ဇော်ဂျီသည် နိုဘယ်ဆုရ စာရေးဆရာ များ၏ ၀တ္ထုတို များကိုလည်း မြန်မာ စာဖတ်ပရိသတ် အတွက် ရွေးချယ် ပြန်ဆို ပေးခဲ့သည်။ ပထမဆုံးသော ဘာသာပြန် ၀တ္ထုတို ပေါင်းချုပ် အမည်မှာ “မိုးကြယ်မို့လား နှင့် နိုဘယ်ဆုရ ၀တ္ထုတိုများ” ဖြစ်သည်။ ၁၉၆၆ တွင် မိုးဦးပန်း စာပေတိုက် (မန္တလေး)မှ ပထမဦးဆုံး အကြိမ် ထုတ်ဝေသည်။ နိုဘယ်ဆုရ စာရေးဆရာ ၈ ဦး၏ ၀တ္ထုတို ၁၃ ပုဒ် ပါဝင်သည်။
၁၉၆၆ ဒီဇင်ဘာတွင် “လမ်းသစ်နှင့် အခြား ၀တ္ထုတိုများ” အမည်ဖြင့် ပုဂံ စာအုပ်တိုက်မှ ထုတ်ဝေသည်။ နိုဘယ်ဆုရ စာရေးဆရာ ၁၀ ဦး၏ ၀တ္ထုတို ၁၂ ပုဒ် ပါဝင်သည်။ ၁၉၇၉ တွင် “နင်လားဟဲ့ ချစ်ဒုက္ခ” အမည်ရှိ နိုဘယ်ဆုရ စာရေးဆရာ တို့၏ ၀တ္ထုတို ၉ ပုဒ်ကို ပြန်ဆို ထုတ်ဝေ ခဲ့သည်။ ၎င်းအပြင် ဆရာ ဇော်ဂျီသည် နိုဘယ်ဆုရ စပိန် ကဗျာဆရာ ရာမွန်ဂျင်းမနဲ၏ ပလေတရိုနှင့် ကျွန်တော် (Platero and I) အမည်ရှိ စကာပြေ ကဗျာများ ကိုလည်း မြန်မာ ဘာသာ ပြန်ဆို ခဲ့ပါသည်။

၁၉၃၈ တွင် ဆရာ ဇော်ဂျီသည် လန်ဒန် တက္ကသိုလ်၊ ဒဗ္ဗလင် တက္ကသိုလ်တို့တွင် ပညာ သင်ကြား ခဲ့သည်။ ၁၉၄၀ တွင် စာကြည့်တိုက် ဒီပလိုမာဘွဲ့ ရသည်။ ၁၉၄၁ တွင် ရန်ကုန် တက္ကသိုလ် ကျောင်းတိုက်၏ ကောလိပ် စာကြည့်တိုက်မှူး အဖြစ် တာဝန် ထမ်းဆောင်သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ပျက်စီး သွားသော ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို ပြန်လည် ထူထောင်ခဲ့သည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး သမိုင်း၊ သုတေသနများ အတွက် အားကိုးအားထား ပြုနိုင်ရန် ဖန်တီးခဲ့သည်။ ဗုဒ္ဓဘာသာ အနုပညာ စာအုပ် စာတမ်းများ၊ ပေ၊ ပုရပိုဒ်များ၊ မြန်မာမှုနှင့် သက်ဆိုင်သော ရှားပါး စာအုပ် စာတမ်းများကို ရှာဖွေ စုဆောင်းခဲ့သည်။

ဆရာ ဇော်ဂျီသည် ၁၉၅၅ တွင် “သခင် ကိုယ်တော်မှိုင်း ဋီကာ” စာအုပ်ဖြင့် စာပေဗိမာန် စာပဒေသာဆု ရရှိခဲ့သည်။ ၁၉၇၉ တွင် “နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုတိုများ” ဘာသာပြန် စာအုပ်ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန်) ရရှိခဲ့သည်။ ၁၉၈၇ တွင် “ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ” ကဗျာ စာအုပ်ဖြင့် အမျိုးသား စာပေဆု (ကဗျာ) ရရှိခဲ့သည်။ ထို့အပြင် ဆရာဇော်ဂျီသည် အနောက်တိုင်း အလှ ဗေဒ၏ ရင်းမြစ် ဖြစ်သော ဂရိ ဒဿနကို ချဉ်းကပ်၍ “ပလေတိုး နိဒါန်း” အမည်ရှိ ကျမ်းကိုလည်း ဘာသာပြန် ရေးသား ပြုစုခဲ့သည်။
၁၉၈၁ တွင် အငြိမ်းစား ယူခဲ့သည်။ ၁၉၉၀ စက်တင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀-က နေအိမ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စောရင် (၈၅) နှစ်နှင့် သမီး သုံးဦးဖြစ်သော ဒေါက်တာ ဒေါ်ခင်မျိုးဟန် (ကလေး အထူးကု)၊ ဒေါက်တာ ဒေါ်ခင်လှဟန် (သမိုင်း ပညာရှင်)၊ ဒေါက်တာ ဒေါ်ခင်အုန်းဟန် (မျက်စိ အထူးကု) တို့ ကျန်ရစ်သည်။
ကွယ်လွန်ချိန် အထိ စာအုပ် စုစုပေါင်း ၃၀ အုပ်၊ ကဗျာ ပုဒ်ရေပေါင်း ၂၃၀ ခန့်၊ ၀တ္ထု ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်းနှင့် ဆောင်းပါး ပုဒ်ရေ ၃၀၀ ပြုစုခဲ့သည်။ ဆရာ ဇော်ဂျီ၏ အုပ်ဂူပေါ်တွင် သူ၏ “သင်သေသွားသော်” ကဗျာကို ထုထွင်း မော်ကွန်း တင်ထားပါသည်။
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ဇော်ဂျီ
ဒီဇင်ဘာ ၁၉၃၅
ကျမ်းကိုး
၁။ ဆရာဇော်ဂျီပေါင်းချုပ် (ငါးတွဲ)
၂။ ဒေါက်တာကျော်စိန်၏ ဇော်ဋီကာ (သုံးတွဲ)
၃။ အမှတ်တရ ဇော်ဂျီ
Tun Aung Kyaw(T.A.K)

No comments:

Post a Comment