သီတင်းကျွတ်ပိတ်ရက် အမြန်လမ်းမကြီး တလျှောက် လုံခြုံရေးနှင့် အကူအညီပေးနိုင်ရေးတို့ အတွက် အမြန်လမ်းရဲတပ်ဖွဲ့မှ (၂၄)နာရီအင်အားအပြည့်သုံးပြီးဆောင်ရွက်ထား
နေပြည်တော် အောက်တိုဘာ ၃
အောက်တိုဘာလ(၄)ရက်မှ(၈)ရက်နေ့အထိ သီတင်းကျွတ်ရက်ရှည်ပိတ်ရက်များအတွင်း ခရီးသွားကြမည့် ပြည်သူများအတွက် လုံခြုံမှုနှင့် ဘေးအန္တရယ်ကင်းရှင်းရေးတို့အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် (၂၄)နာရီ အကူအညီပေးနိုင်ရေးတို့အတွက် တပ်ဖွဲ့အင်အားကို အပြည့်သုံးပြီး ဆောင်ရွက်ထားကြောင်းသိရသည်။
သီတင်းကျွတ်ပိတ်ရက် အတွင်း အမြန်လမ်းမကြီး တလျှောက် လုံခြုံရေးနှင့် အကူအညီပေးနိုင်တပ်ဖွဲ့ဝင်အင်အား(၅၀၀)ကျော်ဖြင့် (၂၄)နာရီ အကူအညီပေးနိုင်ရေးအတွက်လှည့်ကင်း၊ရပ်ကင်းများဆောင်ရွက်ထားကြောင်းသိရသည်။
"အဓိကက ယာဉ်အသွားအလာများတဲ့အချိန်ဖြစ်တာကြောင့် ယာဉ်မတော်တဆမှုတွေမဖြစ်အောင်ပညာပေးတာတွေ စစ်ဆေးအရေးယူတာတွေလုပ်နေပါတယ်၊ဒါကတပိုင်းပါ၊နောက်တပိုင်းက အရေးပေါ်အကူအညီပေးရေးပါ၊အက်စီးဒင့် တစ်ခုဖြစ်လာတာနဲ့ သက်ဆိုင်ရာအပိုင်နယ်မြေ ရဲကင်းစခန်း အပြင်ဘေးဘယ်ညာ(၂)ခုကပါ ချက်ချင်းလူကယ်၊ယာဉ်ရှင်းကိစ္စတွေကိုအချိန်မဆိုင်းဘဲလုပ်ပါတယ်၊နောက်ဆုံးကျမှ အရေးယူမှုက လုပ်တာပါ"ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့ (နေပြည်တော်)မှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။
အမြန်လမ်းမကြီး တလျှောက်တွင် ရဲကင်း၊ရဲစခန်းများအားလုံး၌ တပ်ဖွဲ့ဝင်များကို အသင့်အနေအထားဖြင့် လုံခြုံရေးအကူအညီပေးရေးကိစ္စများကိုစီစဉ်ထားကြောင်းသိရသည်။ယာဉ်မောင်းသူများအနေဖြင့်လည်း သတ်မှတ်ထားသည့် ကီလိုများအတိုင်းသာမောင်းနှင်ကြရန်၊ထိုင်ခုံခါးပါတ်များပါတ်ကြရန်နှင့်အချက်ပြစနစ်ကို မှန်ကန်စွာ အသုံးပြုကြရန် အထူးလိုအပ်ကြောင်း အမြန်လမ်း တပ်ဖွဲ့မှ တိုက်တွန်းထားသည်။
ညအချိန် အမြန်လမ်းမကြီးကိုအသုံးပြုမောင်းနှင်ကြပါကလည်း ယာဉ်ကိုအနားပေးလိုသည်ဖြစ်စေ၊ခေတ္တအနားယူလိုကြသည်ဖြစ်စေ ယာဉ်ရပ်နားစခန်းများ(သို့မဟုတ်)နီးစပ်ရာ ရဲကင်းရဲစခန်းများရှေ့တွင်သာ ရပ်နားကြဖို့ အမြန်လမ်းတပ်ဖွဲ့မှ အကြံပြုထားသည်။
ထို့အပြင်အမြန်လမ်းမကြီးကိုအသုံးပြုမည့်ယာဉ်များအနေဖြင့် မောင်းနှင်ခွင့်ရှိသည့် ကီလိုသတ်မှတ်ချက်များပြောင်းလဲထားသည်ကိုသတိပြုကြရန်လိုသည်။တစ်နာရီလျှင် ခရီးသည်တင်ယာဉ်ကြီးများအတွက် (၉၀)ကီလို၊အိမ်စီးကားများအတွက်ကီလို(၁၀၀)၊မီနီထရပ်နှင့်လိုက်ထရပ်ယာဉ်များအတွက် ကီလို(၆၀)သာအများဆုံးမောင်းနှင်ခွင့်ပြုထားသည်။သတ်မှတ်ကီလိုထက်ကျော်လွန်မောင်းနှင်ပါက ဒါဏ်ငွေ(၅၀၀၀၀)ကျပ်ပေးဆောင်ရမည်ဖြစ်သည်။
အောင်ပြည့်စုံ
Popular News
Wednesday, October 4, 2017
သီတင်းကျွတ်ပိတ်ရက် အမြန်လမ်းမကြီး တလျှောက် လုံခြုံရေးနှင့် အကူအညီပေးနိုင်ရေးတို့ အတွက် အမြန်လမ်းရဲတပ်ဖွဲ့မှ (၂၄)နာရီအင်အားအပြည့်သုံးပြီးဆောင်ရွက်ထား
သီတင်းကျွတ်ပိတ်ရက် အမြန်လမ်းမကြီး တလျှောက် လုံခြုံရေးနှင့် အကူအညီပေးနိုင်ရေးတို့ အတွက် အမြန်လမ်းရဲတပ်ဖွဲ့မှ (၂၄)နာရီအင်အားအပြည့်သုံးပြီးဆောင်ရွက်ထား
Reviewed by Ar Ti
on
12:00 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment