Latest News

Monday, September 25, 2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်းကိုမြအေးပြောကြားချက်


ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်တာ ၂နှစ်ရှိပါပြီ။ ဟိုနေရာ ဒီနေရာမှာ မုန်တိုင်းထန်တိုင်း အစအဆုံး အားလုံးဒေါ်အောင်ဆန်းစုကြည် ရှင်းပေးဆိုပြီး အကုန် ဒေါ်အောင်ဆန်းစုကြည် ခေါင်းပေါ်တင်ပေးတာကတော့ တရားမျှတမူမရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။

ရခိုင်ပြသနာဟာ မနေ့ တနေ့ ကမှဖြစ်လာတာမဟုတ်ဘူး။
နှစ် ၅၀ ကျော် လူတန်းစားတရပ်ရဲ့ ဗိုလ်ကျစိုးမိုးလာသူတွေကြောင့် ဖြစ်လာတဲ့ အရှုပ်ထုပ်တွေကို အစိုးရက ၂ နှစ်ထဲနဲ့ ဘယ်လိုဖြေရှင်းလို့ ရမှာလဲ။ အခုမှ ၂ နှစ်အရွယ် လမ်းစမ်းလျှောက်နေတဲ့၂နှစ်သားအစိုးရလေးကို ကမ္ဘာမာရသွန်မှာ ပြေးခိုင်းနေတာ ရူးနေလို့ ပဲဖြစ်မယ်။ ဒါမှမဟုတ်ရင် မရိုးသားလို့ ပဲဖြစ်မယ်။

အဲ့အချိန်ထဲက ပြသနာတွေတက်ခဲ့တာပဲ။ အဲ့တုံးကတော့
ဖိအားမပေး၊မဖြေရှင်းပဲ ခုမှဘာကြောင့် ပြသနာအကုန်
ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ်တင်ပုံချပြီး ဖိအားပေး
နေတာကို လုံးဝကို လက်မခံပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ် ပြသနာအကုန် မတင်ပေးပါနဲ့ ၊ ဒီလို ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ် ပြသနာအကုန်
တင်ပေးနေတာဟာ ဒီမိုကရက်တစ်အားလုံးရဲ့ ခေါင်းပေါ်
တင်ပေးနေသလိုပါပဲ။ လုံးဝ လက်မခံပါဘူး။ ဒါပေမဲ့ ပြသနာတွေကို ရှောင်လွှဲသွားမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မူနဲ့ ရင်ဆိုင်ဖြေရှင်းမှာပါ။


ကျွန်တော် ၈၈ ကတည်းက နိုင်ငံရေးလုပ်ခဲ့တဲ့ မြန်မာမွတ်စလင်မ်ပါ။ သို့ သော် နိုင်ငံရေးလုပ်ခဲ့တာ မွတ်စလင်မ်တွေအတွက်မဟုတ်ပါ။ တိုင်းပြည်အတွက် လုပ်တာပါ။ ခေတ်အဆက်ဆက် တိုင်းပြည်အတွက် ပေးဆပ်ပြီး လုပ်ခဲ့တဲ့ မြန်မာမွတ်စလင်မ်တွေကလည်း လူမျိုးတမျိုး၊ ဘာသာတခုအတွက်ဘယ်တုံးကမှ နိုင်ငံရေးမလုပ်ခဲ့ပါဘူး။ ဒီတိုင်းပြည်မှာ အားလုံးကောင်းမှ ငါတို့ လည်းကောင်းမယ်လို့ ပဲ ခံယူပြီး လုပ်ခဲ့တာ။ အခုပြသနာတွေကို မူတည်ပြီးတော့ ဘာသာရေးပြသနာယောင်ယောင် သွေးထိုးပြီး သွေးခွဲပြီး လမ်းပေါ်မှာ သွေးတွေးစွန်းမှ ခင်ဗျားတို့ နိုင်ပွဲရမယ်ဆိုရင် ဒါ အင်မတန် အောက်တန်းကျတဲ့ နိုင်ငံရေးကို ဖန်တီးနေတာပါ။

ကျွန်တော်တို့ လူမျိုး၊ ဘာသာမခွဲခြားပဲ အေးဆေးနေနေတဲ့
ပြည်သူတွေရဲ့ဘ၀ တိုးတက်ရာတိုးတက်ကြောင်းလုပ်နေတာကို မကူညီချင်နေပါ။ ကျွန်တော်တို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မနှောက်ယှက်ပါနဲ့ လို့ ပြောချင်ပါတယ်။

သခင်အောင်ဆန်းနဲ့ အတူ ဦးရာရှစ်၊ ဦးရာဇာတ်တို့ ကြိုးစားပမ်းစားတည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို နည်းနည်းလေးမျှ ဘာအကြောင်းပြချက်နဲ့ ပဲ ဖြစ်ဖြစ် ဖဲ့ထုတ်သွားမှာကို လုံးဝ လက်မခံနိုင်ဘူးဆိုတာကို မြန်မာမွတ်စလင်မ်တွေ ကိုယ်စား ပြောချင်ပါတယ်။

လူတိုင်းဆုံရှုံးနေတဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်ပိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေအတွက် လူမျိုးရေးအကြောင်းပြ၊ ဘာသာရေးအကြောင်းပြပြီး လုပ်နေတာကိုတော့ လုံးဝ လက်မခံနိုင်ဘူးလို့ မြန်မာမွတ်စလင်မ်တွေ ကိုယ်စားထပ်မံပြီး ပြောကြားလိုက်ပါတယ်။

ကမ္ဘာမှာ တခါမှ မရခဲ့ဘူးတဲ့ နိုင်ငံတကာရဲ့ထောက်ခံမူ၊ ကူညီမူတွေ ရလာတာဟာ ကျွန်တော်တို့ ခေါင်းဆောင်ကြောင့်ပါ။
ဒီခေါင်းဆောင်ကို ဆွဲချပြီး ခင်ဗျားတို့ က ဘာလုပ်ချင်တာလဲ။
နိုင်ငံရေးမှာ အစိုးကို ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ဝေဖန်တာမဟုတ်ပဲ တစ်ကမ္ဘာလုံးက အထင်အမြင်လွဲအောင်လုပ်ပြီး ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတာကိုတော့လုံးဝကို လက်မခံဘူးဆိုတာကို ဒီနေရာကနေ ပြောကြားလိုက်ပါတယ်။

ကိုမြအေး
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)
၂၄ စက်တင်ဘာ ၂၀၁၇

No comments:

Post a Comment