Latest News

Saturday, September 23, 2017

မြန်မာအစိုးရကို လက်နက်များ ထောက်ပံ့ရန် အိန္ဒိယက စဉ်းစား

မြန်မာအစိုးရကို လက်နက်များ ထောက်ပံ့ရန် အိန္ဒိယက စဉ်းစား

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာမွတ်စလင်များဟု သုံးနှုန်းထား) ကို နှိမ်နင်းသည့်အတွက် ဝေဖန်မှုများ ရင်ဆိုင်နေရသည့် အိမ်နီးချင်းအတွက် ခိုင်မာသော ထောက်ခံအားပေးမှု သင်္ကေတအနေဖြင့် မြန်မာအစိုးရကို လက်နက်များ ထောက်ပံ့ရန် အိန္ဒိယက စဉ်းစားနေကြောင်း ရိုက်တာသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ရေတပ်ဦးစီးချုပ် လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း လက်နက်များကိစ္စ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူများက စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကာကွယ်ရေး တက္ကသိုလ်များတွင် မြန်မာတပ်မတော် အရာရှိများအား သင်တန်းတက်ရောက်ခွင့် ရရှိရေး နှစ်ဖက် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးရန် အိန္ဒိယ၏ ဆုံးဖြတ်မှုသည် ဒေသတွင်း၌ တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ကြိုးစားမှု အစိတ်အပိုင်းလည်း ဖြစ်သည်။

လက်ရှိအချိန်သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်များနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေးမှု မြင့်တက်နေချိန်လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ လူမျိုးစုအကြမ်းဖက်မှုများကြောင့် မြန်မာ့တပ်မတော် ပညာရေးဆိုင်ရာ လေ့ကျင့်ရေး သင်တန်းများအား ရပ်ဆိုင်းခဲ့ကြောင်း ဗြိတိန်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယနေ့ ပါတီစုံဒီမိုကရေစီခေတ်ကာလတွင် တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာ တပ်မတော်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် တစ်စိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားတွင်လည်း ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ငါးဦး ဗြိတိန်နိုင်ငံတွင်သင်တန်းများ တက်ရောက်လျက်ရှိကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဗြိတိန်ပါလီမန် အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့တပ်မတော်သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်းဆိုမှုအရ အဆိုပါ သင်တန်းသားအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၌ သင်တန်းသားအားလုံး စုစည်းရောက်ရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ယင်းသင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ခေါ်ယူသွားမည်ဖြစ်ပြီး ယခင်က ကမ်းလှမ်း သဘောတူညီထားသည့် သင်တန်းသားများ အပါအ၀င် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည် မဟုတ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အိန္ဒိယကာကွယ်ရေးဝန်ကြီးနှင့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကမ်းလွန်ကင်းလှည့်ဘုတ်များ ထောက်ပံ့ရေး နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် လေးရက်ကြာ ခရီးစဉ်အတွင်း မွမ်ဘိုင်းရှိ ရေတပ်သင်္ဘောများ တည်ဆောက်သည့် နေရာသို့လည်း သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment