Latest News

Wednesday, September 27, 2017

နွားအကောင် ၅၀ဝ ကသာတွင် တားဆီးစစ်ဆေး

နွားအကောင် ၅၀ဝ ကသာတွင် တားဆီးစစ်ဆေး

ဧရာဝတီမြစ်ကြောင်းအတိုင်း နွားအကောင် ၅၀ဝ သယ်ဆောင်လာသော ကုန်တင်ရေယာဉ် နှစ်စင်းကို ဌာနပေါင်းစုံ ပါဝင်သောအဖွဲ့က ကသာမြို့နယ် အောင်ချမ်းသာ ကျေးရွာဆိပ်ကမ်းတွင် စစ်ဆေးနေကြောင်း ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နွားများ တင်ဆောင်ခဲ့သော ကုန်တင်သင်္ဘောများကို ဌာနပေါင်းစုံ ပါဝင်သောအဖွဲ့က စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်ကစ၍ လက်ရှိအချိန်အထိ စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။

ရွှေအင်ကြင်းရေယာဉ်၊ ရွှေပုန်းညက် ရေယာဉ်တို့ဖြင့် နယ်ကျော်သယ်ဆောင်လာသော နွားအကောင် ၅၀ဝ နှင့်ပတ်သက်၍ အထောက်အထား ပြည့်စုံစွာ ပြသနိုင်ခြင်း မရှိသည့်အတွက် တားဆီး ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

“အခုချိန်ထိ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ အချက်အလက် အပြည့်အစုံ မရသေးတဲ့အတွက် အသေးစိတ် ပြောလို့ မရသေးဘူး”ဟု အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောဆိုသည်။

တားဆီး စစ်ဆေးခံနေရသော ရေယာဉ်များဖြင့် သယ်ဆောင်ခဲ့သော နွားများသည် ခန့်ညားထုတ်လုပ်မှု ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်ပြီး တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ အကြံပြုချက်ဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်က သယ်ဆောင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်က  ပြောကြားသည်။

“ခန့်ညားထုတ်လုပ်မှုကုမ္ပဏီပိုင်ရှင် ဦးကျော်တင့်အနေနဲ့ အစိုးရအဖွဲ့ ခွင့်ပြုစာ ရေယာဉ်အုပ်တွေကို မပေးလိုက်လို့ အခုလို ဖြစ်ရတာပါ။ ကုမ္ပဏီပိုင်ရှင် ဦးကျော်တင့်က မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ နွားပွဲဈေးတွေကနေ နွားတွေဝယ်စုပြီး ကချင်ပြည်နယ် ဗန်းမော်ကိုပို့မှာပါ။ ခွင့်ပြုချက် တောင်းတာက နွားကောင်ရေ ၁၀ဝ၀ ပါ။ ဝန်ကြီးချုပ်က ၅၀ဝ ပဲ ခွင့်ပြုပေးထားတာပါ”ဟု ၎င်းက ပြောဆိုသည်။

ရွှေအင်ကြင်းရေယာဉ်၊ ရွှေပုန်းညက် ရေယာဉ်တို့ဖြင့် သယ်ဆောင်လာသော နွားအကောင် ၅၀ဝ သည် စက်တင်ဘာလ ၂၂ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှနေ၍ ဗန်းမော်ဆိပ်ကမ်းသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။  

“ဂေါဝိန်ဆိပ်ကနေ ဗန်းမော်မြို့နယ် စင့်ကင်းကျေးရွာကို သယ်ဆောင်ခွင့်ပြုလိုက်တဲ့ နွားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မှန်ကန်မှု ရှိ မရှိ စစ်ဆေးပြီးမှ ဆက်သွားခွင့်ပြုလိုက်တာ”ဟု ၎င်းကပြောဆိုသည်။

The Voice

No comments:

Post a Comment