Latest News

Wednesday, September 20, 2017

သကြားတင်သွင်းခွင့် စက်တင်ဘာ ၂၂ ရက် ရပ်မည်

သကြားတင်သွင်းခွင့် စက်တင်ဘာ ၂၂ ရက် ရပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပြည်ပမှ Re-Export စနစ်ဖြင့် သကြားတင်သွင်းခွင့်ကို စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ယာယီ ရပ်ဆိုင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကြံနှင့် သကြားအသင်းနှင့် ကြံစိုက်ပျိုးသူများ အသင်းတို့က ပိတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခြင်း၊ ကြံစိုက်ရာသီ နီးကပ်လာခြင်းနှင့် ပြည်တွင်းရှိ သကြားစက်များ ပိုမို လည်ပတ်လာနိုင်စေရန်အတွက် ပြည်ပမှ Re-Export စနစ်ဖြင့် သကြားတင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုရက်ပိုင်းအတွင်း ပြည်ပမှ သင်္ဘော တင်ထားသည့် အထောက်အထား (BL) တင်ပြနိုင်ပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

သကြားတင်သွင်းခွင့် လိုင်စင်တွင် နှစ်မျိုးရှိပြီး Re-Export စနစ်ဖြင့် ပြည်ပမှ တင်သွင်း၍ တရုတ်နိုင်ငံသို့ ပြန်လည် ရောင်းချခွင့်လိုင်စင်နှင့် ပြည်တွင်းရှိ ကော်ဖီစက်ရုံများ၌ အသုံးပြုမည့် Refine သကြားလုပ်ငန်း လိုင်စင်ဟူ၍ နှစ်မျိုးရှိပြီး ယခုတင်သွင်းခွင့် ပိတ်လိုက်သည့် သကြားလိုင်စင်မှာ Re-Export လိုင်စင်ဖြစ်သည်။

“Re-Export ကိုပဲ ပိတ်တာပါ။ တကယ်လိုအပ်တဲ့ Refine သကြား (အရည်အသွေး ကောင်းမွန်ပြီး သန့်စင်ထားတဲ့သကြား) ကိုတော့ ကော်ဖီမစ် စက်ရုံတွေရဲ့ လိုအပ်ချက်အတိုင်း ဆက်ခွင့်ပြုပေးမှာပါ။ အဲဒီသကြားကျတော့ ဒီက Re-Export သကြားတွေနဲ့ မရဘူးလေ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိက ပြောဆိုသည်။

ထိုသို့ပိတ်ပင်လိုက်ခြင်းမှာ ကောင်းမွန်သော်လည်း အမှန်တကယ်ဆိုပါက ပြည်တွင်း ကြံစိုက်ပျိုးချိန်မှာ နီးကပ်လာပြီဖြစ်၍ လိုင်စင်နှစ်မျိုးလုံးကို ပိတ်သင့်ကြောင်း၊ လုပ်ငန်းလိုင်စင်ဖြင့် တင်သွင်းမှုများမှာလည်း တစ်လလျှင် Refine သကြားကို တန်ထောင်နှင့်ချီ၍ တင်သွင်းနေပြီး ယင်းမှာမဖြစ်သင့်ကြောင်း သကြားကုန်သည်များက ဆိုသည်။

“နာမည်ကြီး ကော်ဖီကုမ္ပဏီတွေက သကြားကို တန်ငါးထောင်လောက် သွင်းတယ်ဆိုတာ စဉ်းစားစရာပဲ။ သူတို့ရဲ့ ဖြုန်းအားက အဲ့လောက် ကုန်နိုင်လားပေါ့။ တကယ်တော့ သူတို့ကလည်း ပြည်တွင်း ဈေးကွက်နဲ့ တရုတ်ကို ပြန်ရောင်းနေတာပါပဲ။ တစ်တန်ကို (ကျပ်) နှစ်သောင်းလောက် မြတ်တယ်လေ”ဟု ကြံနှင့် သကြားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောဆိုသည်။

ထိုသို့ တင်သွင်းခွင့်ရပ်ဆိုင်းမည်ဟု ဆိုသော်လည်း သကြားဈေးကွက်အတွင်း တင်သွင်းပြီး သကြား အများအပြားရှိ သေးသည့်အတွက် သကြားဈေးနှုန်းမှာ ကျဆင်းခြင်း မရှိကြောင်း၊ လက်ရှိ သကြားတစ်အိတ်လျှင် ၁၈၃ ယွမ်ခန့်နှင့် Refine သကြား (ရန်ကုန်ဆိပ်ကမ်းအရောက်) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ မှ ၄၇၀ ကြား ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ယခုဘဏ္ဍာနှစ်ဧပြီလမှ စက်တင်ဘာလအတွင်းထိ သကြားတန်ချိန် ခုနစ်သိန်းခန့် တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်အတွင်း တန်ချိန် နှစ်သန်းခန့် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment