Latest News

Tuesday, September 26, 2017

ရန်ကုန်တက္ကစီအရေအတွက် လျှော့ချမည်ဆိုသည့် သတင်းများကြောင့် ရာသက်ပန်တက္ကစီမဟုတ်သည့် အက္ခရာနံပါတ်အနီကား ပိုင်ရှင်များ ပူပန်နေကြ

ရန်ကုန်တက္ကစီအရေအတွက် လျှော့ချမည်ဆိုသည့် သတင်းများကြောင့် ရာသက်ပန်တက္ကစီမဟုတ်သည့် အက္ခရာနံပါတ်အနီကား ပိုင်ရှင်များ ပူပန်နေကြ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းအစိုးရမှအဖွဲ့အနေနှင့် ယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းနိုင်ရန်အတွက် တက္ကစီအရေအတွက်ကို လျှော့ချရန်စီစဉ်နေပြီး ရာသက်ပန်တက္ကစီများကိုသာ ဆက်လက်ပြေးဆွဲခွင့်ပေးမည်ဆိုသည့်သတင်းများကြောင့် အက္ခရာနံပါတ်အနီ တက္ကစီပိုင်ရှင်များအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်း ကိုကျော်က"ကျနော်ကားလေးက နံပါတ်အနက်ကို အနီပြောင်းထားတာပါ ၊တကယ်လို့ ဆွဲမရတော့ဘူးဆိုရင်ကျနော်တို့လို လူတွေအတွက်ဒုက္ခရောက်ပါပြီ"ဟု သူ့အခက်အခဲကိုပြောခဲ့သည်။

ရန်ကုန်တိုင်းအတွင်းတွင် တက္ကစီအစီးရေစုစုပေါင်း ခြောက်သောင်းခြောက်ထောင်ကျော်အထိရှိနေပြီး နယ်လိုင်စင်ကားများကလည်း တက္ကစီအဖြစ်ပြေးဆွဲလျက်ရှိနေသည်။ထိုကြောင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လိုအပ်သလောက်တက္ကစီအရေအတွက်သာ ပြေးဆွဲခွင့်ပြရန်စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ"ဝန်ကြီးချုပ်က ရန်ကုန်တိုင်းထဲကတက္ကစီအစီးရေကို ကန့်သတ်မယ်ဆိုပေမယ့် နယ်လိုင်စင်တွေကိုပိတ်မှာလား၊အက္ခရာနံပါတ်ကားတွေပိတ်မှာလားဆိုတဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချရသေးသလို အသေးစိတ်တွက်ချက်နေတုန်းပါ၊တကယ်လဲ တက္ကစီတွေဖောင်းပွနေတာကအမှန်ပါ"ဟုဆိုသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲခွင့်ပြုထားသည့် စုစုပေါင်းတက္ကစီအရေအတွက်မှာ(၆၆၆၈၅)စီးအထိရှိပြီး အက္ခရာနံပါတ်အနက်မှ အနီပြောင်းထားသည့် တက္ကစီအရေအတွက်မှာ(၂၆၂၆၅)စီးရှိနေသည်။ထိုကြောင့်ရာသက်ပန်
(AA/BB)မဟုတ်သည့် အက္ခရာနံပါတ်တက္ကစီပိုင်ရှင်များမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။

အောင်ပြည့်စုံ
Popular News

No comments:

Post a Comment