Latest News

Tuesday, September 26, 2017

ယခုနှစ်ကစ၍ နေ့စားလပေး မူလတန်းပြ မခေါ်ယူတော့

ယခုနှစ်ကစ၍ နေ့စားလပေး မူလတန်းပြ မခေါ်ယူတော့

ဘွဲ့ရများအား အကြိုသင်တန်းပေးပြီး မူလတန်းပြ ခန့်ထားမည့် မူအသစ်ကို ကျင့်သုံးမည်

ပညာရေးဝန်ကြီးဌာနတွင်  ယခင်နှစ်များက ခေါ်ယူခန့်ထား သည့် နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမများကို ယခုနှစ်က စ၍ ခေါ်ယူတော့မည်မဟုတ်ဘဲ ဘွဲ့ရသူများကို ဆရာ၊ ဆရာမ အလုပ် လျှောက်လွှာခေါ်ယူကာ အကြိုသင်တန်းပေးပြီးမှသာ မူလ တန်းပြအဖြစ် ခန့်ထားတော့မည် ဟု အခြေခံပညာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ပြောသည်။
ယခု ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း များအတွက် လိုအပ်နေသော မူလတန်းပြဆရာ၊ ဆရာမများကို နေ့စားလပေး မူလတန်းပြများဖြင့် မဖြည့်တင်းတော့ဘဲ ပါရဂူဘွဲ့ရ၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ရ၊ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများအား အကြိုသင်တန်းပေးပြီး မူလတန်းပြအဖြစ် ခန့်အပ် ရန် လျာထားကြောင်း ၎င်းကဆို သည်။

‘‘နေ့စားလပေးဆိုတဲ့ ခေါင်း စဉ်မျိုး မသုံးတော့ဘူး။ KG+12  သင်ရိုးသစ်ကလည်း စနေပြီဆို တော့ အဲဒီအတွက် ခုကတည်းက Qualified Teacher တွေ စုချင် တာ။ အဲဒီတော့ ပထမဦးစားပေး က ပါရဂူဘွဲ့ရ၊ ဒုတိယဦးစားပေး က မဟာဘွဲ့ရ၊ ရိုးရိုးဘွဲ့ရဆိုရင် တောင် Grading 3.5 လောက်ကို ဦးတည်ပြီး ခေါ်ချင်တာ။ သူတို့ အားလုံးကို မခန့်ခင်မှာ အကြို သင်တန်းတွေပေးဖို့ ညှိနေတယ်’’ ဟု ဒေါက်တာအောင်နိုင်စိုးက ပြောသည်။

အသစ်ခန့်အပ်မည့် မူလ တန်းပြဆရာ၊ ဆရာမများကို မည်သည့်အမည်နာမဖြင့် ခေါ်ယူ ခန့်ထားမည်ကို ဆွေးနွေးနေဆဲ ဖြစ်ပြီး ယခုနှစ်မကုန်မီ လျှောက် လွှာစတင်ခေါ်ယူနိုင်ရန် စီစဉ်နေ ကြောင်း ၎င်းကဆိုသည်။

အနည်းဆုံး ဘွဲ့တစ်ခုရရှိ ထားသူကိုသာ မူလတန်းပြခန့် ထားမည်ဖြစ်ပြီး မခန့်ထားမီ နီး စပ်ရာဒေသများရှိ ပညာရေးကော လိပ်များတွင် အကြိုသင်တန်းပေး နိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဌာနနှင့် ညှိ နှိုင်းနေသည်။

‘‘အခုက ဝန်ကြီးဌာနက ဆရာဖြစ်သင်တန်းလက်မှတ်မဲ့ တွေ မခန့်ချင်တော့တာ။ အဲဒါ ကြောင့် ခေါ်တာကတော့ အခြေခံ ဘက်ကခေါ်မယ်။ သူတို့ဘယ် လောက်ခေါ်မလဲ။ ခေါ်သလောက် ကို ကာလဘယ်လောက်လောက် ပညာရေးကောလိပ်တွေက အကြိုသင်တန်းပေးနိုင်မလဲ ညှိ နေပါတယ်’’ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်အောင်မင်း က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည် နယ်အလိုက် လိုအပ်နေသော မူလတန်းပြ လစ်လပ်စာရင်းများ ပြုစုပြီး   အသစ်ခန့်ထားမည့် ဆရာ၊ ဆရာမအရေအတွက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်သည်။

‘‘အရင်ဆုံး ဆရာဖြစ်လက် မှတ်မဲ့တွေ မကျန်အောင် မူလ တန်းဆရာအတတ် စာပေးစာယူ သင်တန်းဖွင့်မယ်။ နောက်ပိုင်း ခေါ်တာတွေကတော့ ဆရာ အတတ် လက်မှတ်ရပြီးသားတွေ ပဲ ဖြစ်တော့မှာပါ’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်း များတွင် ဆရာဖြစ်လက်မှတ်မရှိ သည့် ဆရာ၊ ဆရာမများ ပပျောက် ရေးနှင့် မူလတန်းအဆင့် ဘာသာ ရပ်များကို စနစ်တကျ သင်ပြနိုင် မည့် မူလတန်းပြဆရာများ လေ့ ကျင့်မွေးထုတ်ရေး လက်မှတ်မရှိ သည့် ဆရာ၊ ဆရာမများအား မူလတန်းဆရာအတတ် စာပေး စာယူသင်တန်းများကို အောက် တိုဘာ ၁ ရက်၌ စတင်ပို့ချရန် ဆောင်ရွက်နေသည်။

‘‘သင်တန်းအရင်ပြီးမှ ခန့် တာကတော့ ကောင်းတာပေါ့။ သင်ကြားရေးအတွေ့အကြုံမရှိ သေးတဲ့သူကတော့ ဘွဲ့ရထားပေ မယ့်လည်း သူသင်ချင်တဲ့အတိုင်း သင်နေမှာပဲ။ ကလေးတွေကို သင်ကြားမှုနည်းလမ်းက လွဲရင် လည်း လွဲနိုင်တယ်။ မှားရင်လည်း မှားနေမှာပဲ’’ဟု အထကခွဲ (အေး မွန်)ကဝမြို့နယ် ပဲခူးတိုင်းဒေသ ကြီးမှ ကျောင်းအုပ် ဦးအောင် ကျော်သူက ဆိုသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမလိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်ကစ၍ ဘွဲ့ရပြီးသူများကို နေ့စားလပေး မူလတန်းပြများအဖြစ် ခေါ်ယူခဲ့ သည်။

နေ့စားလပေး မူလတန်းပြ ရာထူးနေရာများအတွက် အ သက် (၄၀)နှစ်နှင့်အောက် ပါရဂူ ဘွဲ့ရများ၊ အသက် (၃၅)နှစ်နှင့် အောက် မဟာဘွဲ့ရများ၊ အသက် (၃၀)နှစ်နှင့်အောက် ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့ရများကို ရေးဖြေ၊ နှုတ်ဖြေစစ် ဆေး၍ ခန့်ထားကာ မြို့နယ် အခြေပြု ဆရာအတတ်ပညာ သင်တန်းများ တက်ရောက်ပြီးဆုံး ပါက နေ့စားလပေး မူလတန်းပြမှ နိုင်ငံ့ဝန်ထမ်း မူလတန်းပြအဖြစ် ခန့်ထားသည်။

7Day News

No comments:

Post a Comment