Latest News

Wednesday, September 20, 2017

ရာသီဥတုကြောင့် ရခိုင်ဒေသ သင်္ဘောခရီးစဉ်အချို့ ရပ်နား

ရာသီဥတုကြောင့် ရခိုင်ဒေသ သင်္ဘောခရီးစဉ်အချို့ ရပ်နား

ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းဖြစ်နေသောကြောင့် စက်တင်ဘာ ၁၉ ရက်က တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ ထွက်ခွာမည့် အမြန်ရေယာဉ် ခရီးစဉ်များကို ရပ်နားခဲ့ကြောင်း အမြန်ယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှ မာန်အောင်မြို့သို့ မလိခနှင့် ရွှေပြည်တန်အမြန်ရေယာဉ်များက အလှည့်ကျပြေးဆွဲနေပြီး ရွှေလင်းယုန် အမြန်ရေယာဉ်သည် နေ့စဉ် ပြေးဆွဲပေးနေခြင်းဖြစ်သည်။

‘‘ဒီနေ့ (စက်တင်ဘာ ၁၉ ရက်)မှာ သွားဖို့ ၀ယ်ယူထားတဲ့ လက်မှတ်တွေကို ငွေပြန်အမ်းပါ တယ်။ ရာသီဥတုအခြေအနေ ကြောင့် မထွက်တော့ဘူးလို့ ပြော ပါတယ်’’ဟု တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ သွားရောက် မည့်ခရီးသည်တစ်ဦးက ပြော သည်။

သို့သော် စစ်တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသော အမြန် ယာဉ်သည် စက်တင်ဘာ ၁၉  ရက်တွင် ထွက်ခွာခဲ့ကြောင်း အမြန် ယာဉ်လက်မှတ် အရောင်းဌာနမှ စာရေးမတစ်ဦးက ပြောသည်။

ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် စက်တင်ဘာ ၁၅ ရက်က စတင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု ၌ မိုးရွာသွန်းနေသည်။

မာန်အောင်မြို့သည် ရခိုင် ပြည်နယ်တွင် ကုန်းလမ်းအဆက် အသွယ်မရှိသောမြို့ဖြစ်ပြီး လေယာဉ်ခရီးစဉ်များကို မိုးတွင်းကာလတွင် ရပ်နားထားသဖြင့် ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားသွားလာနေရသည်။

7Day News

No comments:

Post a Comment