Latest News

Monday, September 11, 2017

လေတပ် ဂျက်လေယာဉ် တစ်စီး ပျောက်ဆုံးမှုတစ်ပတ်ကြာသည့်တိုင်ပြန်လည်မတွေ့ ရှိသေး

လေတပ် ဂျက်လေယာဉ် တစ်စီး ပျောက်ဆုံးမှုတစ်ပတ်ကြာသည့်တိုင်ပြန်လည်မတွေ့ ရှိသေး

Photo  - Airforce Monthly
ပျောက်ဆုံးနေသည့်လေယာဉ်နှင့်ပုံစံတူလေယာဉ်တစ်စင်းအားတွေ့မြင်ရစဉ်
ပျောက်ဆုံးနေသည့် တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်နှင့်ပတ်သတ်၍ တစ်ပတ်ကြာသည့်တိုင် ပြန်လည် ရှာဖွေနိင်ခြင်းမရှိသေးကြောင်းတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(လေတပ်) ဗိုလ်မှူးအောင်ကျော်စိုးကတိုင်ဧရာကိုပြောသည်။

"G-4လေယာဉ်ကိုစပျောက်တဲ့နေ့ထဲကရှာနေတာပါ ကြည်းတပ် လေတပ် ရေတပ်တို့နဲ့ ပူးပေါင်းရှာဖွေနေပါတယ် ဝေဟင်ကနေ လေယဉ်တွေနဲ့ ရှာသလို မြန်မာပင်လယ်ရေပိုင်နက်ထဲမှာလည်းရေတပ်ကရှာနေပေမဲ့ ခုထိတော့သတင်းရ တွေ့ရှိခြင်းမရှိသေးဘူး”ဟု ၄င်းကပြောသည်။

ပျောက်ဆုံးပျက်ကျသွားသည်ဟု ယူစရသောနေရာဒေသများတွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှဦးဆောင်ကာ ကြည်းတပ်များ ရဲတပ်ဖွဲ့များ အုပ်ချုပ်ရေးအဖွဲ့များဖြင့်ကုန်းတွင်းရှာဖွေမှုများကိုတိုးမြှင့်လုပ်ဆောင်နေသည်ဟုလည်း ၄င်းကဆက်ပြောသည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် တစ်စီး ခရီးဝေးပျံသန်းလေ့ကျင့်နေစဉ် ဌာနချုပ်နှင့်အဆက်သွယ်ပြတ်ကာပျောက်ဆုံးသွားကြောင်း စက်တင်ဘာလ(၅)ရက်နေ့ ကတပ်မတော်ကသတင်းထုတ်ပြန်ခဲ့ သည်။

ယနေ့နံနက်ပိုင်းက ဂျက်လေယာဉ်သုံးစီးသည် ပုသိမ်လေဆိပ်မှ စတင်ပျံသန်းလေ့ကျင့်ခဲ့ကြပြီး ၎င်း G-4 ဂျက်လေယာဉ် ၃ စီးအနက် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ် တစ်စီးသည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးခဲ့ ခြင်းဖြစ်သည်ဟုတပ်မတော်က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထက်ဝဠာမင်း

No comments:

Post a Comment