Latest News

Wednesday, August 30, 2017

ယင်လပ်က နိုင်ငံရေးခိုလှုံခွင့် ရရှိလိမ့်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ချန်အိုချာ ပြော

ယင်လပ်က နိုင်ငံရေးခိုလှုံခွင့် ရရှိလိမ့်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ချန်အိုချာ ပြော

ရာဇဝတ်မှုမြောက်သော ပေါ့ဆမှုဖြင့် စစ်ဆေးခံနေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာသည် တရားရုံး၏ စီရင်ချက်ချမည့်   နေ့မတိုင်မီ  နိုင်ငံတွင်းက ရုပ်ရှင်ဆန်ဆန် လွတ်မြောက်သွားခဲ့ရာ ၄င်းအနေဖြင့် ပြည်ပနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် အခွင့်အရေး ရရှိလိမ့်မည်ဟု မထင်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောလိုက်သည်။

လက်ရှိတွင် ယင်လပ်မှာ မည်သည့်နိုင်ငံတွင် ရောက်ရှိနေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး ကျိန်းသေ ပြောနိုင်ခြင်း မရှိသေးပေ။

ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော တာဝန်ပေါ့ဆမှုဖြင့် တရားစွဲဆိုခံရသည့် ယင်လပ်သည် သြဂုတ် ၂၅ ရက် တရားရုံး စီရင်ချက် ချမည့်နေ့သို့ လာရောက်ခဲ့ခြင်း မရှိဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ထိုအတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ထားရသော ယင်လပ်က ဒူဘိုင်းသို့ ရောက်နေပြီး ယူကေသို့ နိုင်ငံရေးခိုလှုံခွင့် ကြိုးစားဖွယ်ရှိသည်ဟု စစ်အစိုးရသတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ သြဂုတ် ၂၆ ရက်က ပြောသည်။

စစ်အစိုးရအဖွဲ့မှ အမည်မဖော်သော ရာထူးကြီးသတင်းရင်းမြစ်က ယင်လပ်သည် ကိုယ်ပိုင်လေယာဉ်ဖြင့် ထိုင်းမှ စင်ကာပူသို့ သွားကာ ယင်းမှတစ်ဆင့် ၎င်း၏ အစ်ကို  ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာ ရှိနေသော ဒူဘိုင်းသို့ ကူးသွားဖွယ်ရှိသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်က စစ်တပ်၏ အာဏာသိမ်းခြင်း ခံရသော အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဟောင်း ယင်လပ်သည် စင်ကာပူမှ တစ်ဆင့် ဒူဘိုင်းသို့ ကူးသွားခြင်းကို ၄င်း၏ ပြူထိုင်းပါတီမှ သတင်းရင်းမြစ်များကလည်း ပြောထားသည်။

ဒူဘိုင်းတွင် ယင်လပ်၏ အစ်ကို သက်ဆင်က အကျင့်ပျက်ခြစားမှုဖြင့် ၂၀၀၈ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံရမည်ကို ရှောင်တိမ်းကာ ခိုလှုံနေခြင်းလည်းဖြစ်သည်။ သက်ဆင်၏ အစိုးရကိုလည်း ၂၀၀၆ ခုနှစ်အတွင်းက စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့ခြင်းပဲ ဖြစ်သည်။

သို့သော်လည်း ထိုင်းကာကွယ်ရေး ဝန်ကြီး ပရာယွတ်ဝေါင်ဆူဝမ်က ယင်လပ်မှာ မည်သည့်အရပ်၊ မည်သည့်နိုင်ငံဒေသသို့ ရောက်ရှိနေသည်ကို မသိရှိပါဟု သြဂုတ် ၂၈ ရက်က ပြောကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်လပ်အစိုးရ လက်ထက်တွင် လယ်သမားများအား ကူညီထောက်ပံ့ရန် ဆန်စပါး အမတော်ကြေးအစီအစဉ် ဆောင်ရွက်ခဲ့ရာ၌ အာဏာတာဝန် အလွဲသုံးစား လစ်ဟင်းမှုများ ကျူးလွန်ခဲ့သည်ဆိုကာ ယင်လပ်အား စစ်အစိုးရက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကျေးလက်ဆင်းရဲသားပြည်သူများ အားကိုးသော ရှင်နာဝတ်ထရာ နိုင်ငံရေးအသိုင်းအဝန်းနှင့် ဘုရင့်ဘက်တော်သား စစ်တပ်ထောက်ခံသည့် အထက်တန်းလွှာ နိုင်ငံရေးအုပ်စုကြား အကွဲအပြဲက ကြီးမားစွာ ရှိနေသည်။

Mizzima

No comments:

Post a Comment