Latest News

Wednesday, August 30, 2017

ကုလသမဂ္ဂ၏ ရှုတ်ချမှုကြုံနေရသော်လည်း မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးများထပ်ပစ်လွှတ်မည်ဟု ခြိမ်းခြောက်

ကုလသမဂ္ဂ၏ ရှုတ်ချမှုကြုံနေရသော်လည်း မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးများထပ်ပစ်လွှတ်မည်ဟု ခြိမ်းခြောက်

မြောက်ကိုရီးယားသည် ဂျပန်ကို ကျော်၍ ဒုံးများ ထပ်ပစ်လွှတ်မည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်က ကတိပြုခဲ့ပြီး နျူကလီးယား ပိုင်ဆိုင်သော မြောက်ကိုရီးယားက ပြီးခဲ့သောရက်တွင် ဒုံးပစ်လွှတ်မှုသည် ကန့်လန့်ကာ ဖွင့်လိုက်ခြင်းသာဖြစ်ကြောင်း အခိုင်အမာပြော ကြားခဲ့သည်။ သြဂုတ် ၂၉ ရက်တွင် မြောက်ကိုရီးယားက Hwasong -12 တာလတ်ပစ် ပဲ့ထိန်းဒုံးအား ပစ်လွှတ်ခဲ့မှုသည် ၎င်း၏လက်နက်စီမံကိန်းများကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေစဉ် အရှိန်မြင့်တက်စေသော အဓိက အကြောင်းတစ်ရပ် ဖြစ်စေခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးပစ် လွှတ်ခဲ့မှုအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရွေးချယ်စရာနည်းလမ်းအားလုံး ရှိနေပြီး မြောက်ကိုရီးယားအား အမေရိကန်စစ်ဘက်က ကြိုတင်လက်ဦးမှုယူ၍ အရေးယူ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့မှုကို သွယ်ဝိုက်၍ ၎င်းက ထပ်မံပြောကြားခဲ့သည်။ ပြုံယမ်းအား ပိတ်ဆို့အရေးယူမှု ခုနစ်ကြိမ် ချမှတ်ထားပြီးဖြစ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ လုပ်ရပ်များသည် ဒေသတွင်းကိုသာမက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ်များဖြစ်သော ရုရှားနှင့်တရုတ်တို့က အမေရိကန်ရေးဆွဲသော ယင်းဆုံးဖြတ်ချက် မူကြမ်းအား ထောက်ခံခဲ့ကြသော်လည်း ပြုံယမ်းအား ပိတ်ဆို့အရေးယူမှုသစ် ချမှတ်ရန် သို့မဟုတ် ထပ်မံတင်းကျပ်ရန် ချက်ချင်း မဖြစ်နိုင်သေးပေ။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ အာဘော်များ ဖော်ပြသော ရိုဒေါင်ရှင်မွန်သတင်းစာက ပြုံယမ်းအနီးမှ ဒုံးပစ်လွှတ်မှုအား မှတ်တမ်းတင်ထားသည့် ဓာတ်ပုံ ၂၀ ကျော်အား သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဓာတ်ပုံများအနက် တစ်ပုံတွင် လက်ထောက်များ ၀ိုင်းရံလျက် ကင်သည် အနောက်မြောက် ပစိဖိတ်မြေပုံ ဖြန့်ထားသော စားပွဲတွင်ထိုင်လျက် အလွန်အမင်းပြုံးနေသည်ကို မြင်တွေ့ခဲ့ရသည်။ နောက်တစ်ပုံတွင်မူ ပစ်လွှတ်လိုက်သော ဒုံးအား ကင်က မော့ကြည့်နေခဲ့သည်။ အနာဂတ်တွင် ပစိဖိတ်အား ပစ်မှတ်တစ်ခုအဖြစ် ပဲ့ထိန်းဒုံးများ ထပ်မံပစ်လွှတ် လေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ကင်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။ သြဂုတ် ၂၉ ရက်က ဒုံးပစ်လွှတ်မှုသည် ကျူးကျော်ရန် ကြိုတင် အခြေစိုက်စခန်းဖြစ်သော ဂူအမ်အား ထိန်းချုပ်ရန် အရေးပါသောရှေ့ပြေးဖြစ် ကြောင်း၊ ပြုလုပ်နေဆဲဖြစ်သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအား တန်ပြန်ရန် မြောက်ကိုရီးယား၏ ခိုင်မာသော ဆုံးဖြတ်ချက်အတွက် ကန့်လန့်ကာဖွင့်လိုက် ခြင်းဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ယင်းဒုံးသည် အကွာအဝေးကီလိုမီတာ ၂၇၀၀ (မိုင် ၁၇၀၀) အထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံး အမြင့်ကီလိုမီတာ ၅၅၀ အထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဂူအမ်သို့ပစ်ခတ်မည့် မည်သည့်ဒုံးမဆို မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ပစ်ရမည်ဖြစ်ရာ ပြုံယမ်းသည် သတ်မှတ်စည်းကို မကျော်စေဘဲ သတင်းစကားပေးပို့ရန် ယခုကဲ့သို့ တာလတ်ပစ် ဒုံးပစ်လွှတ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment